(၃)။
မတွေ့တာကြာပြီဖြစ်သော သူငယ်ချင်းတွေနှင့်အတူနေထိုင်ရင်း ရုံးသို့လည်း မပြန်ချင်တော့။ ၎င်းကာလတွင် အတွေးအခေါ်တို့ပျံ့ကျဲနေပြီ ဖြစ်သည်။ အေဘီအက်စ်ဒီအက်ဖ် ၂ ဖွဲ့ကွဲနေချိန်။ တောထဲမှ ကျနော်တို့တပ်ဖွဲ့ဝင်တော်တော်များများ ဘန်ကောက်ရှိ UNHCR ထံ ဒုက္ခသည်အဖြစ် ခံယူလိုက်ကြချိန်လည်း ဖြစ်သည်။
ထိုင်းရဲများ၏ ဖမ်းဆီမှုမခံရစေရန် ဆင်ခြေတခုကို အကြောင်းပြပြီ ကျနော်လည်း ဘန်ကောက်တွင် နေထိုင်ရင်း UNHCR ဒုက္ခသည် စာရင်းဝင်သွားသည်။
၎င်းကာလတွင် UNHCR မှ မြန်မာကျောင်းသားများအတွက် လစဉ် ထိုင်းငွေ (၃၀၀၀) ဘတ် ထောက်ပံ့သည်။ ဒုက္ခသည်အဖြစ်ရာထားခံရသူက (၈၀၀) ဘတ် ထောက်ပံ့သည်။ ကျနော်က ရာထားခံရသူသာ။ မြန်မာကျောင်းသား ဒုက္ခသည်မဖြစ်သေး။
ဘန်ကောက်သည် အလွန်ပူသည်။ ကျနော်တို့နေသော apartment အခန်းသည် နေ့ဘက်တွင် ဘန်ကောက်ရာသီဥတုကြောင့် ပူလောင်မွန်းကြပ်လျှက်။ apartment အနီးတွင် The Mill ကုန်တိုက်ရှိသည်။ ၎င်းကုန်တိုက်တွင် အဲယားကွန်းရှိသဖြင့် ဘန်ကောက်၏ ပူလောင်မွန်းကြပ်မှုအား ဖြတ်သန်းသည်။ The Mill ကုန်တိုက်၏ အပေါ်ဆုံးအထပ်ရှိ ကော်ဖီဆိုင်သည် ကျနော်တို့အတွက် နားခိုရာ။ melody music ကို တနေ့လုံးဖွင့်ပေးသဖြင့် ပျံ့လွင့်လာသော ဂီတသံများ နားထောင်ရင်း စာဖတ်သည်။ စာဖတ်ရန်အလွန်ကောင်းသောနေရာ ဖြစ်သည်။ ညဘက်တွင် apartment အဆောက်အဦး၏ အပေါ်ဆုံးလဟာပြင်တွင် ဘန်ကောက်မြို့အလှအပကို ခံစားရင်း ဖြတ်သန်းသည်။ ဆန္ဒပြပွဲတွင်လိုက်ပါရန်လာခေါ်လျှင် ဘန်ကောက်မြန်မာသံရုံးရှေ့တွင် ဆန္ဒပြသည်။
တလနီးပါးခန့် မြန်မာကျောင်းသားတို့၏ ဘန်ကောက်ယဉ်ကျေးမှုအား ဖြတ်သန်းရင်း ကျနော်အား UNHCR ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလိုက်သည်။ မြန်မာကျောင်းသားတို့ အများစုနေထိုင်ရာ မနီလွိုင်မြန်မာကျောင်းသားစခန်း (save camp) သို့ သွားရောက်နေထိုင်ရန်အတွက် UN ရုံးမှ စီစဉ်ပေးသည်။
