ခေတ်ပြိုင်-မင်းနိုင်သူ၊ ဖေဖေါ်ဝါရီလ ၄ ရက် ၂၀၀၉
စီးပွားရေးကျဆင်းလာမှုနှင့်အတူ အလုပ်သမားဦးရေ လျှော့ချခံရခြင်း၊ ငွေတန်ဖိုးလျော့ကျလာခြင်းတို့ကြောင့် ၀န်ထမ်းများ အခက်တွေ့နေကြရကြောင်း ပြည်တွင်းဝန်ထမ်းများက ပြောသည်။
ကြေးစင်တောင်၊ စံပယ်တောင်တို့တွင် လုပ်ကိုင်နေသော မြန်မာ-ကနေဒါ ဖက်စပ် ကြေးထုတ်လုပ်ရေး လုပ်ငန်းခွင်တွင် ၀န်ထမ်းဦးရေ လျှော့ချခဲ့ကြောင်း၊ မြန်မာ့သြဘာစိုက်ပျိုးရေး ဆေးကုမ္ပဏီကလည်း ယခင်လပိုင်းအတွင်း ၀န်ထမ်း (၇၀) ဦးထက်မနည်း လျှော့ချခဲ့ကြောင်း လျှော့ချခံဝန်ထမ်းများက ပြောသည်။
ကြေးစင်တောင်လုပ်ငန်းခွင်မှ အင်ဂျင်နီယာတဦးက “အများဆုံးလျှော့ချခဲ့တာက နေ့စားတွေပါ။ ဒါတွေကတော့ အရင်ကလည်း လိုတဲ့အခါ ခန့်လိုက်၊ မလိုတဲ့အခါ ဖြုတ်လိုက်ပါပဲ။ အရာရှိဝန်ထမ်းတချို့ ပါသွားတယ်ဆိုတာ လည်း ဟုတ်ပါတယ်။ ဒါပေမယ့် အနည်းအကျဉ်းပါ” ဟု ဆိုသည်။
အဆိုပါလုပ်ငန်းတွင် မြရိပ်၊ ရွာသာ၊ ဒုံးတော၊ ကံကုန်း၊ ရေသဘင်၊ ထန်းတောကြီး စသည့် ရွာဆယ်ရွာကျော်မှ ဒေသခံများက နေ့စားဝန်ထမ်းများအဖြစ် လုပ်ကိုင်နေကြရာ ယခုအခါ ၀န်ထမ်းလျှော့ချနေပြီဖြစ်သဖြင့် ဒေသခံ အများအပြား အလုပ်လက်မဲ့ဖြစ်နေရသည်။
“သူတို့က ကျနော်တို့လို နေ့စားတွေအပြင် အရာရှိပိုင်းတွေကိုလည်း အလုပ်ဖြုတ်နေတာပါ။ ဦးသန်းဆွေတို့ အုပ်စုဆို အရာရှိတွေပါပဲ။ သူတို့လည်း အလျှော့ခံရတာပဲ။ ထုတ်မပြောရဲကြလို့သာပါ။ ၀န်ထမ်းပေါင်း နှစ်ထောင်လောက်ကို လျှော့ချခဲ့တာပါ။ ကျနော်တို့က တရက်ကို နှစ်ထောင်ရပါတယ်။ အခု အလုပ်မရှိတော့ ခက်တာပဲ” ဟု နေ့စားဝန်ထမ်းတဦးက ပြောသည်။
အဆိုပါ ကြေးနီထုတ်လုပ်ရေးလုပ်ငန်းကို မြန်မာစစ်အစိုးရနှင့် ဖက်စပ်လုပ်ကိုင်ရန် အိုင်ဗင်ဟိုးကုမ္ပဏီက ၁၉၉၄ ခုနှစ်တွင် သဘောတူလုပ်ကိုင်ခဲ့ခြင်းဖြစ်ကာ ယခုအခါ ယင်းလုပ်ငန်းခွင်ကို တရုတ်ကုမ္ပဏီထံ လွှဲပြောင်းပေးရ တော့မည်ဖြစ်ကြောင်း သတင်းများပေါ်ထွက်နေသော်လည်း ခေတ်ပြိုင်က သီးခြားအတည်ပြုချက် မရသေးပေ။
ဝန်ထမ်းလျှော့ချခဲ့သည့် မြန်မာ့သြဘာစိုက်ပျိုးရေးဆေးကုမ္ပဏီကို ဆက်သွယ်မေးမြန်းရာ သုံးကြိမ်တိုင်တိုင် တာဝန်ယူ ပြန်ကြားခြင်းမပြုဘဲ အစည်းအဝေးပြုလုပ်နေပါသည်ဟုသာ ပြန်ကြားခဲ့သည်။ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းမှ ၎င်းတို့၏ အရောင်းကိုယ်စားလှယ်ကြီးများကမူ ထိုကဲ့သို့ လျှော့ချခဲ့သည်မှာ မှန်ကန်ကြောင်း အတည်ပြု ပြောဆိုသည်။
“ဇန်န၀ါရီလဆန်းပိုင်းကစပြီး လျှော့ချလိုက်တာပါ။ ၀န်ထမ်း (၇၀) ကျော်၊ (၈၀) နီးပါးတော့ ရှိမယ်။ ကွင်းဆင်းဝန်ထမ်းတွေက အများဆုံးဖြစ်ပြီး ဧရိယာမန်နေဂျာတွေလည်း ပါပါတယ်။ ဧရိယာမန်နေဂျာဆိုတာ တိုင်းမှူးလိုပေါ့။ တိုင်းတခုလုံးကို ကိုင်ရတာ။ သူတို့က ကားနဲ့ လစာနှစ်သိန်းလောက်ရကြတယ်။ ကွင်းဆင်း ၀န်ထမ်းတွေကတော့ ငါးသောင်းဝန်းကျင်ရကြတာ။ ကိုယ့်ဆိုင်ကို လာနေကြ ၀န်ထမ်းတွေ မတွေ့ရတော့ စိတ်မကောင်းဖြစ်ရတယ်။ နောက် သူတို့ စားဝတ်နေရေးအဆင်ပြေပါ့မလား ပူမိတယ်” ဟု မန္တလေးကိုယ်စားလှယ်တဦးက ပြောသည်။
ယင်းကဲသို့ ၀န်ထမ်းဦးရေလျှော့ချလာမှုများမှာ ရန်ကုန်တွင်လည်း အမြောက်အမြားဖြစ်နေပြီဖြစ်ကြောင်း၊ အက်ဖ်အီးစီရ ၀န်ထမ်းအချို့လည်း အက်ဖ်အီးစီ ဈေးကျဆင်းနေခြင်းကြောင့် ကျပ်တည်းနေကြကြောင်း ပြည်တွင်းသတင်းထောက်တဦးက ဆိုသည်။
၂၀၀၈ ခု နှစ်ကုန်ပိုင်းတွင် အက်ဖ်အီးစီတယူနစ်လျှင် (၁,၂၀၀) ၀န်းကျင်ရှိနေရာမှ တဖြည်းဖြည်း လျော့ကျလာကာ ယနေ့ပေါက်ဈေး ကျပ် (၉၉၀) သာရှိကြောင်း ငွေလဲလှယ်သူများထံမှ သိရသည်။
“ဒီမှာလည်း လျှော့နေကြတာပါပဲ။ ငါးယောက်လောက်ရှိတဲ့ လုပ်ငန်းရှင်က တယောက်လျှော့၊ နှစ်ယောက်လျှော့ဆိုတော့ ၀ုန်းဒိုင်းဆိုပြီးသာ လူမသိလိုက်တာ ၀န်ထမ်းလျှော့တာတွေတော့ ဖြစ်လာပါပြီ။ ဒါမျိုးတွေကြ ကျနော်တို့က ရေးလို့လည်းမရဘူး။ ဘယ်သူ့ဆီမှလည်း အတည်ပြုချက်တောင်းလို့ရမှာ မဟုတ်ဘူး။ အလုပ်သမားဝန်ကြီးဌာနဆိုတာကလည်း ဒီလိုကိစ္စမျိုးကို စာရင်းတောင် ပြုစုပါ့မလားမသိဘူး။ အဲ…အမေရိကန်စီးပွားရေးကျလို့ အလုပ်သမားဘယ်လောက် အလုပ်လက်မဲ့ဖြစ်သွားပြီဆိုတဲ့ သတင်းမျိုးကိုတော့ သတင်းစာကနေကို စာလုံးမဲကြီးနဲ့ ထည့်တယ်။ ကျနော်တို့ဂျာနယ်တွေက အခုလို ပြည်တွင်းဝန်ထမ်း လျှော့ချမှုတွေအကြောင်းရေးလို့ကတော့ တခါတည်း ချိပ်ပိတ်မှာပဲ” ဟု သတင်းထောက်က ပြောသည်။
Thursday, February 5, 2009
ကုမ္ပဏီအချို့ ၀န်ထမ်းလျှော့ချ အက်ဖ်အီးစီရ ၀န်ထမ်းများလည်း အကျပ်တွေ့
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment