Thursday, December 4, 2008

ကမ္ဘာ့ခေါင်းဆောင်ဟောင်းများက မစ္စတာ ဘန်ကီမွန်း မြန်မာပြည် သွားရန် တောင်းဆို

မဇ္ဈိမ-ဆလိုင်းပီပီ၊ ဒီဇင်ဘာလ ၃ ရက် ၂၀၀၈

နယူးဒေလီ။ ။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေဖြင့် မြန်မာနိုင်ငံသို့ နှစ်သစ်မတိုင်မီ သွားရောက်လည်ပတ်ပြီး နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် မြန်မာအစိုးရကို ဖိအားပေးရန် နိုင်ငံခေါင်းဆောင်ဟောင်း ၁၁၀ ကျော်တို့က ယနေ့ တောင်းဆိုလိုက်သည်။

အမေရိကန် သမတ ဂျော့ဘုရှ်၊ သမတဟောင်း ဂျင်မီကာတာ၊ ဗြိတိန် ၀န်ကြီးချုပ်ဟောင်းများဖြစ်သည့် တိုနီဘလဲယား၊ မာဂရက်သက်ချာနှင့် ဂျွန်မေဂျာ၊ ဆိုဗီယက် ခေါင်းဆောင်ဟောင်း မီခေးလ်ဂေါ်ဘာချော့တို့ ပါဝင်ထားသော နိုင်ငံပေါင်း ၅၀ ကျော်မှ သမတဟောင်းများ၊ ၀န်ကြီးချုပ်ဟောင်းများက စုပေါင်း တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

"ကုလသမဂ္ဂအနေနဲ့ အရေးယူမှုလုပ်ဖို့ ဒီကနေ့ ကျနော်တို့အားလုံး တညီတညွတ်တည်းပဲ တောင်းဆိုချင်ပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ထွန်းဖို့ ပထမဆုံးအဆင့်က နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးမယ့် ရက်တခု အတိအကျ ရမှပဲဖြစ်မှာ" ဟု တိုက်တွန်းစာကို ထုတ်ပြန်ခဲ့သည့် ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် လွတ်မြောက်ရေးအတွက် အော်စလိုစင်တာဟု ခေါ်တွင်သည့် အဖွဲ့က ပြောဆိုသည်။

ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု အောင်မြင်စေရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ကုလသမဂ္ဂအနေဖြင့် လိုအပ်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် မြန်မာပြည်သူများက မျှော်လင့်စောင့်စားနေသည်ဟု စာထဲတွင် ဆိုထားသည်။

မစ္စတာ ဘန်ကီမွန်းသည် ပြီးခဲ့သည့် မေလအတွင်းက မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး နာဂစ်မုန်တိုင်း သင့်သူများအတွက် နိုင်ငံတကာက ထောက်ပံ့လှူဒါန်းမှုများ လက်ခံရယူရန် စစ်အစိုးရကို နားချခဲ့သည်။ မုန်တိုင်းကြောင့် လူဦးရေ တသိန်းသုံးသောင်းခန့် သေဆုံးခြင်း သို့မဟုတ် ပျောက်ဆုံးခြင်းများ ရှိခဲ့ပြီး ၂ ဒဿမ ၄ သန်းခန့်မှာ အကူအညီများ လိုအပ်နေသည်။

မစ္စတာ ဘန်က သောင်မတင် ရေမကျဖြစ်သော မြန်မာ့နိုင်ငံရေးကို ဖြေရှင်းရန် မြန်မာနိုင်ငံသို့ နောက်တကြိမ် သွားရောက်လိုကြောင်းနှင့် ဒီဇင်ဘာလအတွင်း သွားရောက်နိုင်ရန် ကြိုးပမ်းမည်ဟု အစောပိုင်းတွင် ပြောဆိုခဲ့သည်။ သို့်သော်လည်း နိုင်ငံရေးတိုးတက်မှု တစုံတရာ မရှိလျှင် ခရီးစဉ်ကို ပယ်ဖျက်ဖွယ်ရှိသည်ဟု သူ၏ ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့သည့်လအတွင်းက ပြောကြားခဲ့သည်။

၂၀၀၇ ခုနှစ် အောက်တိုဘာလအတွင်း ကုလလုံခြုံရေးကောင်စီက ကြေညာချက်ထုတ်ရာတွင် မြန်မာနိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုခဲ့သည့်အပြင် ၂၀၀၈ ခုနှစ် နောက်ဆုံးထားကာ ပြန်လွှတ်ပေးရန် ပြောဆိုခဲ့သည်။

သို့သော်လည်း မြန်မာစစ်အစိုးရက နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးမှုအသစ်များ ပြုလုပ်ခဲ့သလို၊ ပြီးခဲ့သည့် လအတွင်းကလည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းဖြင့် အဆိုပါ တောင်းဆိုမှုကို လျစ်လျှူရှုခဲ့သည်။

ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) - အေအေပီပီ အဆိုအရ ယခင်နှစ်က နိုင်ငံရေးအကျဉ်းသား ၁၂၀၀ ခန့်သာရှိခဲ့ရာမှ ယခုအခါ ၂၀၀၀ ကျော်သို့ တိုးမြှင့်သွားပြီဟု ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း သံဃာတော်များ၊ လေဘေးကယ်ဆယ်ရေးသမားများ၊ သတင်းထောက်များ၊ ဘလော့ဂါများ၊ အနုပညာရှင်၊ ရှေ့နေများ၊ ၈၈ မျိုးဆက်ကျောင်းသားများနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ ပါဝင်သော နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂၁၅ ဦးကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်ဟုလည်း အေအေပီပီက ဆိုသည်။

၂၀၀၈ ခုနှစ် ကုန်ဆုံးသည်အထိ မြန်မာစစ်အစိုးရက အပြောင်းအလဲ မလုပ်လျှင် ကုလလုံခြုံရေးကောင်စီက ချမှတ်ထားသော အရေးယူဆောင်ရွက်ရေးကို လက်တွေ့လုပ်ဆောင်ရန် မစ္စတာ ဘန်ကီမွန်းကို ကမ္ဘာ့နိုင်ငံခေါင်းဆောင်ဟောင်းကြီးများက တိုက်တွန်းလိုက်သေးသည်။

ဘန်ကီမွန်းထံသို့ ရေးသောစာကို နော်ဝေး ၀န်ကြီးချုပ်ဟောင်းနှင့် ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးအတွက် အော်စလိုစင်တာ ဥက္ကဋ္ဌ Kjell Magne Bondevik က စတင်၍ အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

0 comments: