Sunday, February 1, 2009

ဂမ္ဘာရီ မြန်မာနိုင်ငံသို့ ထပ်မံရောက်ရှိလာ

မဇ္ဈိမ၊ ဇန်နဝါရီလ ၃၁ ရက် ၂၀၀၉

ချင်းမိုင် (မဇ္ဈိမ)။ ။ ကုလသမဂ္ဂ၏ အထူးသံတမန် မစ္စတာ အီဘရာဟင် ဂမ်ဘာရီသည် စနေနေ့နံနက်က မြန်မာနိုင်ငံသို့ နောက်တကြိမ် လာရောက်လည်ပတ်ရာ မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ကြားဝင်ဆောင်ရွက်နေသော ကိုယ်စားလှယ်တော်ကြီး၏ ခုနှစ်ကြိမ်မြောက် ခရီးစဉ်ဖြစ်လာသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ ခရီးစဉ်နှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသေးပါ။

အေအက်ဖ်ပီသတင်းတရပ်တွင်တော့ မစ္စတာဂမ်ဘာရီသည် ခရီးစဉ်တခုလုံးတွင် ရန်ကုန်တွင်သာနေမှာဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးနှင့် တွေ့ဆုံမည်ဟု ရေးသားထားသည်။


ဂမ်ဘာရီ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်များအနက် ယခင်နှစ် သြဂုတ်လနှင့် မတ်လ ခရီးစဉ်များတွင် စစ်အစိုးရရုံးစိုက်ရာ နေပြည်တော်သို့ ပင့်ဖိတ်ခြင်းမခံရသလို နေအိမ်အကျယ်ချုပ်ကျခံနေရသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခွင့် မရခဲ့ပေ။

စစ်အစိုးရနှင့် အတိုက်အခံအကြား တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာအောင် မစွမ်းဆောင်နိုင်သေးသည့်အတွက် ဂမ်ဘာရီမှာ ဝေဖန်ခံနေရပြီး ခရီးစဉ်နှင့်ပတ်သက်ပြီး တိုးတက်မှုရနိုင်ခြေ မျှော်လင့်ထားသူ နည်းပါးလှသည်။

လွန်ခဲ့သည်နှစ့် သြဂုတ်လအတွင်းက မြန်မာနိုင်ငံလာရောက်လည်ပတ်စဉ်အတွင်း နိုင်ဂျီရီးယားလူမျိုး ကုလသံကို တွေ့ခွင့်မပြုနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆန်လိုက်ရာ ကုလသမဂ္ဂ၏ လုပ်ငန်းစဉ် ကျဆုံးမှုအဖြစ် ရှု့မြင်ကြသည်။

ကုလသမဂ္ဂချမှတ်ထားသော ဂမ်ဘာရီ၏ လုပ်ငန်းစဉ်များတွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာစေရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွင် အတိုက်အခံများကိုပါ ထဲ့သွင်းလာစေရေးဖြစ်သည်။

0 comments: