Thursday, February 19, 2009

စလောင်းက အမျိုးသားရေးကို ထိခိုက်ဟု နအဖပြော

ဧရာဝတီ-အေးချမ်းမြေ့၊ ဖေဖော်ဝါရီလ ၁၈ ရက် ၂၀၀၉

ဂြိုဟ်တု စလောင်းကြောင့် မြန်မာ့ အမျိုးသားရေးကို ထိခိုက်သည်ဟု မြန်မာ့အလင်း သတင်းစာ ဆောင်းပါးတွင် အကျယ်တဝင့် ရေးသားထားသည်။

“စလောင်းကိစ္စဟာ ဘာမှ မဟုတ်ဘူးလို့ ထင်ရပေမယ့် အမျိုးသားရေး အမြင်နဲ့ ကြည့်ရင် အတွင်း ရိုးတွင်းခြင်ဆီ ထိအောင် တဖြည်းဖြည်းနဲ့ လှိုက်စားနိုင်တဲ့ အိုင်းအနာကြီးတခု စွဲကပ်နေခြင်း ဖြစ်တယ်” ဟု ဆောင်းပါးရှင် ကျော်ရဲမင်းက ၁၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ရေးသားထားသည်။

ယခုလက်ရှိအနေအထားအရ မြန်မာနိုင်ငံအတွင်း၌ တောရောမြို့ပေါ်တွင် ၈ ပေနှင့် ၂ ပေ ဂြိုဟ်တု စလောင်း များကို တွင်ကျယ်စွာ အသုံးပြုနေကြပြီ ဖြစ်သည်။ ၈ ပေစလောင်းမှ လိုင်းပေါင်း ၁၇၀ ကျော်ဖမ်းယူ ကြည့်ရှု နိုင်ကြောင်းလည်း ထိုသတင်းစာ ဆောင်းပါးတွင် ဖော်ပြထားသည်။

သတင်းစာဆောင်းပါးခေါင်းစဉ်မှာ “အဆိပ်ပင်ကို ဆက်ပြီးရေမလောင်းသင့်ပါ” ဟူ၍ဖြစ်သည်။ ဆောင်းပါးရှင်က မြန်မာနိုင်ငံတွင်း၌ ဂြိုဟ်တုစလောင်းများကို လိုင်စင်မဲ့ လွတ်လပ်စွာဖမ်းယူကြည့်ရှု နိုင်ခြင်းကို ဝေဖန်ထား၏။

ယခုအခါတွင် မြန်မာ့ရုပ်မြင်သံကြားနှင့် ပုဂ္ဂလိက ကုမ္ပဏီ Family entertainment တို့ ပူးပေါင်းကာ MRTV 4 ဟူ၍ ထုတ်လွှင့်လျှက်ရှိပြီး Family entertainment မှ ထုတ်လုပ်သည့် စက်ဖြင့် မြို့ကြီး ၂၄ မြို့တွင် ပညာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ဖျော်ဖြေရေး၊ နိုင်ငံတကာသတင်းများကို ကြည့်ရှုနိုင်ရန် စီစဉ်ပေးထားသည်ဟု ဆောင်းပါး က ဆိုသည်။

ယင်းစက်မှ တဆင့် ထုတ်လွှင့်ပေးသော နိုင်ငံတကာ သတင်းအစီအစဉ်များမှာ စစ်အစိုးရ အလိုမရှိသည်များကို ဖြတ်တောက် တည်းဖြတ်ပြီးသားများသာ ဖြစ်ကြောင်း ရန်ကုန်တွင် နေထိုင်သည့် စီးပွားရေးသမား တဦးက ပြောပြသည်။

“CNN တို့ BBC တို့ကို သူတို့က ဖြတ်ပြီးမှ ပြချင်တာပဲပြတာ။ ဘောလုံးပွဲဆိုလည်း ပရီးမီးယားလိဒ် တခုပဲ ကြည့်လို့ရတယ်။ အဲဒီတော့ ကျနော်တို့အတွက်က စလောင်းပဲ အဆင်ပြေတယ်” ဟု ၎င်းက ဆိုသည်။

ယခုအခါ ပြည်ပမှ မြန်မာမီဒီယာများဖြစ်သော ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) နှင့် အမေရိကန်အသံလွှင့် ဌာန (VOA) မြန်မာပိုင်းအစီအစဉ်တို့ကို ပြည်တွင်းမှ ၈ ပေ၊ ၂ ပေ စလောင်းများနှင့် ဖမ်းယူကြည့်ရှုနိုင်နေသည့်အပြင် မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် သတင်းများကို ထုတ်လွှင့်ပေးနေသည့် အယ်လ်ဂျာဇီးယား၊ CNN၊ BBC စသည့် သတင်း အစီအစဉ်များကို တောရောမြို့ပါ စိတ်ဝင်စားလျှက်ရှိသည်ဟု ရန်ကုန်မြို့တွင်နေထိုင်သည့် ဆေးတက္ကသိုလ် ကျောင်းသားတဦးက ပြောပြသည်။

“DVB တို့ BBC တို့ကို လူတွေက စိတ်ဝင်စားနေတော့ အစိုးရက ကြောက်တာ ဖြစ်မယ်။ ခုဆို VOA ကပါ မြန်မာလို လွှင့်နေပြီဆိုတော့ စလောင်းတွေကို လန့်လာတာ” ဟု ၎င်းက ဆက်ပြောသည်။

ယခုအခါ အများစုက မြန်မာစာတန်းထိုး ရုပ်ရှင်များကြည့်ရှုနိုင်သော Family entertainment စက်များကို ဝယ်ယူ တပ်ဆင်သည့်အပြင် စလောင်းများကိုပါ တပ်ဆင်ထားကြသည်ဟု သူက ဆိုသည်။ စလောင်းတပ်ဆင်လျှင် အများဆုံး ကျပ် ၁ သိန်းခွဲ နှင့် ၂ သိန်းကြားသာ ကျသင့်ပြီး Family entertainment စက်အတွက် ကျပ် ၁ သိန်းပင် မပြည့်သောကြောင့် အများစုမှာ ၂ မျိုးစလုံး တပ်ဆင် အသုံးပြုနေကြခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ခုတလောမှာ ကမ္ဘောဒီးယားက ခမာနီ ကွန်မြူနစ်ခေါင်းဆောင် တရားရင်ဆိုင်ရတဲ့ သတင်းတွေ လာနေတော့ အစိုးရက ကြောက်တယ်ထင်တယ်။ သူတို့ ပြုတ်ကျတာနဲ့ အဲလိုပဲ ရင်ဆိုင်ရမယ်ဆိုတာ သိနေတာကိုး” ဟု ဆေးတက္ကသိုလ် ကျောင်းသားက ဆိုသည်။

ကျော်ရဲမင်း၏ သတင်းစာ ဆောင်းပါးထဲတွင်လည်း ကျေးရွာတရွာ၌ပင် စလောင်းအရေအတွက် ၁၀ ခုထက် မနည်း ရှိနေကြောင်း ပါရှိသည်။

ယင်းဆောင်းပါး အတွင်း၌ “တကယ်တော့ ဂြိုဟ်တုစလောင်းတွေ ဆိုတာ မိမိပိုင် မီဒီယာလက်နက်နဲ့ ဖျော်ဖြေမှု အနုပညာကို ခုတုံးလုပ်ပြီး နိုင်ငံတကာကို မီဒီယာအရ သြဇာလွှမ်းမိုးလာနိုင်ဖို့ ရည်ရွယ် ထုတ်လွှင့် နေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုအခါမှာ နိုင်ငံရေး အမှောင့်ပရောဂပါ ပူးကပ်ပြီး ပစ်မှတ်နိုင်ငံ တနိုင်ငံရဲ့ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှု၊ ဆူပူအုံကြွအောင် သွေးထိုးလှုံ့ဆော်မှု၊ ညစ်ညမ်း အစီအစဉ်တွေရဲ့ အမျိုးသားရေး စရိုက်လက္ခဏာ၊ အမျိုးသားရေး စိတ်ဓာတ်တွေကိုပါ လက်ရဲ ဇက်ရဲ ကျူးကျော်နယ်ချဲ့ လာနေတယ်” ဟု ထည့်သွင်းရေးသားထားသည်။

၂၀၀၇ စက်တင်ဘာ အရေးတော်ပုံကာလက ပြည်တွင်းပြည်ပမှ သတင်းထောက်များ၏ အားထုတ် မှုကြောင့် တကမ္ဘာလုံးရှိ လူအများက ဖြစ်ရပ်မှန် သတင်းများကို ကြည့်ရှုနိုင်ခဲ့ကြသည်။ ထိုစဉ်က ဂြိုဟ်တု စလောင်း မရှိသေးသူတို့ အလုအယက်ဝယ်ယူကြသောကြောင့် စလောင်းနှင့် အပိုပစ္စည်း အရောင်းဆိုင်တို့တွင် ပစ္စည်းများ ပြတ်လပ်သည်အထိပင် ဖြစ်ခဲ့ရသည်။ ထို့ပြင် ၂၀၀၈ မေလက တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းနှင့် နောက်ဆက်တွဲ သတင်းများ ကိုလည်း ပြည်သူလူထုက ဂြိုဟ်တုစလောင်းမှ တဆင့် ကြည့်ရှု၍ အဖြစ်မှန်ကို သိရှိနိုင်ခဲ့သည်။

ရန်ကုန်မြို့ရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင် တဦးကမူ လူအများသည် နှစ်လုံးထီ လောင်းကစား ကိစ္စ အတွက်လည်း ဂြိုဟ်တု စလောင်းကို အသုံးပြုနေကြရသည်ဟု ပြောပြသည်။

“တနိုင်ငံလုံး စီးပွားရေးကမကောင်းတော့ လူတွေက လောင်းကစားလုပ်ကြတယ်။ နှစ်လုံးထီ၊ သုံးလုံးထီအတွက် စလောင်းက မရှိလို့မရဘူး။ ဘောလုံးလည်း တူတူပဲ။ အဲဒီတော့ စလောင်းတပ်ကြတယ်။ နောက်ပြီး DVB တို့ BBC တို့ အယ်လ်ဂျာဇီးယားတို့ကို အားရင်အားသလို ကြည့်ကြတယ်။ အစိုးရကို ထိုင်ဆဲတယ်” ဟု ၎င်းက ပြောသည်။

သတင်းစာဆောင်းပါးအတွင်း၌ ဂြိုဟ်တုစလောင်းများကို အဆိပ်ပင်နှင့် ခိုင်းနှိုင်းထားပြီး အဆိပ်ပင်ကို ဆက်လက် ရေမလောင်းကြပါနှင့်ဟု အဆုံးသတ်ထားသည်။

0 comments: