Friday, January 9, 2009

၂၀၀၈ မြန်မာ့ရုပ်ရှင်အကယ်ဒမီပေးပွဲ အနုပညာရှင်များ စိတ်မ၀င်စား

ခေတ်ပြိုင်၊ ဇန်န၀ါရီလ ၉ ရက် ၂၀၀၉

၂၀၀၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲကို အနုပညာရှင်များ စိတ်ဝင်တစားမရှိကြောင်း ရုပ်ရှင်အသိုင်းအ၀န်းက ပြောသည်။

“ဖေဖော်ဝါရီလ ပထမပတ်နဲ့ ဒုတိယပတ်ကြားမှာ အကယ်ဒမီပေးပွဲလုပ်မယ်လို့တော့ ရိပ်ဖမ်းသံဖမ်း ကြားတာပဲ။ ပေးစရာ များများစားစားမှ မရှိတာ။ ပေးရင်လည်း သူတို့အလိုကျ ဖားပြီးရိုက်ထားတဲ့ ဇာတ်ကားပါတာကို သေချာပေါက် အကယ်ဒမီပေးမှာပဲ။ မြေကြီးလက်ခတ် မလွဲဘူး” ဟု အမည်မဖော်လိုသည့် ဒရိုက်တာတဦးက ပြောသည်။

ရုပ်ရှင်တလောကလုံးက အကယ်ဒမီရရှိမည့် ဇာတ်ကားများကို အကြိုဟောကိန်းထုတ်ပြောကြရာတွင် အကယ်ဒမီလူမင်းပါဝင်သော ငါ့ဓား၊ ငါ့သွေး၊ ငါ့ဧရာဝတီကို ရာခိုင်နှုန်းအပြည့် တစ်ပေးလျက်ရှိသည်။

“ဒီကားကို အစိုးရကြိုက်တယ်။ သေသေချာချာရမယ့်ဇာတ်ကား။ ၀ါဒဖြန့်တာတွေပါတယ်။ လူမင်းကလည်း ဒီဇာတ်ကားကို အကယ်ဒမီမှန်းပြီး ရိုက်ခဲ့တာပဲဗျ။ သူက အစိုးရရဲ့ အကြိုက်တွေ ဆောင်တတ်တယ်” ဟု အသက်ကြီးပိုင်း နာမည်ကြီး အကယ်ဒမီ ဒါရိုက်တာတဦးက ပြောသည်။

လူမင်းကလည်း အဆိုပါကားကို အကယ်ဒမီရရန် မျှော်လင့်ကြောင်း ပြောသည်။ ဒါရိုက်တာ အကယ်ဒမီ ဒေါ်ခင်လေးသိမ့်က “ကိုးဆယ်ဆသာလိမ့်မယ်” ဇာတ်ကားတွင် နန္ဒာလှိုင် အကယ်ဒမီရနိုင်ကြောင်း ပြောသည်။

“ဒီဇာတ်ကားမှာ မြန်မာမှုတွေပါတယ်။ မြန်မာ့ရိုးရာတွေပါတယ်။ ဒီအတွက် အန်တီ ထင်ကြေးပေးရရင် ကိုးဆယ်ဆသာလိမ့်မယ်ဟာ အကယ်ဒမီရနိုင်တဲ့ ဇာတ်ကားပဲ” ဟု အကယ်ဒမီ ဒေါ်ခင်လေးသိမ့်က ပြောသည်။

အကယ်ဒမီ မင်းမော်ကွန်းကမူ “အကယ်ဒမီကို ရန်မခုန်ဘူး။ ကားကြီးလည်း မပါဘူး။ သူများတွေ ရစေချင်တယ်” ဟု အေးတိအေးစက်ပြောသည်။ အမည်မဖော်လိုသူ ဒါရိုက်တာတဦးကလည်း “အကယ်ဒမီဆိုတာ အကဲဖြတ်အဖွဲ့က ပေးတဲ့သူတွေ ရတာ” ဟု ဟားတိုက် ရယ်မော ပြောပြသည်။

ဟာသရုပ်ဆောင် လူရွှင်တော် ငှက်ပျောကြော်က “အရင်တုန်းက ဟာသသရုပ်ဆောင် အကယ်ဒမီ စိန်မြင့်တို့ ဖိုးပါကြီးတို့ ဟာသသရုပ်ဆောင်ဖြစ်ပေမယ့် အကယ်ဒမီ ရခဲ့ဖူးတယ်။ ဒီနှစ် ကိုးဆယ်ဆသာလိမ့်မယ် ဇာတ်ကားမှာ ဦးမိုးဒီက အဖေနေရာက ပါဝင်နေတယ်။ ဘာကိုမှ ရင်မခုန်ပေမယ့် ဟာသသရုပ်ဆောင်တဦး အကယ်ဒမီများ ရလေမလားလို့ ရင်ခုန်တယ်” ဟု ပြောသည်။

ယခုနှစ်တွင် ကျင်းပမည့် ၂၀၀၈ ခုနှစ်အတွက် အကယ်ဒမီတွင် ဇာတ်ကားပေါင်း (၁၀) ကားခန့်ရှိပြီး ၎င်းတို့မှာ မိုက်တီးလေးများ၊ ရင်ခုန်နှင်းဆီ၊ ကိုးဆယ်ဆသာလိမ့်မယ်၊ ကျွန်တော့ချစ်သူပြောသော သူ့ချစ်သူအကြောင်း၊ ငါ့ဓား ငါ့သွေး ငါ့ဧရာဝတီ၊ ရင်နင့်အောင်မွှေး၊ အမေနဲ့သမီးများ၊ မိုးပေါ်ခုန်တက်ကလိုက်ချင်၊ ၀င်္ကပါအချစ်နဲ့ သူ၏ချစ်ကိုကိုချစ်၊ အမည်မဖော်လိုသူအချစ်တို့ ဖြစ်သည်။

အကယ်ဒမီ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က “ပေးမယ်ဆိုရင် ပေးလို့ရတဲ့ ဇာတ်ကား (၄) ကားပဲရှိတယ်။ ကိုးဆယ်ဆသာလိမ့်မယ်၊ ငါ့သွေး ငါ့ဓား ငါ့ဧရာဝတီ၊ ရင်နင့်အောင်မွှေး၊ အမေနဲ့သမီးများ ဒါပဲလေ။ စိတ်ဝင်စားစရာတော့ သိပ်မရှိဘူးပေါ့ဗျာ” ဟု ဆိုသည်။

အကယ်ဒမီပေးပွဲသို့ တက်ရောက်ရန် နေပြည်တော်သို့ သွားရောက်ရသည်ကို စိတ်မချမ်းသာသော အသက် (၆၀) ခန့်ရှိ အကယ်ဒမီသရုပ်ဆောင်တဦးက “အသက်လေးရလာတော့ ကျန်းမာရေးက ချူချာတယ်၊ သွားရေးလာရေး အဆင်မပြေဘူး။ အကယ်ဒမီကိုလည်း ရင်မခုန်တော့ပါဘူး” ဟု ပြောသည်။

“အမေနဲ့သမီးများ” ဇာတ်ကားတွင် လုံးဝထင်ကြေးပေးခံထားရသော မခိုင်လေးဟုခေါ်သော ခိုင်သင်းကြည်ကလည်း လောလောဆယ် ဗီဒီယိုဇာတ်ကားများ ရိုက်ကူးနေရ၍ အကယ်ဒမီအတွက် မည်သည့်ပြင်ဆင်မှုမှ မပြုလုပ်ရသေးကြောင်း ပြောသည်။

0 comments: