Tuesday, November 18, 2008

(၄) နိုင်ငံမှ မြန်မာသံအမတ်ကြီးများ၏ ကိုယ်ရေးရာဇ၀င် စစ်အစိုးရ ထူးထူးခြားခြားတောင်း

NEJ/ ၁၇ နိုဝင်ဘာ ၂၀၀၈

နီပေါနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ အိန္ဒိယနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ မြန်မာသံအမတ်ကြီးများ၏ ကိုယ်ရေးရာဇ၀င်များကို မကြာခင်က စစ်အစိုးရ ရုတ်တရက် တောင်းလိုက်သည့်အတွက် အဆိုပါ သံအမတ်ကြီးများအား ရာထူးမှ အနားပေးခြင်း သို့မဟုတ် အပြောင်းအရွှေ့ လုပ်လေမလားဟု သံတမန်လောကတွင် ပြောဆိုနေကြသည်။

မြန်မာသံအမတ်ကြီးတဦး၏ကိုယ်ရေးရာဇ၀င်ကို တောင်းပြီဆိုလျှင် အဆိုပါ သံအမတ်အား ရာထူးမှအနားပေးသည့်အခါမျိုး၊ ပြောင်းရွှေ့သည့်အခါမျိုးမှာသာ တောင်းလေ့ရှိသော်လည်း ယခုကဲ့သို့ မြန်မာသံအမတ်ကြီး (၄) ဦး၏ ကိုယ်ရေးရာဇ၀င်ကို တပြိုင်တည်း တောင်းသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်ဟု သံတမန်တဦးက ပြောသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနတွင် နိုင်ငံခြားငွေ ပြတ်လပ်နေသည့်အလျောက် နီပေါနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ သံရုံးများထဲမှ မြန်မာသံရုံးအချို့ကို ပိတ်မည့်အလားအလာလည်း ရှိနိုင်သည်ဟု နေပြည်တော်သတင်းရပ်ကွက်က ပြောသည်။

ထိုအတောအတွင်း နယူးယော့ခ် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင့်ဆွေ၏နေရာကို ဗိုလ်ချုပ်တဦးဖြင့် အစားထိုးရန် စစ်အစိုးရဘက်မှ ပြင်ဆင်နေသည်ဟုလည်း အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

ကျန်းမာရေးမကောင်းသည့် ထိုင်းနိုင်ငံ ဘန်ကောက် မြန်မာသံအမတ်ကြီး ဦးရဲဝင်းနေရာ လာချင်သည့် သံအမတ် အများအပြားရှိသော်လည်း ကောလာဟလ သတင်းများသာ ထွက်နေပြီး အတည်ပြုမိန့်မထွက်သေးဟု စုံစမ်းသိရသည်။

0 comments: