Tuesday, December 16, 2008

ထိုင်းဝန်ကြီးချုပ်သစ်သည် မြန်မာ့အရေးတွင် တွန်းတွန်းတိုက်တိုက် ပိုလုပ်ဖွယ်ရှိဟု တက်ကြွလှုပ်ရှားသူများပြော

မဇ္ဈိမ-မုံပီး၊ ဒီဇင်ဘာလ ၁၆ ရက် ၂၀၀၈

နယူးဒေလီ။ ။ ထိုင်း အတိုက်အခံခေါင်းဆောင် အဖိဆစ် ဝေ့ခ်ျချချီဝ သည် တနင်္ဂနွေနေ့က ပြုလုပ်သော လွှတ်တော် အစည်းအဝေး အထူးမဲပေးပွဲတွင် အနိုင်ရကာ တိုင်းပြည်၏ ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်တင်မြှောက် ခံခဲ့ရသည်။

အဖိဆစ်ကို ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်လိုက်ခြင်းသည် နိုင်ငံရေး အကျပ်အတည်းကို တဆက်ထဲ အဆုံးသတ် ပေးလိုက်ခြင်းဖြစ်ပြီး၊ ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများကမူ အဖိဆစ်၏ အစိုးရ အဖွဲ့သစ်သည် မြန်မာ့နိုင်ငံရေးနှင့် စပ်လျဉ်းလျှင် တွန်းတွန်းတိုက်တိုက်လုပ်မည့် အခန်းကဏ္ဍတွင် ပိုမို ပါဝင်လာဖွယ်ရှိသည်ဟု ပြောဆိုကြခြင်း ဖြစ်သည်။

ပြည်ပရောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (NLD-LA) နိုင်ငံခြားရေးတာဝန်ခံ ဦးညိုအုန်းမြင့်၏ အဆိုအရမူ အဖိဆစ်သည် ယခင် ထိုင်းနိုင်ငံ အစိုးရများထက်ပို၍ မြန်မာ့အရေးကို တွန်းတွန်းတိုက်တိုက် လုပ်မည့်သူ ဖြစ်ဖွယ်ရှိသည်ဟု ဆိုသည်။

ယခင် ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း ထပ်ဆင် ရှင်နဝတ်သည် သူ၏ ကိုယ်ကျိုးစီးပွားအတွက် မြန်မာစစ်အစိုးရနှင့် စီးပွားရေးလုပ်ငန်းများ ဆက်သွယ်ဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံခြားရေးဝါဒကို အသုံးပြုခဲ့သည်ဟု ဘန်ကောက်မြို့တွင် စနေနေ့က ကျင်းပသော “ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်ခြင်း - အတိုက်အခံ၏ အခန်းကဏ္ဍ” ဆိုသည့် ကွန်ဖရင့်တွင် အဖိဆစ်က ပြောကြားသွားခဲ့သည်။

အဖိဆစ်သည် ၁၉၈ မဲရသော ပြိုင်ဘက် ပရာချာပရွန်နွတ်ကို မဲ ၂၃၅ မဲဖြင့် အနိုင်ရကာ ထိုင်းနိုင်ငံ၏ ၂၇ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။

အသက် ၄၄ နှစ်အရွယ်ရှိ အဖိဆစ်သည် ဗြိတိန်နိုင်ငံတွင် မွေးဖွားခဲ့ပြီး၊ သူသည် ၂ နှစ်ခွဲအတွင်း ၅ ဦးမြောက် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဖြစ်လာသူလည်း ဖြစ်သည်။

ဒီမိုကရက်ဌာနချုပ်တွင် ပြုလုပ်သော ကွန်ဖရင့်သို့ တက်ရောက်ခဲ့သူ တဦးဖြစ်ပြီး၊ အဖိဆစ်နှင့် ပြင်ပတွင် အလွတ်သဘော ဆွေးနွေးပြောကြားခွင့်ရခဲ့သူ ဦးညိုအုန်းမြင့်က သူသာ အစိုးရအဖွဲ့သစ်၏ အကြီးအကဲအဖြစ် ရွေးကောက်ခံရပါက မြန်မာ့နိုင်ငံရေး အကျပ်အတည်းနှင့် စပ်လျဉ်း၍ ပိုမို “တွန်းတွန်းတိုက်တိုက်” လုပ်သွားမည်ဖြစ်ကြောင်း အဖိဆစ်က သူ့ကို ကတိပေး ပြောကြားသွားခဲ့သည်ဟု ဆိုသည်။

"အိမ်နီးချင်း နိုင်ငံတခုအနေနဲ့ မြန်မာ့နိုင်ငံရေး ပြဿနာတွေဟာ ထိုင်းနိုင်ငံမှာလည်း သက်ရောက်မှုရှိတာပါပဲဆိုတာ ကျနော် သူ့ကို အချက်တခုအနေနဲ့ ထောက်ပြခဲ့ပါတယ်" ဟု ဦးညိုအုန်းမြင့်က ဆက်လက် ပြောဆိုသည်။

ယခု အသစ်ရွေးကောက်ခံရသော ဝန်ကြီးချုပ်သစ် လက်ထက်တွင် ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ မည်သို့ရှိမည် ဆိုသည်ကို ခန့်မှန်းပြောကြားရန် စောလွန်းသေးသော်လည်း ခေါင်းဆောင်များသည် မြန်မာစစ်အစိုးရနှင့် ပုဂ္ဂိုလ်ရေး စီးပွားရေး ဆက်သွယ်ဆောင်ရွက်မှုများ မရှိပါက ပို၍ အပြုသဘောဆောင်မည် ဖြစ်သည်ဟု ဦးညိုအုန်းမြင့်က ပြောသည်။

ယခု ပြည်ပရောက်နေသော ယခင် ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း ထပ်ဆင်သည် သူ၏ ရာထူးသက်တမ်းအတွင်း မြန်မာစစ်အစိုးရနှင့် အလွန်ပင် အမြတ်အစွန်းများသော စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။ ထပ်ဆင်သည် သူ့ကိုယ်ကျိုးစီးပွားအတွက် မြန်မာစစ်အစိုးရနှင့် စီးပွါးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒကို အသုံးချခဲ့သည်ဟု သူ့အား ဝေဖန်သူများက ပြောဆိုကြသည်။

"တကယ်လို့ အခု ရွေးကောက်ခံ ထိုင်းနိုင်ငံ ခေါင်းဆောင်သစ်တွေသာ မြန်မာစစ်အစိုးရနဲ့ ပုဂ္ဂိုလ်ရေး စီးပွားရေး အဆက်အဆံတွေ မရှိဘူးဆိုရင် မြန်မာနိုင်ငံအပေါ် ထိုင်းရဲ့ သဘောထား ရပ်တည်ချက်ဟာ ပိုကောင်းလာမယ်လို့ ကျနော် ယုံကြည်ပါတယ်" ဟု ဦးညိုအုန်းမြင့်က ခန့်မှန်း ပြောကြားသွားသည်။

ယခု ဆက်လက် ဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေး အကျပ်အတည်းကြောင့် ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒသစ်တွင် မြန်မာ့အရေးကို အဓိက ထားနိုင်ဦးမည် မဟုတ်သေးသော်လည်း ထိုင်းအစိုးရသစ်သည် မြန်မာဒုက္ခသည်များနှင့် ရွှေ့ပြောင်း အလုပ်သမားများအပေါ်တွင်မူ ပိုမို စာနာထောက်ထား လာနိုင်ကြောင်းဖြင့်လည်း ဦးညိုအုန်းမြင့်က ပြောသည်။

ထိုင်းနိုင်ငံသည် လောလောဆယ်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းကျော်ကို လက်ခံထားပြီး၊ ယင်းတို့သည် လိင်လုပ်ငန်း အပါအဝင် အလုပ်အကိုင်အမျိုးမျိုးတွင် ဝင်ရောက်လုပ်ကိုင်နေကြသည်။ ထို့ပြင် မြန်မာဒုက္ခသည် ၁ သိန်း ၄ သောင်းခန့်မှာလည်း ထိုင်း-မြန်မာ နယ်စပ်တလျှောက် ဒုက္ခသည်စခန်း ၉ ခုတွင် ဆက်လက်ရှင်သန် ရပ်တည်နေနိုင်ရေးအတွက်ပင် အလွန်ခဲယဉ်းစွာ ရှာဖွေ စားသောက်နေကြရသည်ဟု ဆိုသည်။

0 comments: