Thursday, December 4, 2008

ဆုကြေး သိန်း (၁,ဝဝဝ) ပေးမည့် ကျပ် (၂၀၀) တန် ထီလက်မှတ် စတင်ရောင်းချ

NEJ/ ၃ ဒီဇင်ဘာ ၂၀၀၈
ဆုကြေးငွေ သိန်း (၁,၀၀၀) ပေးမည့် ထီလက်မှတ်ကို စစ်အစိုးရက စတင် ရောင်းချနေရာ အဆိုပါ သိန်း (၁,၀၀၀) ဆုပေါက်လျှင် ထီ ကိုယ်စားလှယ်များ ကလည်း သိန်း (၅၀၀) ပေးမည်ဖြစ်သည့် အတွက် စုစုပေါင်း သိန်း (၁,၅၀၀) ပေးမည့် ကျပ် (၂၀၀) တန် ထီ လက်မှတ်များကို ဒီဇင်ဘာလမှစပြီး ရောင်းချ နေခြင်းဖြစ်သည်။

မိုးယံ၊ ရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီဆိုင်ပိုင်ရှင် တဦးက “ကျမတို့ဆိုင်က ထိုးတဲ့ ထီလက်မှတ်တွေ ထဲက ကျပ် သိန်း (၁,ဝဝဝ) ဆုပေါက်ရင် အပိုဆု ကျပ် သိန်း (၅ဝဝ) ပေးမယ်ဆိုတော့ ကျပ်သိန်း (၁,၅ဝဝ) ရမယ်။ အလားတူ ကျပ် သိန်း (၅ဝဝ) ဆုပေါက်ရင် ကျပ် သိန်း (၅ဝ)၊ ကျပ် သိန်း (၃ဝ၀) ဆုပေါက်ရင် ကျပ် (၁ဝ) သိန်း၊ ကျပ်သိန်း (၂ဝဝ) ဆုပေါက်ရင် ကျပ် (၅) သိန်း၊ ကျပ် သိန်း (၁ဝဝ) ဆုပေါက်ရင် ကျပ် (၂) သိန်း အပိုဆုအဖြစ် ထပ်ပြီး ချီးမြှင့်မှာ ဖြစ်ပါတယ်” ဟု ရှင်းပြသည်။

အလားတူ အခြားထီကိုယ်စားလှယ် ဆိုင်ကြီးများကလည်း တူညီသည့် အပိုဆုကြေး ပေးကြပြီး အပိုဆုပေးမည့် ပမာဏနှင့် ပတ်သက်ပြီး ထီအရောင်းကိုယ်စားလှယ်ကြီးများနှင့် အစိုးရ အောင်ဘာလေသိန်းဆုဌာန တာဝန်ရှိ အရာရှိကြီးများ ညှိနှိုင်းပြီးမှ အမြင့်ဆုံးအပိုဆုကို ကျပ် သိန်း (၅ဝဝ) ထက်ပိုမပေးရန် ညှိနှိုင်းထားခဲ့ကြောင်းလည်း ထီကိုယ်စားလှယ်တဦးက ပြောပြသည်။

၎င်းကဆက်ပြောရာတွင် အစိုးရသည် ယခုနောက်ဆုံး (၂၄ဝ) အကြိမ်မြောက်ကစပြီး ထီလက်မှတ်တစောင် နဂို ကျပ် (၁ဝဝ) မှ ကျပ် (၂ဝဝ) အထိ တန်ဖိုးတိုးမြှင့်သတ်မှတ်ခဲ့ကြောင်း၊ အမြင့်ဆုံးထီဆုကိုလည်း ကျပ် သိန်း (၅ဝဝ) မှ သိန်း (၁,ဝဝဝ) အထိ တိုးမြှင့်ပေးခဲ့ကြောင်း ရှင်းပြသည်။

ထီဆိုင်များအနေဖြင့် အစိုးရ ထီလက်မှတ်များကို သတ်မှတ်ဈေးအတိုင်း မဟုတ်ဘဲ အမြတ်တင်ရောင်းချခွင့်ရှိခြင်းကြောင့် ဆုကြီးပေါက်သူများကို နောက်ထပ် အပိုဆု ထပ်ချီးမြှင့်နိုင်ခြင်း ဖြစ်သည်ဟု ဆိုင်ပိုင်ရှင်များက ပြောသည်။ ယခင် သိန်း (၅ဝဝ) ဆု တုန်းကလည်း အပိုဆု ကျပ် သိန်း (၅ဝဝ) ပေးပြီး၊ ယခု ကျပ် သိန်း (၁,ဝဝဝ) မှာလည်း ကျပ် သိန်း (၅ဝဝ) ပဲ ပေးကြောင်း၊ ၎င်းပမာဏမှာမူ အစိုးရနှင့် ထီဆိုင်များ ညှိနှိုင်းပြီး သတ်မှတ်ထားခြင်း ဖြစ်ကြောင်း၊ ယခု (၂ဝဝ) ကျပ်တန် ထီလက်မှတ်များကို အစိုးရထံမှ တစောင်ကို (၁၈၂) ကျပ်နှုန်းဖြင့် ဝယ်ရကြောင်း၊ အဆိုပါ ထီကို ကျပ် (၂ဝဝ) ဖြင့် ရောင်းမည်ဖြစ်သော်လည်း အပိုဆုပေးကြသည့်အတွက် ကျပ် (၂၂ဝ) မှ (၂၅ဝ) အကြား အဆင်ပြေသလို ရောင်းချကြသည်ဟုလည်း ရှင်းပြသည်။

ရန်ကုန်မြို့ရှိ ထီဆိုင်ကြီးများတွင် လောလောဆယ် အစောင် (၃ဝ) ပါ မင်္ဂလာစုံတွဲ တတွဲကို ကျပ် (၆,၅ဝဝ) မှ ကျပ် (၇,ဝဝဝ)၊ (၁ဝ) စောင်တွဲကို ကျပ် (၂,၅ဝဝ) နှင့် (၂) စောင်တွဲကို ကျပ် (၅ဝဝ) စသဖြင့် ရောင်းချနေသည်။

ထီစတင်ရောင်းချသည့် ဒီဇင်ဘာ (၁) ရက်နေ့ထိ ထီဆိုင်ကြီးအများစုသည် ဈေးနှုန်းသတ်မှတ်နိုင်ခြင်း မရှိကြသေးဘဲ ဒီဇင်ဘာ (၂) ရက်နေ့ ရောက်မှသာ (၂ဝဝ) ကျပ်တန်ထီကို (၂၃ဝ) မှ (၂၅ဝ) အကြား အဆင်ပြေသလို ရောင်းချကြပြီး နယ်ထီဆိုင်များတွင်မူ ယခုထက် ဈေးနှုန်းပိုမိုမြင့်ကြောင်း စုံစမ်းသိရသည်။

ဗိုလ်ချုပ်အောင်ဆန်းဈေးသစ်အနီး ထီဆိုင်တန်းများကိုမေးကြည့်ရာ ယခင် ကျပ် (၁ဝဝ) တန် လက်မှတ်များကဲ့သို့ ရောင်းအား မကောင်းကြောင်း၊ ထီလက်မှတ် တန်ဖိုးများ (၂) ဆ တက်သွားသော်လည်း ပြည်သူများ၏ ထီထိုးနိုင်မှု၊ ငွေကြေး တတ်နိုင်မှု ပမာဏ အခြေအနေမှာ (၂) ဆ တက်မလာကြောင်းရှင်းပြသည်။ ထီလက်မှတ် ရောင်းမကုန်ပါများလာလျှင် ထီအရောင်းကိုယ်စားလှယ် ဆိုင်ကြီးများ အရှုံးပေါ်မည်ဖြစ်ကြောင်း၊ ယင်းသို့ဖြစ်လာပါက လာမည့် (၂၄၁) ကြိမ်အတွက် ထီလက်မှတ်များကို အစိုးရက အက္ခရာလျော့ပြီး အရေအတွက် လျော့ထုတ်လုပ်လာနိုင်ကြောင်း ထီလုပ်ငန်းရှင်များ ဝေဖန်သုံးသပ်နေကြသည်။

ဒီဇင်ဘာလ (၂) ရက်နေ့က ထီ (၂) စောင်ထိုးခဲ့သူတဦးကမူ ယခုကဲ့သို့ ငွေ (၅ဝဝ) ကျပ်နှင့် ယခင်က ထီလက်မှတ် (၄-၅) စောင် ကံစမ်းနိုင်ကြောင်း၊ ယခု (၂) စောင်သာရသည့်အတွက် (၂) စောင်ပဲ ထိုးကြောင်း၊ ထီပေါက်ရန် သိပ်မမျှော်လင့်သော်လည်း ပေါက်လိုပေါက်ငြား ထိုးရခြင်းဖြစ်ကြောင်း ပြောပြသည်။

0 comments: