Sunday, May 3, 2009

စပါးလှေ့ချိန်

သုအိုင်စံ

မုန်တိုင်းတွေ ကစုန်စိုင်း ထန်းရေမူးလေ့ရှိတဲ့ ရွာမှာ
ငါနေတယ်
အမှား အမိုက်တွေနဲ့ စပါးစိုက်ထားတဲ့ လယ်မှာ
လယ်လုပ်တယ်
စပါးစိုက်ပေမဲ့ မစားလိုက်ရတာတွေလည်းရှိတယ်
ငါ့လယ်တဲကို
၃ ခေတ် ပိုးစားနေတဲ့ ၃ နှစ်ဝါးပိုးဝါးနဲ့ ဆောက်တယ်
မြန်မာ့ရိုးမတောင်တန်းပေါ်က
ငါခိုးဖြတ်လာတဲ့ တောင်ထန်းတွေနဲ့ ခေါင်မိုးတယ်
ပြီးတော့
ဘားတိုက်ထဲလှောင်ထားတဲ့ နွားအမိုက်အမဲတွေနဲ့လယ်ထွန်တယ်
ဒီကောင်တွေထဲမှာက
ပဲဖတ်စားရတဲ့နွားရှိသလို၊ ရိုးဖြတ်မ၀ါးရတဲ့နွားလည်းရှိတယ်
တခါတခါ ဒီကောင်တွေ ထခွေ့ကြရင်ငါ စိတ်ညစ်တယ်
ငါ့မှာ
မတရားပါတီထောင်တားတဲ့ နွားညီနောင်တစ်စုံ လည်းရှိတယ်

အမှားအလီလီလှောင်ထားတဲ့ စပါးကျီတစ်ဆောင် လည်းရှိတယ်
ရွာဘေးနားတ၀ိုက် စာကလေးများတသိုက်က
ငါ့လယ်ထဲ စပါးလာစားကြတဲ့အခါ
ငါက ဂျီသရီး ဂျီဖိုး တွေနဲ့ ထ ထ ပစ်တယ်
ဒီကောင်တွေက
အကောင်သေးတော့ အရှောင်မြန်တယ်၊ ရှင်းရခက်တယ်
တခါတခါ ငါစဉ်းစားတယ်
ဒီစာကလေးတွေဟာ ဒီရွာ ဒီလယ် တ၀ိုက်မှာပဲ
အတောင်အတောင်ချင်းရိုက် နှုပ်သီးနှုပ်သီးချင်းကိုက်
အသိုက်ဖွဲ.မျိုးဆက်ပွား
ဒီကောင်တွေကို ငါသုတ်သင်ခွင့်ရှိပ့ါမလား
ဒါဟာဒီကောင်တွေရဲ့ ဇာတိမြေပဲမဟုတ်လား
ငါက ဦးနှောက်နဲတော့ င့ါစဉ်းစားမှု အဖြေမရခင် ရပ်ရပ်လိုက်တယ်
ဒီနှစ်တော့
ဒီကောင်တွေကို ပရိယာယ်နဲ့အိမ်လည်ဖိတ်ထားတယ်
ပြီးတော့ ကြွက်သတ်ဆေးလိမ်းထားတဲ့စပါးတွေနဲ့ ဧည့်ခံမယ်
ငါ့အကြံမမိုက်ဘူးလား၊ဟား ဟား ဟား ဟား………
နှစ်ထောင့်တစ်ဆယ်ဆိုတဲ့လယ်ထဲမှာ
စာကလေးတွေနဲ့ငါ လုံးထွေးသတ်ပုတ်တိုက်ခိုက်
ငါမသေဆုံးလိုက်ပါဘူး ဦးနှောက်ကိုအတွေးအခေါ်မှန်သွားရုံလေး
ငါ့ကိုယ်ငါပြန်မြင်လိုက်တာ စာကလေးတစ်ကောင်အဖြစ်နဲ့
ငါ့နွားတွေကိုငါပြန်မြင်လိုက်တာ စာကလေးတွေအဖြစ်နဲ့
စာကလေးစကားတွေပြောလို့
(ကျလိ ကျလိ ကျလိ ကျလိ ကျလိ ကျလိ ကျလိ ကျလိ ကျလိ)
အဓိပ္ပါယ်ကဘာလဲ။ လူစကားနဲ့ဆိုရင်တော့
ငါတို့တပ်မတော် ပြည်သူ့ဘက်က ရပ်တည်လိုက်ကြပြီဟေ့။ ။

သုအိုင်စံ

1 comments:

Anonymous said...

တပ်မတော်က ဒီရွေးကောက်ပွဲမှာ ပြည်သူဘက်က ရပ်တည်ပေးပါ။ ဆိုးမိုက်ခဲ့တာလည်း နှစ်တွေကြာခဲ့ပြီ။ လူတစ်စု မှားယွင်းဦးဆောင်မှုအောက်ပဲ တကောက်ကောက်လိုက်မနေနဲ့။ အချိန်ကုန်တယ်။ ကိုယ့်တိုင်းပြည်ကောင်းစားရေး၊ ကိုယ့်လူမျိုးကောင်းစားရေးလေး ထလုပ်ပါဦး။