မနီလွိုင်မြန်မာကျောင်းသားများစခန်း။ မနီလွိုင်စခန်းတွင် မြန်မာကျောင်းသားများ တသောင်းနီးပါးခန့်နေထိုင်ကြသည်။ စခန်းတွင် UN1, UN2 … စသဖြင့် ဘားတိုက်ကြီးများဖြစ်နေထိုင်ရသည်။ ဘားတိုက်တခုတွင် လူပေါင်း (၁၀၀) ကျော် ခန့်နေထိုင်ကြသည်။ စခန်းတွင် ကိုထွန်းထွန်း (၈၈၈၈) လက္ဘရည်ဆိုင်တခုရှိသည်။ ၎င်းဆိုင်တွင် ကျနော်တို့ မြန်မာကျောင်းသားများ စခန်းတွင်နေထိုင်စဉ် လပေးစနစ်ဖြင့် သောက်သည်။ ထိုလက္ဘရည်ဆိုင်သည် မြန်မာကျောင်းသားတို့၏ ဆုံဆည်းရာ၊ အသိအမြင်ဖလှယ်ရာ၊ လျိုဝှက်ချက်တို့ဆွေးနွေးရာ နေရာလေးတခု။ ဘန်ကောက်မြန်မာသံရုံးစီးနှင်းမှုမတိုင်မီ ကျနော်တို့စကားအခြေအတင်ဖြစ်ခဲ့ရသောနေရာ။
“ဒီစခန်းက ကျောင်းသားတွေရဲ့ နောက်တန်းစခန်းတခုလို ဖြစ်တယ်၊ ခင်ဗျားတို့လုပ်နိုင်ရင် ထောက်ခံပြီးသာပါ။”
ကျနော်က ကျော်ကျော်(အစားထိုးအမည်) အား ပြောသည်။ သူတို့နှင့်အလုပ်အတူလုပ်ဖို့ သဘောထား မပေး။
“ခင်ဗျားတို့ လူနာအခြေအနေကောင်းသွားပြီးလား”
ဟန်ဝင်းအောင်က ကျော်ကျော်အားစကားလမ်းကြောင်းလွဲ၍ မေးသည်။ ကျော်ကျော်တို့သည် ဤစခန်းသို့ရောက်လာသည်မှာ မကြာသေး။ တိုက်ပွဲတွင် ဒဏ်ရာရထားသော လူနာတချို့လည်း သူတို့နှင့်အတူပါရှိလာသည်။ ထိုအချိန်က သူတို့သည် စခန်းတွင်နေထိုင်မည်။ အလုပ်လုပ်လျှင် တောထဲသို့သွားမည်။ အလုပ်ပြီးလျှင် စခန်းသို့ပြန်လာပြီး နေထိုင်ရန်ဖြစ်သည်။ ထိုအချိန်က သူတို့၏အစီအစဉ်သည် ဘန်ကောက်သံရုံးကိစ္စဟု မထင်။
“ခင်ဗျား - သူငယ်ချင်းက ဂေါက်နေတယ်ထင်တယ်”
ဟန်ဝင်းအောင်က ကျော်ကျော်၏ခေါင်းတွင် မိုင်းဒါဏ်ရာရထားသည်ကို သိသဖြင့် ကျနော့်အား ပြောသည်။ ကျော်ကျော်နှင့်ကျနော်က ဘားတိုက်တွင် ဘေးချင်းကပ်နေရာရသဖြင့် မနီလွိုင်စခန်းရောက်မှ ဖြစ်လာသော ဘောဒါအသစ်။ တော်လှန်းရေးသမား အချင်းချင်းမို့ ရင်းနှီးလာသော သူငယ်ချင်းအသစ်။ တခါတရံ ကျော်ကျော်သည် သူ့ထံတွင်ရှိသော အဆောင် (တိုက်ပွဲဖြစ်လျှင် ကျည်လွဲသည်ဟု ဆောင်ထားသော အင်းပြားများ၊ ဘုရားဆင်တုတော်) များအား ကျနော်အား ပြသည်။
ကျည်လွဲလား မလွဲလားတော့ မသိ။ ဘန်ကောက်သံရုံးစီးနှင်းမှုအပြီး၊ ရပ်ဘူရီဆေးရုံးစီးနှင်းမှုတွင် ကျော်ကျော်၏ အလောင်းဓါတ်ပုံကို တွေ့သည်။
မနီလွိုင်စခန်းတွင်နေထိုင်လျှင် တလလျှင်တကြိမ် ဘန်ကောက်သို့ အလည်သွားခွင့်ရှိသည်။ ထိုင်းအာဏာပိုင်မှ ခရီးသွားခွင့်လက်မှတ်လုပ်ပေးသည်။ ကျနော်ဘန်ကောက်မြို့သို့ လည်ပတ်ရန် လက်မှတ်သွားလုပ်သည်။ ဘန်ကောက်တွင် ခင်မောင်ချိုအခန်းတွင် ခိုလုံသည်။ ခင်မောင်ချိုအခန်းတွင် ကိုသားဆွေ(ဗကသ) တခါတရံ လာ၍ ခိုလုံသည်။ တခါတရံ ကိုရဲသီဟ လာ၍ အလုပ်လုပ်သည်။ ခင်မောင်ချိုအခန်းသည် အခြားသော မြန်မာကျောင်းသားများ၏ အခန်းထက် ပို၍ လုံခြုံသည်ဟု ထင်မှတ်ရသည်။
ထိုအချိန်မှစ၍ ကျနော်၏လေလွင့်ခြင်းခရီးစဉ်ကို အဆုံးသတ်ရန် ဆုံးဖြတ်သည်။ သီးခြားခရီးစဉ်လည်း ပြီးဆုံးပြီး။ ဘန်ကောက်ရုံးသို့ ဖုန်းဆက်သည်။ သူငယ်ချင်းတွေကို ဖုန်းဆက်သည်။ The Mill ကော်ဖီဆိုင်တွင် ကော်ဖီသောက်ရင် နောက်ဆုံးနှုတ်ဆက်ပွဲလုပ်သည်။
(အမှန်တရား။ ။ ကော်ဖီ၊ ၅ ၊စီးကရက် တို့သည် ကျတော်တို့၏ ဘန်ကောက် ယဉ်ကျေးမှုဖြစ်သည်။)
ရုံးသို့အပြန်တွင် ရုံးမရာက်ခင် ကောင်းကောင်းနှင့် လမ်းလျှောက်ချင်သဖြင့် ကားပေါ်မှဆင်းပြီး ပလက်ဖောင်းအတိုင်း လမ်းလျှောက်ပြန်သည်။ ရှေ့လုပ်ရမည့် အစီအစဉ်အချို့အားစဉ်းစားသည်။ ဘန်ကောက်ညလေးအေးတို့က တဖြူးဖြူး။
“နေမျိုး ။ ဟေ့ကောင် - နေမျိုး”
လက်ခုတ်တီးသံနှင့် လှမ်းခေါ်သံကြားသဖြင့် နောက်ပြန်၍ ဘေးဘက်သို့လှမ်းကြည့်သည်။ ဆိုင်တခုအတွင်းမှ ကိုဘစော လှမ်းခေါ်နေသည်ကို မြင်ရသည်။ ဆိုင်ထဲသို့ ၀င်လိုက်သည်။ ဆိုင်သည် မိသားစုပိုင်ဆိုင်လေးတခု ဖြစ်မည်ထင်သည်။ အခန်းတွင် စာပွဲဝိုင်း ၈ ၀ိုင်းခန့်တွေ့ရသည်။ လူရှင်းနေသည်။ ဆိုင်ထဲတွင် ကဗျာဆရာ ကိုလွဏ်ဏီနှင့် ပန်းချီးဆရာ ကိုမင်းကျော်ခိုင်တို့ကို တွေ့ရသည်။
“မင်းဘယ်သွားမလို့လဲ”
ကိုလွမ်းဏီက မေးသည်။
“ရုံးပြန်မလို့ပါ”
ကျနော်က ပြန်ဖြေသည်။ ကျနော်ရုံးမှထွက်သွားသည်ကို ကိုလွမ်းဏီသိသည်။ ကိုလွမ်းဏီသည် ထိုအချိန်က ပြန်ကြားရေးတာဝန်ခံ (ဗဟိုကော်မတီ)။ ဘန်ကောက်ရုံးတွင် တာဝန်ကျသည်။
“အေး - ကောင်းတယ်။ ဒီမှာ နည်းနည်းသောက်”
ဟု ပြောသည်။ ၄ ယောက်သာ သောက်လိုက်၊ စကားပြောလိုက်နှင့်။ ကျနော်လည်း ၅ နှင့် ဆန်ဆောင်နှင့်ရောသွားသည်။ ဦးနှောက်ရှိ တွန့်ခေါက်အေရိယာတို့ လျင်မြန်စွာ လှုပ်လာသည်။ နိုင်ငံရေးစကားသံတို့ ခေါင်းထဲသို့ ၀င်တချက်၊ မ၀င်တချက်။
နောက်ပိုင်း ဘာတွေ ဖြစ်သွားသည်မသိ။ စကားတော့များကြသည်။ ကျနော် ထပြန်လိုက်သည်။ ကိုဘစောထွန်းက ငါ၊ လိုက်ပို့မည်ဟု ပြောသံကြားသည်။ ကျနော်မသိတော့။
(ထိုနေ့မှစ၍ ကိုလွမ်းဏီက ကျနော်နှင့်သောက်ရန် လန့်သွားတော့သည်။)
ရုံးပြန် လမ်းတလျှောက် အနည်းငယ် စိတ်တည်ငြိမ်လာသည်။
“ဟေ့ကောင် - နေမျိုး”
ကိုဘစောထွန်းက နောက်မှလိုက်လာရင်ခေါ်သည်။ ကျနော်စောင့်နေလိုက်သည်။ ကိုဘစောထွန်း၏ လက်တဖက်တွင် ချိုင်းထောင့်နှင့်။ ကိုဘစောထွန်းက မယ်နယ်ပလောခံစစ်တွင် မိုင်းနင်း၍ ဘန်ကောက်တွင် ဆေးကုသမှုခံယူနေချိန်တွင် ဖြစ်သည်။
“လာ - ရုံးအတူတူပြန်မယ်”
လမ်းတွင်ကိုဘစောက ကျနော့်အား ချော့သည်။ လမ်းဘေးစတိုးဆိုင်တွင်ဝင်၍ အမူးပြေစေရန် ဒိန်ချည်ဗူးများ ၀ယ်ပြီ ပေးသည်။ ရုံးသို့ရောက်သည်။ ရုံးတွင် ကိုကျော်ခိုင်မိသားစုနှင့် ကိုမိုးကျော်တို့အား ပြန်တွေ့သည်။ သူတို့သည် UNHCR ဒုက္ခသည်အဖြစ်ခံယူရန် ရှိနေခြင်းဖြစ်ကြောင်း သိရသည်။ကိုကျော်ခိုင်နှင့်ကျနော်တို့ တပ်ဖွဲ့အကြောင်း စကားအနည်းငယ်ပြောဖြစ်သည်။
နောက်နေ့မနက်တွင် ကိုအောင်သူငြိမ်းက နယ်စပ်ပြန်မည့်ဖြစ်၍ ခရီးစဉ်ကြုံသဖြင့် မနက်စောစောထပြီ နယ်စပ်ခရီးကို စတင်သည်။
Sunday, February 22, 2009
လွမ်းအတိတ် အရိပ်ပမာ
Posted by
nanda
at
10:37 PM
Labels: အက်ဆေး/၀တ္ထုတို
Subscribe to:
Post Comments (Atom)
2 comments:
where can i find 1&2 article? pls
where can i find 1&2 article? pls
Post a Comment