Tuesday, November 18, 2008

နိုင်ငံရေးလှုပ်ရှားသူများကို ဆက်လက်ထောင်ချနေဆဲ

ဧရာဝတီ၊ နိုဝင်ဘာလ ၁၇ ရက် ၂၀၀၈

စစ်အစိုးရက လွန်ခဲ့သည့် အပတ်ကစ၍ ထင်ရှားသည့် ၈၈ မျိုးဆက် ကျောင်းသားများ၊ အန်အယ်လ်ဒီ ပါတီဝင်များနှင့် သံဃာတော်များ အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှား သူများကို နှစ်ရှည်ထောင်ချမှုများ ပြုလုပ်နေသကဲ့သို့ အမိန့်ချပြီးသူများကို မိသားစုဝင်များနှင့်ဝေးရာ နယ်ထောင်များသို့ ပို့ဆောင်လျက် ရှိသည်။

ကုန်ဈေးနှုန်းကျဆင်းရေးဆန္ဒပြပွဲများကိုဦးဆောင်ခဲ့သူတဦးဖြစ်သည့် ကိုထင်ကျော်အပါအဝင် ဗကသ ကျောင်းသားများဖြစ်ကြသည့် ကိုစည်သူမောင်၊ ကိုရဲမြတ်ဟိန်း၊ ကိုရဲမင်းဦးနှင့် ကိုနေလင်းအောင်၊ အန်အယ်လ်ဒီပါတီဝင် ကိုသိန်းဆွေနှင့် ကိုကြည်ဖြူ၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ဝင် ကိုမျိုးသန့်နှင့် စက်တင်ဘာလှုပ်ရှားမှုကြောင့် အဖမ်းခံရသည့် မြောက်ဥက္ကလာ သီရိဇေယျာကျောင်းတိုက်မှ အရှင်စန္ဒာဝါရ တို့ကို ယနေ့ထောင်အသီးသီးချလိုက်သည်ဟု အင်းစိန်ထောင် ဝန်ထမ်းအသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောဆိုသည်။

လွန်ခဲ့သည့်နှစ် သြဂုတ်လကုန်ပိုင်းကတည်းက ဖမ်းဆီးခြင်းခံထားရသည့် ကိုထင်ကျော်အား ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်လိုက်ပြီး ကိုစည်သူမောင်၊ ကိုရဲမြတ်ဟိန်း၊ ကိုရဲမင်းဦး၊ ကိုနေလင်းအောင်၊ ကိုသိန်းဆွေ၊ ကိုကြည်ဖြူနှင့် ကိုမျိုးသန့်တို့ကို ထောင်ဒဏ် ၆ နှစ်ခွဲစီ ချမှတ်လိုက်ကြောင်း သိရသည်။

ကိုစည်သူမောင်သည် လွန်ခဲ့သည့်နှစ် အောက်တိုဘာလကတည်းက ဖမ်းဆီးခြင်းခံရသည့် ဗကသ များအဖွဲ့ချုပ်၏ ခေါင်းဆောင်တဦးဖြစ်ပြီး ရွှေဝါရောင်တော်လှန်ရေးတွင် တက်ကြွစွာပါဝင်ခဲ့သူလည်း ဖြစ်သည်။ ကိုစည်သူမောင်၏ မိဘများဖြစ်ကြသည့် ဦးပီတာနှင့် ဒေါ်နုနုဆွေတို့ကိုလည်း ၎င်းတို့၏နေအိမ်သို့ အာဏာပိုင်တို့ ဝင်ရောက်ရှာဖွေစဉ် အိမ်တံခါးချက်ချင်းမဖွင့်သဖြင့် ဝတ္တရားနှောင့်ယှက်မှုဖြင့် ယခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ထောင်ဒဏ် ၆ နှစ်စီ ချမှတ်ခဲ့သေးသည်။

ယခုလ ၁၀ ရက်နေ့က ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရသည့် ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် အန်အယ်လ်ဒီလူငယ်တဦးဖြစ်ပြီး ထင်ရှားသည့် ဘလော့ဂါတဦးလည်းဖြစ်သည့် ကိုနေဘုန်လတ်အား ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်ရှိ ဘားအံထောင်သို့ ပြောင်းရွှေ့လိုက်သည်ဟု ၎င်း၏မိခင်ဖြစ်သူ ဒေါ်အေးသန်းက ဧရာဝတီကို ပြောဆိုသည်။

“ဒီမှာတောင် အခက်အခဲတွေအများကြီးရှိတာ အခုလိုနယ်ပြောင်းလိုက်ပြီဆိုတော့ သွားရလာရတာနဲ့ စရိတ်စက ကအစ တာဝန်ပိုကြီးလာတာပေါ့ … သူ့ရဲ့ (နေဘုန်းလတ်) ကျန်းမာရေးကတော့ ကောင်းပါတယ်” ဟု ဒေါ်အေးသန်းက ပြောသည်။

ယခုလဆန်းပိုင်းကစ၍ စစ်အစိုးရက နိုင်ငံရေးအမှုလိုက် ရှေ့နေ ၃ ဦး အပါအဝင် ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်များ၊ သံဃာတော်များနှင့် နိုင်ငံရေးလှုပ်ရှားတက်ကြွသူ ၈၀ ခန့်ကို အနည်းဆုံး ၄ လမှ ၆၅ နှစ်ခွဲအထိ ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့သည်။

0 comments: