Monday, February 16, 2009

လူရွှင်တော်ဇာဂနာကို ထောင်ဒဏ်လျှော့ပြီ

ခေတ်ပြိုင်၊ ဖေဖော်ဝါရီလ ၁၆ ရက် ၂၀၀၉

ဇာဂနာ ခေါ် ကိုသူရ အပါအ၀င် နိုင်ငံရေးအကျဉ်းသားအချို့ကို ထောင်ဒဏ်လျှော့လိုက် သည်ဟု မိသားစုဝင်များက ပြောသည်။

စစ်အစိုးရလက်ထက် နိုင်ငံရေးအကျဉ်းသားများကို မတရား နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့ပြီးနောက်ပိုင်း အယူခံတရားရုံးမှတဆင့် ထောင်ဒဏ် လျှော့ပေါ့ပေးခဲ့ခြင်းသည်။ ယခုနှစ်မှာ ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း စုံစမ်း သိရသည်။

ထောင်ဒဏ် (၅၉) နှစ် ချမှတ်ခံထားရပြီး မြစ်ကြီးနားထောင်ကို အပို့ခံထားရသည့် ဟာသ၊သရုပ်ဆောင် ဒါရိုက်တာ မောင်သူရ ခေါ် ဇာဂနာ၏ မိသားစုဝင်တစ်ဦးက “(၁၃) ရက်နေ့က ကိုသူရတို့အယူခံမှုကို ရန်ကုန်တိုင်း တရားရုံးကနေ အမိန့်ချတယ်။ အမှုကို လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေ ဒေါ်ခင်ဌေးကြွယ် တက်တယ်။ ကိုသူရ အပေါ် အီလက်ထရောနစ် ဥပဒေအရ တစ်မှုကို ထောင်ဒဏ် (၁၅) နှစ် နဲ့ (၃) မှု ချထားခဲ့ရာမှ၊ ကနေ့ တစ်မှုကို (၇) နှစ်စီ ပြင်ဆင်ပြီး ချလိုက်တယ်။ တစ်မှုကို (၈) နှစ်လျှော့သွားတယ်။ (၃) မှုဆို တော့ စုစုပေါင်း (၂၄) နှစ်လျှော့သွားတယ်။ ဒီတော့ ထောင်ဒဏ် စုစုပေါင်း (၃၅) နှစ် ဖြစ်သွားတယ်။ ဒါပေမယ့် အယူခံတော့ ဆက်တက်ဦးမယ်” ဆိုပြီး ပြောပြသည်။

အလားတူ နာဂစ်လေဘေး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်သည့်အတွက် ထောင်ဒဏ် (၁၉) နှစ် ချမှတ်ခံထားရသူ စာရေးဆရာ ဇော်သက်ထွေးကိုလည်း အီလက်ထရောနစ် ဥပဒေအရ ချမှတ်ထားသည့် အမှုမှ ထောင်ဒဏ် (၈) နှစ် လျှော့ချပေးလိုက်သဖြင့် ထောင်ဒဏ် စုစုပေါင်း (၁၁) နှစ် ဖြစ်သွားသည်။

ကိုသူရ ခေါ် ဇာဂနာနှင့် အမှုတွဲဖြစ်သူ ကိုသန့်ဇင်အောင်ကိုလည်း မူလ ထောင်ဒဏ် (၁၈) နှစ်မှ (၈) နှစ် လျှော့သည့်အတွက် ထောင်ဒဏ် (၁ဝ) နှစ် ဖြစ်သွားသည်။ ကိုတင်မောင်အေး ခေါ် ကတုံးကိုတော့ မူလထောင်ဒဏ် (၂၉) နှစ် ချမှတ်ထားရာမှ အီလက်ထရောနစ် ဥပဒေအရ ချမှတ်ထားသည့် ထောင်ဒဏ် (၁၅) နှစ် လျှောပေါ့ပေးလိုက်သည့်အတွက် ထောင်ဒဏ် စုစုပေါင်း (၁၄) နှစ် ဖြစ်သွားသည်။

ကိုတင်မောင်အေး ခေါ် ကတုံးမှာ မြို့နယ် တရားရုံးမှ အီလက်ထရောနစ် ပုဒ်မနဲ့ ထောင် (၁၅) နှစ် အပြစ်ပေးလိုက်သော်လည်း အင်တာနက် အီးမေးလ် သုံးတတ်ဖို့ နေနေသာသာ ကွန်ပျူတာအကြောင်း လုံးဝနားလည် သိရှိသူ မဟုတ်ကြောင်း၊ ၄င်းနှင့် နီးစပ်သူတွေက ပြောပြသည်။

ယခုလို ထောင်ဒဏ်တွေ လျှော့ပေါ့ပေးလိုက်သည့်အပေါ် မည်သို့ခံစားရပါသလဲဟု အခြားမိသားစုဝင် တစ်ဦးကို မေးမြန်းကြည့်သည့်အခါ မည်သို့မျှ မခံစားရပါကြောင်း၊ အကြောင်းကတော့ နဂိုကတည်းက တရားဥပဒေနဲ့အညီ အပြစ်ဒဏ်ချထားတာမျိုး မဟုတ်ပဲ မတရား ပုဒ်မတပ် ထောင်ချထားလို့ ဖြစ်ကြောင်း ပြောပြသည်။

မစ္စတာဂမ်ဘာရီနှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့တို့ ဖေဖော်ဝါရီလ (၁) ရက်နေ့က တွေ့ဆုံကြရာမှာ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ကျော်ဆန်းက “နှစ်ရှည်ထောင်ဒဏ် ကျခံနေရသူများနှင့် ပတ်သက်ပြီး ၄င်းတို့ရဲ့ ပြစ်ဒဏ်များအပေါ်ပြန်လည် စဉ်းစားပေးပါရန် အဆွေတော်အနေနဲ့ အဆိုပြုတိုက်တွန်းခဲ့ကြောင်း၊ ထောင်ဒဏ်ကျခံရတဲ့သူတွေနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် သက်ဆိုင်ရာ တရားရုံးများက ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ပါကြောင်း၊ ပြစ်ဒဏ်ကျခံရသူတွေအနေနဲ့လည်း ပြဌာန်းထားတဲ့ တရားဥပဒေများနှင့် အညီ အယူခံပိုင်ခွင့် ရှိပြီးသားဖြစ်ပါကြောင်း၊ သက်ဆိုင်ရာပုဂ္ဂိုလ်က ဥပဒေနှင့် အညီ အယူခံတင်သွင်းလာမယ်ဆိုရင် ဆိုင်ရာတရားရုံးတွေကလည်း ဥပဒေနှင့်အညီ ပြန်လည်စဉ်းစား ဆောင်ရွက်ပေးသွားမှာသာ ဖြစ်ကြောင်း၊” စသဖြင့် ပြောဆိုခဲ့သည်။

0 comments: