Tuesday, December 2, 2008

စစ်အစိုးရ ပရီပိတ်ဆင်းကတ် ရောင်းတော့မည် ဈေးအလွန်ကြီးမည်မှန်း

NEJ/ ၂ ဒီဇင်ဘာ ၂၀၀၈

လက်ကိုင်ဖုန်းများတွင်သုံးရန် ပရီပိတ်ဆင်းကတ် (Pre-paid Sim Card) များ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ရောင်းတော့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အရာရှိတဦးက ပြောသည်။

နန်နင်းကုန်စည်ပြပွဲနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးတင့်လွင်က သတင်းထောက်များအား ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မရမ်းကုန်း တယ်လီဖုန်းအိတ်ချိန်းရုံ အကြီးတန်းအင်ဂျင်နီယာတဦးကို မေးရာ ဈေးကြီးနိုင်စရာရှိသည့်အတွက် ၀မ်းသားစရာမဟုတ်ဟု ပြောသည်။

၎င်းက “ပရီပိတ်ဆင်းကတ် ဆိုပေမယ့် နိုင်ငံတကာမှာလို ဘယ်သူဝယ်ဝယ် ပေါပေါလောလော ရောင်းပေးတာ မျိုး လုပ်မှာမဟုတ်ပါဘူး။ ပထဆင့်အနေနဲ့ ဆင်းကတ်ဝယ်သူတွေရဲ့ မှတ်ပုံတင်၊ လိပ်စာ၊ ထောက်ခံစာ စတာတွေ တောင်းလိမ့်မယ်။ နောက်တချက်က ဒီကတ်တွေဟာ လက်ရှိထုတ်ပေးထားတဲ့ ဆင်းကတ်တွေလို အမြဲသုံးလို့မရပါဘူး။ သတ်မှတ်ကာလတခုအတွင်းမှာပဲ သုံးလို့ရမှာဖြစ်ပါတယ်။ ရက်လွန်ရင် သုံးမရတော့ဘူး။ နောက်ဈေးလည်း အလွန်ကြီးမှာဖြစ်တယ်။ ကျပ်ငွေနဲ့ရောင်းမရောင်းတောင် မသေချာသေးဘူး။ ဖုန်းသုံးခဈေးနှုန်းကလည်း ခုလို အထွက် (၂၅) ကျပ်၊ အ၀င်အခမဲ့ မဟုတ်ဘဲ အ၀င်ရော၊ အထွက်ရော နှုန်းထားတခုနဲ့ ပေးရလိမ့်မယ်။ ဒါကြောင့် သိပ်ဝမ်းသာစရာတော့ မဟုတ်ဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းဝင် ကုန်သည်ကြီးတဦးကမူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ယခုကဲ့သို့ ပရီပိတ်ဆင်းကတ် ရောင်းပေးခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ကြောင်း၊ ၂၀၀၆ ခုနှစ် တရုတ်-မြန်မာကုန်စည်ပြပွဲ မူဆယ်တွင် ကျင်းပစဉ်ကလည်း ကုန်သည်များအတွက် ထုတ်ရောင်းပေးခဲ့ဖူးကြောင်း၊ သို့သော် (၁၀) ရက်သာ သုံးနိုင်သည့် အဆိုပါဆင်းကတ်ကို ဒေါ်လာ (၅၀) နှင့် ဒေါ်လာ (၁၀၀) ဈေးနှုန်း သတ်မှတ်ရောင်းခဲ့သည့်အတွက် မည်သည့် တရုတ်-မြန်မာ ကုန်သည်ကမျှ ၀ယ်ယူခြင်း မရှိခဲ့ကြောင်း ပြောပြသည်။

မြန်မာနိုင်ငံရှိ လက်ကိုင်ဖုန်းများအနေဖြင့် လက်ရှိ ဂျီအက်စ်အမ်၊ စီဒီအမ်အေ၊ ဆယ်လူလာ တယ်လီဖုန်း စနစ်များသာရှိသေးပြီး ဂျီအက်စ်အမ်စနစ် ဆင်းကတ်နှင့် စီဒီအမ်အေစနစ် ဆင်းကတ်များကိုမူ ဆက်လက် ငှားရမ်းနေဆဲဖြစ်သည်။ ငှားရမ်းခအဖြစ် အစိုးရကို ကျပ်ငွေ (၁၅) သိန်း (၅) သောင်း ပေးသွင်းရပြီး လက်လွှဲရောင်းချခွင့်၊ လက်လွှဲငှားရမ်းခွင့် မရှိဟု သိရသည်။

သို့သော် အဆိုပါ ဆင်းကတ်များသည် အပြင်တွင် (၂၁) သိန်းမှ (၂၄) သိန်းကြား အရောင်းအ၀ယ် ဖြစ်လျက်ရှိသည်။

မိုဘိုင်းဆင်းကတ်ဈေးနှုန်းများ အဆမတန်ကြီးနေသည့်အတွက် ငွေမတတ်နိုင်သူများက ငှားရမ်းသုံးကြပြီး မိုဘိုင်းဖုန်းဝယ်ယူ စုဆောင်းကာ ငှားစားသူများလည်း ပေါ်ပေါက်လာသည်။ ဆင်းကတ်ငှားခမှာ တလကို (၅၀,၀၀၀) ဖြစ်ပြီး စပေါ်ငွေ (၂) သိန်းထိ ပေးကြရသည်။
မြန်မာနိုင်ငံသည် အာဆီယံ (၁ဝ) နိုင်ငံတွင် တယ်လီဖုန်း တပ်ဆင်ထားမှု အနည်းဆုံး နိုင်ငံဖြစ်ပြီး လူဦးရေ၏ (၁) ရာခိုင်နှုန်းမျှပင် တယ်လီဖုန်း ပိုင်ဆိုင်ခြင်း မရှိပေ။ လက်ရှိ ဂျီအက်စ်အမ် တယ်လီဖုန်း အလုံး (၂) သိန်းခွဲခန့် အသုံးပြုခွင့်ပေးထားသော်လည်း အခြားနိုင်ငံက ဂျီအက်စ်အမ် ဖုန်းများကဲ့သို့ အသုံးပြုရာတွင် မကောင်းဟု သိရသည်။

ယခုကဲ့သို့ ဂျီအက်စ်အမ် ဆင်းကတ်ရောင်းချပေးမည့် အစီအစဉ်သည် မြန်မာနိုင်ငံသားများအတွက် မဟုတ်ဘဲ မြန်မာနိုင်ငံကို ခေတ္တခဏ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားများကို ရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်း ဈေးကွက်အတွင်းမှာ ဝေဖန်သုံးသပ်နေကြသည်။

1 comments:

မာတလိ said...

ဒီနေ့ထုတ် 7day Journal မှာပြောထားတာကတော့
- Central Marketing Co Ltd ကတာဝန်ယူမယ်
- card တစ်ခုကို FEC 50 နဲ့ရောင်းမယ်
- Incoming call အတွက် FEC 0.05 per minute နဲ့
Outgoing call အတွက် FEC 0.30 per minute ပါ
- Bonus အတွက် ကတ်ဝယ်ရင် FEC 10 ထဲ့ပေးမယ်
-International call အတွက် FEC 1.5 per minute နဲ့
SMS အတွက် 0.05 FEC သတ်မှတ်ထားပါတယ်