Tuesday, December 16, 2008

အပြောင်းရွှေ့ခံ နိုင်ငံရေးအကျဉ်းသား မိသားစုများ အခက်အခဲဒုက္ခဖြစ်နေ

ဧရာဝတီ-ကိုစိုး၊ ဒီဇင်ဘာလ ၁၅ ရက် ၂၀၀၈

ဝေးလံသည့် နယ်စွန်နယ်ဖျား ထောင်များသို့ အပြောင်းရွှေ့ ခံရသော နိုင်ငံရေး အကျဉ်းသားများကို မိသားစုဝင်များက လိုက်ပါ တွေ့ဆုံရာတွင် ခရီးလမ်း အခက်အခဲများနှင့် စရိတ်ကြီးမြင့်မှု အခက်အခဲများကို ကြုံတွေ့ ကြရ ကြောင်း သိရှိရသည်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ကိုပြုံးချို ကို ပြောင်းရွှေ့လိုက်သည့် ကော့သောင်း ထောင်သို့ ၎င်း၏ ဇနီးဖြစ်သူ က ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်က လိုက်ပါတွေ့ဆုံရာတွင် အသွားအပြန် ၁၀ ရက်ခန့် ကြာကြောင်း၊ ခရီးစရိတ်အနေနှင့် ကျပ် ၈၀၀၀၀ - ၉၀၀၀၀ ခန့်ကုန်ကျပြီး သွားရေးလာရေး အလွန် ခက်ခဲကြောင်း ကိုပြုံးချို၏ ဖခင် ဦးဝင်းမောင်က ပြောပြသည်။

“မ၀ါနဲ့ သူ့မောင် တယောက်၂၆ ရက်နေ့က သွားတယ်၊ ၂ ရက်နေ့ကမှ ကိုပြုံးချိုနဲ့ တွေ့ရတယ်၊ ၅ ရက်နေ့ ပြန် လာတယ်၊ ၉ ရက်နေ့ ဒီပြန်ရောက်တယ်၊ သဘောင်္ပေါ်မှာ စားသောက် စရိတ်က အတော်လေးကုန်တယ်၊ ထမင်း တပွဲကို အနည်းဆုံး ကျပ် ၈၀၀ ၊ ထမင်းတခါစားရင် ၂၀၀၀-၃၀၀၀ လောက်ကုန်တယ်၊ တရက်ကို အနည်းဆုံး ကျပ် ၇၀၀၀-၈၀၀၀ လောက်ကျတယ်၊ အားလုံး ၉-၁၀ ရက်လောက် ဖြစ်သွားတယ်၊ ၈၀၀၀၀ - ၉၀၀၀၀ လောက် ကုန်တယ်၊ သွားရလာရတာက တော်တော်လေး ခက်တယ်၊ အိုင်စီအာစီကတော့ သဘောင်္လက်မှတ်အတွက် ကို ပေးမယ်တဲ့”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ယင်း ကိုပြုံးချို၏ ကျန်းမာရေးသည် သွေးအနည်းငယ်တိုးနေကာ ၎င်းအားထားရှိသောထောင်သည် ကော့သောင်း မြို့နှင့် ၇ မိုင်ခန့်ဝေး၍ ဆိုင်ကယ် ကယ်ရီဖြင့်သာ သွားလာရပြီး သဘောင်္ဆိပ်နှင့်လည်း အလှမ်းဝေးသော ကြောင့် ခက်ခဲကြောင်းလည်း ၎င်းက ဆိုသည်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် ကျိုင်းတုံထောင်တွင်ရှိနေပြီး ကျန်းမာရေးဆိုးနေ ကြောင်း နှင့် ကိုကိုကြီးကိုမူ မိုင်းဆတ် အကျဉ်းထောင်သို့ ပြောင်းရွှေ့ထားသောကြောင့် သွားရေးလာရေး အခက် အခဲရှိသည်ဟုလည်း ဦးဝင်းမောင်က ပြောဆိုသည်။

“ကိုမင်းကိုနိုင်ကတော့ ကျိုင်းတုံမှာ၊ အခုက ရာသီဥတုကြမ်းတယ်တဲ့၊ သူက မျက်လုံးလည်း မကောင်းဘူး၊ သွေးတိုးလည်းရှိတယ်၊ ၃-၄ မျိုးလောက် ဖြစ်နေတာာ၊ လွတ်လွတ်လပ်လပ် နေထိုင်ခွင့်မရတာ၊ ရာသီဥတု ဒဏ်မခံနိုင်တာနဲ့ တော်တော်လေး ကျန်းမာရေးဆိုးတယ်လို့ ကြားရတယ်၊ ကိုကိုကြီးကတော့ မိုင်းဆတ် ပြောင်းသွားတယ်၊ မိုင်းဆတ်မှာလည်း ရာသီဥတုက ဆိုးတယ်လို့ပြောတယ်၊ သွားရေး လာရေးကလည်း ခက်တယ်တဲ့”ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်း ကလေးမြို့ ထောင်သို့ ပြောင်းရွှေ့ခံရသည့် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးထံသို့ သွားရောက်တွေ့ဆုံရာတွင် လမ်းခရီးခက်ခဲပြီး ကုန်ကျစရိတ်ကြီးသောကြောင့် လာမည့်နှစ် ဇန်န၀ါရီလ အတွင်းကျမှ ထပ်မံသွားရောက်နိုင်မည်ဖြစ်ကြောင်း အစ်မဖြစ်သူ မဌေးဌေးကြည်ကလည်း ပြောပြသည်။

“၉ ရက်နေ့က သွားတာ၊ ကောင်းကောင်းမွန်မွန်တော့ နေရပါတယ်တဲ့၊ ကျန်းမာရေးလည်း မဆိုပါဘူး၊ ထောင်က ဆက်ဆံရေးလည်း ကောင်းပါတယ်၊ သွားရေးလာရေးပဲ မလွယ်တာ၊ ၇ ရက် နေ့ မနက် ၄ နာရီထွက်တယ်၊ ၈ ရက်နေ့ မန္တလေးကို ရောက်တယ်၊ ညလုံးပေါက်ပဲ၊ အသွားအပြန် ၅ ညနဲ့ ၆ ရက်ကြာတယ်၊ ၁၁ ရက် နေ့က ပြန်ရောက်တယ်၊ စရိတ်စက က စားတာသောက်တာရောဆို ၈၆၀၀၀ လောက်ကုန်တယ်၊ သူ့အတွက် အသုံး ဆောင်ပစ္စည်းဖိုးက ၇၀၀၀၀ ကျော် ကုန်တယ်၊ သူသုံးဖို့ ငွေ တသိန်း သတ်သတ် ထောင်ကို လက်မှတ်ထိုးပြီး ပေးခဲ့ရသေးတယ်၊ ရှေ့ နှစ် ဇန်န၀ါရီထဲ ကျမှပဲ ထပ်သွားနိုင်တော့မယ်”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနှင့် မစုစုနွေးတို့ကို ပြီးခဲ့သည့် နိုဝင်ဘာလလယ်က အင်းစိန် အကျဉ်းထောင်မှ ဝေးလံသည့် နယ်ထောင်များသို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။

ယင်းသို့ ထောင်ပြောင်းရွှေ့မှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း အတွင်းရေးမှူး ဦးတိတ်နိုင်က“ထောင်ပြောင်းလိုက်ပြီးတဲ့နောက် ဒုက္ခခံစားရတာက မိသားစုတွေပါ၊ ပြောင်းလိုက်တဲ့ ဒေသတွေကို သွားဖို့ အချိန်ကုန်တယ်၊ အလုပ်ပျက်တယ်၊ ငွေကုန်မယ်”ဟု ဧရာဝတီသို့ ပြောခဲ့ဖူး သည်။

0 comments: