Thursday, February 19, 2009

အန်အယ်လ်ဒီက တွေ့ဆုံဆွေးနွေးရေး ထပ်မံတောင်းဆို

ဧရာဝတီ-ကိုစိုး၊ ဖေဖော်ဝါရီလ ၁၈ ရက် ၂၀၀၉

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ အကြား အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန် အန်အယ်လ်ဒီ က တောင်းဆိုလိုက်သည်။

ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် အန်အယ်လ်ဒီ၏ အထူးကြေညာချက်တွင် ယင်းကဲ့သို့ တောင်းဆိုထားခြင်း ဖြစ်သည်ဟု အန်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးသိန်းညွန့်က ပြောသည်။

“တိုင်းပြည်ရဲ့ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်တာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်ပဲဖြစ် ပါတယ်၊ ဒါကြောင့် သူတို့ ၂ ယောက် ကြိုတင် စည်းကမ်းချက်တွေမထားဘဲနဲ့ အမြန်တွေ့ဆုံဆွေးနွေးဖို့ လိုအပ် တဲ့ အတွက် ဒီအထူးကြေညာချက်ကို ထုတ်တာဖြစ်ပါတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကြိုတင် စည်းကမ်းချက်များမထားဘဲ တွေ့ဆုံဆွေးနွေးရန် ဖေဖော်ဝါရီ ၅ ရက်တွင် ကြေညာချက်ထုတ်ထားသည်ကို အန်အယ်လ်ဒီ၏ နိုင်ငံရေး သဘောထားရပ်တည်ချက်နှင့် ထပ်တူကျသည့်အတွက် ကြိုဆိုသည်ဟုလည်း ဆိုသည်။

ထို့အပြင် မစ္စတာ ဘန်ကီမွန်းအနေနှင့် ယင်းသဘောထားကို ကိုင်စွဲ၍ မြန်မာနိုင်ငံသို့ လာရောက်ပြီး ကြိုတင် စည်းကမ်းချက်များမသတ်မှတ်ဘဲ ဆွေးနွေးရန် ကြိုးပမ်းမည်ဆိုပါက ယခုအခြေအနေထက် ပိုမိုကောင်းမွန်သော အခြေအနေတရပ် ပေါ်ပေါက်လာနိုင်သောကြောင့်လည်း အထူးကြေညာချက်ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ဦးသိန်းညွန့်ကပြောဆိုသည်။

ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် နအဖ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံဆွေးနွေးရန်၊ တွေ့ဆုံ ဆွေးနွေးရေးနှင့် ပတ်သက်ပြီး အစိုးရအဖွဲ့၏ ကြေညာချက် ၁/၂၀၀၇ မှာပါ သော အပိုဒ် ၇ မှ ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံ ပျက်သုဉ်းရေး၊ စီးပွားရေး အဆက်အသွယ်ဖြတ်တောက်ရေး၊ အလုံးစုံ ပိတ်ဆို့ရေးတို့နှင့် ပတ်သက်ပြီး ကြေညာချက်အပေါ်တွင် အပြန်အလှန်ငြင်းခုန်နေမည့်အစား အဆုံး အဖြတ်ပေးနိုင်မည့် ပုဂ္ဂိုလ် တဦးစီနှင့် ကြိုတင်စည်းကမ်းချက်များ မထားဘဲ ကိုယ်တိုင် တွေ့ဆုံဆွေးနွေးခြင်း သည် အသင့်လျော်ဆုံး နည်းလမ်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရကြား တွေ့ဆုံဆွေးနွေးရေးပြုလုပ်ရမှာဖြစ်ပါတယ်၊ ကျနော်တို့ဘက်က တွေ့ဆုံဆွေးနွေးရေးအတွက် အမြဲတမ်းတံခါးဖွင့်ထားတာပါ”ဟုလည်း ဦးသိန်းညွန့်က ပြောသည်။

0 comments: