Tuesday, November 18, 2008

မင်းကိုနိုင်နှင့်ကျောင်းသားခေါင်းဆောင်များအား အစွန်အဖျားထောင်များ ရွှေ့ပြောင်း ရှေ့နေကြီး ဦးအောင်သိန်းကို ပုသိမ်ထောင်သို့ပြောင်း

ခေတ်ပြိုင်-ကိုဝိုင်း/ ၁၇ နိုဝင်ဘာ ၂၀၀၈

အင်းစိန်ထောင်မှ မအူပင်ထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသော ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် (၉) ဦးအနက် (၈) ဦးကို နယ်စွန်နယ်ဖျားရှိ ထောင်များသို့ ယမန်နေ့မနက်က ထပ်မံပြောင်းရွှေ့လိုက်ကြောင်း ပြောင်းရွှေ့ခံရသူထဲတွင် ပါဝင်သည့် ကိုဌေးကြွယ်၏ ညီမ မမီမီကြွယ်က ခေတ်ပြိုင်သို့ပြောသည်။

၎င်းတို့ (၉) ဦးကို ယခုလ (၁၁) ရက်နေ့၌ မအူပင်ထောင်က ထောင်ဒဏ် (၆၅) နှစ်စီ ချမှတ်ခဲ့ပြီးနောက် အင်းစိန်ထောင်သို့ (၁၅) ရက်နေ့တွင် ပြန်လည်ခေါ်ဆောင်လာကြောင်း၊ (၁၆) ရက်နေ့ မနက်အစောပိုင်းတွင် မိသားစုများအား ကြိုတင်အကြောင်းကြား ခြင်းမရှိဘဲ ယခုကဲ့သို့ ရုတ်တရက် ထပ်မံပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်ဟု မမီမီကြွယ်က ပြောသည်။

ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့နှစ်ဦးကို ကျိုင်းတုံထောင်၊ ကိုဌေးကြွယ်ကို ဘူးသီးတောင်ထောင်၊ ကိုမြအေးကို လွိုင်ကော်ထောင်၊ ကိုပြုံးချိုကို ကော့သောင်းထောင်၊ ကိုအောင်သူကို ပူတာအိုထောင်၊ ကိုလှမျိုးနောင်ကို မြစ်ကြီးနားထောင်နှင့် ကိုအောင်နိုင်ကို ကလေးထောင် စသည်ဖြင့် အသီးသီး လူစုခွဲရွှေ့ပြောင်းလိုက်သည်။ ကိုဥာဏ်လင်းသည် မအူပင်ထောင်မှ အင်းစိန်ထောင်သို့ ရွှေ့ပြောင်းရာတွင်ပါသော်လည်း နယ်စွန်နယ်ဖျား ထောင်များသို့ ရွှေ့ပြောင်းရာတွင်မူ မပါဝင်သေးကြောင်း သိရသည်။

၎င်းတို့ (၉) ဦးကို ပြီးခဲ့သည့်လကုန်ပိုင်း၌ တရားရုံးကို မထီမဲ့မြင်ပြုလုပ်သည်ဟုဆိုကာ ထောင်ဒဏ် (၆) လစီ ချမှတ်ပြီးနောက် မအူပင်ထောင်သို့ ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် မအူပင်ထောင်က တရားရုံးတင်စစ်ဆေး ခြင်းမပြုဘဲ ထောင်ဒဏ် (၆၅) နှစ်စီချခဲ့ ခြင်းဖြစ်ကြောင်း သိရသည်ဟု မမီမီကြွယ်က ပြောသည်။

၎င်းက “ကျမကမေးကြည့်တာပေါ့နော်။ ဒီမှာ တခြားသူတွေကို (၆၅) နှစ်ချတယ်လို့ ဆိုတော့။ ဟုတ်တယ်တဲ့ ကိုလေးတို့လည်း အတူတူပဲတဲ့။ ထောင်ပိုင်ရုံးခန်းထဲမှာပဲတဲ့။ တရားမျှတတဲ့ တရားစီရင်ရေးတော့ မဟုတ်ဘူးပေါ့ကွာတဲ့။ မအူပင်ထောင်ပိုင်ရုံးခန်း ထဲမှာပဲ ဒီအတိုင်း ချလိုက်တယ်ပေါ့။ တရားရုံးမှာမဟုတ်ဘူး။ (၁၁) ရက် (၁၁) လ (၁၁) နာရီကတဲ့။ အဲဒီလိုပြောတယ်” ဟု ပြောသည်။

ယခုလ (၁၁) ရက်၌ပင် အင်းစိန်ထောင်အတွင်း၌ ဖမ်းဆီးထားသော ၈၈ မျိုးဆက်ကျောင်းသားများဖြစ်သည့် ကိုမင်းဇေယျာ၊ ကိုဂျင်မီခေါ် ကိုကျော်မင်းယု၊ ကိုအံ့ဘွယ်ကျော်၊ ကိုမာကီးခေါ် ကိုကျော်ကျော်ထွေး၊ ကြီးသန်း ခေါ် ကိုသန်းတင်၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုဇေယျ၊ ကိုသက်ဇော်၊ ကိုဇော်ဇော်မင်း၊ မနီလာသိန်း၊ မမာမာဦး၊ မီးမီးခေါ် မသင်းသင်းအေး၊ ရွှီးခေါ် မစန္ဒာမင်း၊ မသက်သက်အောင်တို့ (၁၄) ဦးကိုလည်း ထောင်ဒဏ် (၆၅) နှစ် အသီးသီး ချမှတ်ခဲ့သည်။

ထို့အပြင် (၈၈) ကျောင်းသားခေါင်းဆောင်များအပါအ၀င် ဒီမိုကရေစီအရေး ထောက်ခံလှုပ်ရှားသူများကို ဥပဒေအကျိုး ဆောင်ပေးနေကြသော ရှေ့နေကြီး (၂) ဦးဖြစ်သည့် ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့အား ယခုလ (၇) ရက်နေ့က တရားရုံးကို မထီမဲ့မြင်ပြုသည်ဟူသော စွပ်စွဲချက်ဖြင့် ထောင်ဒဏ် (၄) လစီ ချမှတ်ခဲ့ပြီး အင်းစိန်ထောင်၌ ဖမ်းဆီးထားရာမှ ဦးအောင်သိန်းကို ပုသိမ်ထောင်သို့လည်းကောင်း၊ ဦးခင်မောင်ရှိန်ကို မြောင်းမြထောင်သို့လည်းကောင်း ယမန်နေ့က ပြောင်းရွှေ့လိုက်ကြောင်း မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။

0 comments: