Sunday, February 22, 2009

အကျဉ်းသား ၆၀၀၀ ကျော်ကို ယနေ့ညနေတွင် စတင်လွှတ်

ဧရာဝတီ-ကိုစိုး၊ ဖေဖော်ဝါရီလ ၂၁ ရက် ၂၀၀၉

စစ်အစိုးရက ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရန်အတွက် အကျဉ်းသား ၆၀၀၀ ကျော်ကို ယနေ့ ညနေပိုင်းတွင် စတင်၍ ပြန်လွှတ်ပေးကြောင်းသိရသည်။

ယနေ့ ပြန်လွတ်လာသူများထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) စမ်းချောင်းမြို့နယ် ဥက္ကဌ ဦးသက်ဝေ ပါဝင်သည်ဟု အင်းစိန်ထောင် ၀န်ထမ်းအသိုင်းအ၀န်းက ပြောသည်။

“အခုလေးတင်ပဲ သူအပါအ၀င် ကားပေါ်မှာ ၁၁ ဦးလို့ ကားပေါ်ကနေ ဦးသက်ဝေ လှမ်းအော်ပြောသွားတယ်”ဟု အင်းစိန် ထောင်ဝန်ထမ်းတဦးက ပြောသည်။

အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကလည်း“ဦးသက်ဝေနဲ့ အမှုတတွဲတည်းက လူတွေအားလုံးလွတ် တယ်လို့ကြားတယ်၊ ဒီနေ့ အင်းစိန်ထောင်က လူ ၄၀ ၀န်းကျင်လောက် ထွက်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဦးသက်ဝေကို ၂၀၀၈ ခု စက်တင်ဘာလအတွင်းက ပုဒ်မ ၃၅၃ ၀တ္တရားနှောင့်ယှက်မှုနှင့် ရန်ကုန်တိုင်း ပန်းပဲတန်း မြို့နယ် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်၂ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဦးသက်ဝေ အသက်(၅၄)နှစ်သည် လောင်စာဆီဈေးနှုန်းကျဆင်းရေး တကိုယ်တော်ဆန္ဒပြသောကြောင့် နိုင်ငံရေး မှုဖြင့်ထိန်းသိမ်းခံရသည့် ဦးအုန်းသန်း၏ ကျောက်တံတားတရားရုံးတွင်ရုံးထုတ်ရာသို့ ၂၀၀၈ခုနှစ် ဇန်န၀ါရီ ၉ ရက် နေ့ က သွားရောက်တွေ့ဆုံရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO သို့ မြန်မာနိုင်ငံတွင် ကလေးစစ်သား အသုံးပြုမှု၊ အဓမ္မ အလုပ်ခိုင်းစေမှုနှင့် ပတ်သက်ပြီး မြို့နယ်အသီးသီးမှ တိုင်ကြားသောစာများ သိမ်းဆည်းထားသည့် ကွန်ပျူ တာသုံး Memory stick တခုကို ၎င်းထံတွင် ရဲက လက်ဝယ် တွေ့ရှိမှုဖြင့် ပန်းပဲတန်း ရဲစခန်းတွင် တရားစွဲ အရေး ယူခံခဲ့ရခြင်းဖြစ်သည်။

ဦးသက်ဝေသည် ၁၉၉၈ ခုနှစ် ပြည်သူ့လွတ်တော်ရေးခေါ်ယူရေး ဆောင်ရွက်ခဲ့မှုကြောင့် ၁၉၉၉ ခုနှစ် ၉ လေး လုံးလှုပ်ရှားမှုဖြစ်တကြိမ်၊ ၂၀၀၃ခုနှစ်လူငယ်လုပ်ငန်းအဖွဲ့ဖွဲ့စည်းမှုနှင့်တကြိမ်၊ ၂၀၀၄ခုနှစ် တကိုယ်တော် ဦးအုန်း သန်း ဆန္ဒပြမှုမှာ ပါဝင်ပတ်သက်မှုနှင့် ထောင်ဒဏ် ၂ နှစ် တကြိမ်၊ ၂၀၀၇ခုနှစ်စက်တင်ဘာ အရေးအခင်း မှာ တကြိမ် ၊ ၂၀၀၈ ခုနှစ် ဇန်နဝါရီနှင့်မေလထဲတွင် တကြိမ် အာဏာပိုင်များ၏ အကြိမ်ကြိမ်ဖမ်းဆီးအရေးယူ ခံခဲ့ရ သူဖြစ်သည်။

မြစ်ကြီးနားထောင်တွင် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် အန်အယ်လ်ဒီ မန္တလေးတိုင်း အမရပူရ မြို့နယ်အမတ် ဒေါက်တာ ဇော်မြင့်မောင်နှင့် အန်အယ်လ်ဒီ ကချင်ပြည်နယ် စည်းရုံးရေးအဖွဲ့ဝင် ဦးဖေသိန်းတို့ ပြန်လွတ်သည်ဟု သတင်းရကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောပြသည်။

ထို့သို့ အကျဉ်းသားများ လွှတ်ပေးခြင်းနှင့်ပတ်သက်ပြီး ယနေ့ထုတ်အစိုးရသတင်းစာများတွင် လူသားချင်း စာနာ ထောက်ထားမှုအပါအ၀င် အကျဉ်းသားများ၏ မိသားစုများကို ငဲ့ညှာသည့်အနေနှင့်လည်းးကောင်း၊၂၀၁၀ ပြည့်နှစ် အတွင်းကျင်းပမည့် တရားမျှတသော ရွေးကောက်ပွဲများတွင်လည်း အများပြည်သူတို့နှင့်အတူ၊ နိုင်ငံတော်အကျိုး ကို ထမ်းရွက်သွားနိုင်ကြစေရန်အတွက် လည်းကောင်း ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် နိုင်ငံသား အကျဉ်း သား အကျဉ်းသူ ၆၃၁၃ ဦးတို့အား ပြစ်ဒဏ်ကျခံနေရ ခြင်းမှ ရပ်စဲ၍ လွမ်းငြိမ်းချမ်းသာခွင့် ပေးမည်ဖြစ်ကြောင်း ရေးသားထားသည်။

မြန်မာနိုင်ငံသို့ လူ့အခွင့်အရေး အခြေအနေများ စုံစမ်းရန် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှ ၁၉ ရက်အထိ လာရောက် သော ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တာနာ ပြန်သွား ပြီး နောက် ၁ ရက်အကြာ၌ စစ်အစိုးရက အကျဉ်းသားများလွှတ်ပေးမည်ဟု ကြေညာခဲ့ပြီး ယနေ့ညနေပိုင်းတွင် ဤသို့စတင်၍ ပြန်လွှတ်ပေးခြင်းဖြစ်သည်။

0 comments: