Monday, February 2, 2009

အိုင်တီပြပွဲ ပိတ်ပင်ခံရ

ခေတ်ပြိုင်၊ ဖေဖော်ဝါရီလ ၂ ရက် ၂၀၀၉

ဇန်န၀ါရီ (၃၁) ရက်မှ ဖေဖော်ဝါရီ (၂) ရက်အထိ ရန်ကုန်မြို့ ပုဇွန်တောင် ချမ်းသာပလာဇာတွင် ပြုလုပ်မည့် Year 2009 One Stop IT Show ပွဲတော်ကို သက်ဆိုင်ရာ အာဏာပိုင်များက ခွင့်မပြုဘဲ ပိတ်ထားကြောင်း ပွဲစီစဉ်သူ ကုမ္ပဏီ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “ပွဲအတွက် ကျနော်တို့ အားလုံးပြင်ဆင်ပြီးပါပြီ။ ပါဝင်ပြသမယ့် ကုမ္ပဏီတွေဘက်ကလည်း စီစဉ်ပြင်ဆင်ပြီးပြီ။ ဂျာနယ်တွေ သတင်းစာတွေမှာလည်း ကြော်ငြာတွေ ထည့်ပြီးတော့မှ သက်ဆိုင်ရာက ခွင့်မပြုတော့ဘူးလို့ ပြောတယ်။ တရားဝင် ဘာကြောင့် ပိတ်သလဲဆိုတာကိုတော့ မသိဘူး။ စာလည်း ထုတ်မပေးဘူး။ ဒါပေမယ့် ရုံးကို သွားတဲ့အခါ အပြင်က စာရေးတယောက်က မစ္စတာ ဂမ်ဘာရီ ခရီးစဉ် ရှိလို့ဆိုပြီး ပြောတယ်။ မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံလာတာနဲ့ ပုဇွန်တောင်မှာလုပ်မယ့် ကွန်ပျူတာ အိုင်တီပွဲ ဖျက်တာ ဘာဆိုင်သလဲ၊ ကျနော်တော့ နားမလည်ဘူး” ဟု ပြောသည်။

အဆိုပါ ပြပွဲကို ချမ်းသာပလာဇာ ပထမထပ်နှင့် ဒုတိယထပ်တို့တွင် သတ်မှတ်ထားသည့် ရက်၌ ပြုလုပ်မည်ဖြစ်သည့်အကြောင်း၊ ကွန်ပျူတာကုမ္ပဏီပေါင်း (၂၈) ခု ပါဝင်ပြသမည်ဖြစ်ကြောင်း သက်ဆိုင်ရာကို တင်ပြသည့်အခါ ခွင့်ပြုချက်ရပြီးဖြစ်ကြောင်း သိရသည်။

ပြပွဲအတွက် အဖက်ဖက်က ပြင်ဆင်ပြီးစီး၊ ကြော်ငြာများ ထည့်သွင်းပြီး ဖိတ်စာများ ပေးပို့ပြီးမှ ယခုကဲ့သို့ ပိတ်ပင်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ကွန်ပျူတာပြပွဲများနှင့်ပတ်သက်၍ ယခုကဲ့သို့ ပိတ်ပင်ခံရခြင်းမှာ ပထမဦးဆုံးဖြစ်ပြီး ယခင်က ရန်ကုန်တွင် ဖြစ်လေ့ဖြစ်ထမရှိကြောင်း၊ အဆိုပါပွဲကို အဓိက စပွန်ဆာပေးသည့် ကုမ္ပဏီက ကုမ္ပဏီပေါင်း (၂၈) ခုကို ဖိတ်ကြားပြီး ပြပွဲတွင် ကွန်ပျူတာနှင့် ဆက်စပ်ကုန်ပစ္စည်းများ ပြသသွားမည့်အပြင် ဆော့ဖ်ဝဲများ၊ ပရိုဂရမ်များ ပြသသွားရုံမက ဥာဏ်စမ်းပဟေဠိများကို ဖြေကြားစေပြီး ဆုပေးမည့် အစီအစဉ်လည်း ပါဝင်ကြောင်း သိရသည်။

ရန်ကုန်မြို့ခံ အငြိမ်းစားဗိုလ်မှူးတဦးကမူ “မစ္စတာ ဂမ်ဘာရီ လာတဲ့အချိန် ကွန်ပျူတာပွဲ မလုပ်ရဆိုတာ ဖြစ်တော့ ဖြစ်နိုင်ကြောင်း၊ အဓိက ၎င်းလာချိန် ဆူပူမှုအပါအ၀င် အခြား ဘာပြဿနာမှ မဖြစ်ပေါ်စေဖို့ ရန်ကုန်မှာ လုံခြုံရေး ထူထပ်စွာ ချထားလေ့ရှိကြောင်း၊ စစ်တပ်၊ လုံထိန်း၊ ရဲတွေတင်မက ရအဖ၊ အရန်မီးသတ်၊ ကြံ့ဖွံ့တွေလည်း တာဝန်ယူရကြောင်း၊ ဒီလိုအခြေအနေမျိုးမှာ ကွန်ပျူတာပြပွဲကို လုံခြုံရေးမပေးနိုင်လို့ ကျင်းပခွင့်မပေးတာ ဖြစ်နိုင်တယ်” ဟု ပြောသည်။

အဆိုပါ ကွန်ပျူတာပြပွဲကို မစ္စတာဂမ်ဘာရီ လာသည့်အချိန်နှင့် တိုက်ဆိုင်နေ၍ ကျင်းပခွင့်မပြုသည့်သတင်း ကွန်ပျူတာ ကုမ္ပဏီအသိုင်းအ၀န်းနှင့် ပြည်သူများအကြား ပျံ့နှံ့နေသည့်အတွက် မစ္စာတာဂမ်ဘာရီလာ၍ မြန်မာနိုင်ငံတွင် ကောင်းသည့်အပြောင်းအလဲ မဖြစ်ပေါ်သော်လည်း အခွင့်အရေးအချို့ ပိတ်ပင်ခံလိုက်ရ သည်မှာ အမှန်ပင်ဖြစ်ကြောင်း ဝေဖန်ပြောဆိုနေကြသည်။

0 comments: