Thursday, February 5, 2009

ထီစောင်ရေ ထပ်မံလျှော့ချ ထီ အက္ခရာတလုံးလျော့တိုင်း အစိုးရအခွန် ကျပ် (၆၅) သန်းကျော် ထိခိုက်

ခေတ်ပြိုင်၊ ဖေဖေါ်ဝါရီလ ၄ ရက် ၂၀၀၉

ထီကိုယ်စားလှယ်များနှင့် ထီအရောင်းဆိုင်တို့ ရောင်းအားမကောင်းဘဲ လက်ကျန်ထီများနေကာ အရှုံးပေါ်နေသည့်အတွက် အစိုးရ အောင်ဘာလေ သိန်းဆုဌာနက (၂၄၂) ကြိမ်မြောက်အတွက် အက္ခရာ (၂၆) လုံးသာ ထုတ်ဝေကြောင်း ထီကိုယ်စားလှယ်များထံမှ စုံစမ်းသိရသည်။

ထီကိုယ်စားလှယ်တဦးက “ကျနော်တို့က ဒီထက်ပိုပြီး လျှော့ချစေချင်တယ်။ ဒါပေမယ့် အစိုးရကတော့ သူတို့ အခွန်လျော့ကျမှာ စိုးရိမ်ပြီး အခြေအနေကိုကြည့်ပြီး တဖြည်းဖြည်းပဲ လျှော့ချမယ်လို့ ပြောတယ်။ အစိုးရက ကျနော်တို့ ကိုယ်စားလှယ်တွေကို ရောင်းပြီးတာနဲ့ သူ့အတွက် အခွန်ဘယ်လောက်ရမယ်ဆိုတာ ကျိန်းသေသွားပြီ။ ကျနော်တို့တွေသာ ရောင်းမကုန်ရင် လက်ကျန်များရင် များသလောက် အရှုံးပေါ်တာ” ဟု ပြောသည်။

အောင်ဘာလေ သိန်းဆုဌာနမှ အမည်မဖော်လိုသူ အရာရှိတဦးကမူ အစိုးရအနေဖြင့် လောလောဆယ် ထီအက္ခရာတခု လျော့ထုတ်တိုင်း ကျပ် (၆၅) သန်းကျော် အခွန်ငွေ လျော့ကျကြောင်း၊ ကျပ် (၂ဝဝ) တန် ထီလက်မှတ် စတင်ထုတ်ဝေသည့် (၂၄ဝ) ကြိမ်မြောက်တုန်းက အက္ခရာ အလုံး (၃ဝ)၊ (၂၄၁) ကြိမ်တွင် (၂၉) လုံး၊ ယခု (၂၄၂) ကြိမ်တွင်မူ (၂၆) လုံး (၂) လအတွင်း အက္ခရာ (၄) လုံးလျော့ပြီး ထုတ်ဝေရ၍ အခွန်ငွေ စုစုပေါင်း သန်း (၂၆ဝ) ခန့် လျော့ကျသွားကြောင်း ရှင်းပြသည်။

၎င်းက ဆက်လက်၍ “ဒါဟာ မူလ ရည်ရွယ်ထားတဲ့ တလကို အခွန် ကျပ် သန်း (၂,ဝဝဝ) လျာထားချက်နဲ့ဆို (၁၃) ရာခိုင်နှုန်းလောက် လျော့နည်းနေပြီး နောက်ထပ်လည်း လျော့နည်းလာနိုင်စရာ ရှိသေးတယ်လို့ ဆိုပါတယ်။ ဒီအတွက် တနှစ်စာ အခွန် ကျပ်ငွေ (၂၄) ဘီလီယံလည်း ဘယ်လိုမှ ပြည့်မီနိုင်မှာ မဟုတ်ဘူး” ဟု ပြောသည်။

ယခုလက်ရှိ ထီဈေးကွက်တွင် (၂၄၂) ကြိမ်မြောက် အောင်ဘာလေ သိန်းထီ လက်မှတ်များကို လက်လီ တစောင်ချင်း ကျပ် (၂ဝဝ) ဖြင့်သာ စတင် ဈေးဖွင့်ရောင်းချနေပြီး (၂၆) စောင်ပါ မင်္ဂလာစုံတွဲ ထီလက်မှတ်များကိုမူ တတွဲချင်း ကျပ် (၅ဝဝဝ) ခန့်သာ ရောင်းချပြီး တစ်စောင်ကို ကျပ် (၂ဝဝ) အောက်လျော့ကျနေသည်။

ထီဝယ်လိုအား မရှိ၍ ယခုကဲ့သို့ ဈေးလျှော့ရောင်းချနေခြင်းဖြစ်ကြောင်း၊ နိုင်ငံနှင့် ပြည်သူများအနေဖြင့် ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့်ရော၊ ပြည်တွင်းအခြေအနေအရပါ စီးပွားရေးကျဆင်းနေချိန် စစ်အစိုးရက အခွန်အတုတ် ပိုမိုကောက်ခံရရှိရေးကိုသာ သဲသဲမဲမဲ ဆောင်ရွက်နေရာ ယခု အောင်ဘာလေသိန်းဆုဌာန ထီလက်မှတ်ဈေးနှုန်း နှစ်ဆမြင့်တင်မှုသည်လည်း တခုအပါအဝင်ဖြစ်ကြောင်း ထီကိုယ်စားလှယ်များက ပြောသည်။

ပြီးခဲ့သည့်နှစ်အထိ တလ ထီ (၁ဝ) စောင်ခန့် ပုံမှန် ကံစမ်းအားပေးနေသည့် ဗိုလ်ချုပ်ဈေးအတွင်းမှ ပုလဲ ရောင်းချသူ အမျိုးသမီးတဦးက ထီလက်မှတ် တစောင် ကျပ် (၂ဝဝ) တိုးမြှင့်ပြီး နောက်ပိုင်း ယခု တလကို (၂) စောင်ပဲ ထိုးကြောင်း ပြောသည်။

ယခုအခြေအနေအတိုင်း ဆက်သွားပါက ထီကိုယ်စားလှယ်များနှင့် ထီဆိုင်များ ဆက်လက် အရှုံးပေါ်နိုင်ပြီး အစိုးရ အောင်ဘာလေ သိန်းဆုဌာန အနေဖြင့်လည်း လာမည့်လများတွင် ထီလက်မှတ် စောင်ရေ လျော့နည်းထုတ်ဝေသွားရန်သာ ရှိကြောင်း ဈေးကွက်အတွင်းက စုံစမ်းသိရသည်။

0 comments: