Tuesday, November 18, 2008

အန်အယ်လ်ဒီလူငယ်များအား ထောင်ဒဏ်နှစ်ရှည်ချမှတ်

ခေတ်ပြိုင်-မြင့်မိုးဇော်/ ၁၇ နိုဝင်ဘာ ၂၀၀၈



(၁၄-၁၁-၂၀၀၈) ရက်က ကျောက်တံတားမြို့နယ်တရားရုံးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒေါပုံမြို့နယ်လူငယ်တာဝန်ခံ ကိုကျော်ဇင်ဝင်းအပါအ၀င် လူငယ် (၅) ဦးအား နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လိုက်သည်။

ကိုကျော်ဇင်ဝင်း၊ မကြည်ကြည်ဝါနှင့် ကိုနေဇာမျိုးဝင်းတို့အား အာဏာပိုင်များက (၃-၁- ၂၀၀၈) ရက်က နေအိမ်များမှ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး(၂၁-၁-၂၀၀၈) ရက်တွင် အသင်းအဖွဲ့ဖွဲ့စည်းခြင်းပုဒ်မ (၆) ဖြင့် တရားစွဲဆိုရုံးတင်ခဲ့သည်။ ယင်းနောက် (၂၃-၁-၂၀၀၈) ရက်တွင် ဗွီဒီယိုအက်ဥပဒေဖြင့် ထပ်မံတရားစွဲဆိုခဲ့ပြီး(၂-၄-၂၀၀၈) ရက်တွင် မတရားအသင်းအက်ဥပဒေပုဒ်မ (၁၇/၁-၂) ဖြင့် ထပ်မံတရားစွဲဆိုခြင်းခံခဲ့ရသည်ဟု အဆိုပါလူငယ်များနှင့် ရင်းနှီးသူတဦးက ပြောကြားသည်။

အဆိုပါပုဒ်မများနှင့် ကိုကျော်ဇင်ဝင်းအား ကျောက်တံတားမြို့နယ်တရားရုံးမှ ထောင်ဒဏ် (၁၆) နှစ်၊ မကြည်ကြည်ဝါအား (၁၁) နှစ်၊ ကိုကျော်ကျော်လင်း (ဒေါပုံမြို့နယ်၊ အမျိုးသားဒီ မိုကရေစီအဖွဲ့ ချုပ်လူငယ်တာဝန်ခံ (၂) အား ထောင်ဒဏ်(၁၃) နှစ်၊ ဒေါပုံမြို့နယ် အမျိုးသားဒီ မိုကရေစီအဖွဲ့ ချုပ်လူငယ် စည်းရုံးရေးနှင့်ဝါဒဖြန့်ချိရေးမှူး ကိုနေဇာမျိုးဝင်းအား ထောင်ဒဏ် (၅) နှစ်နှင့် ကိုအောင်ဇော်ဦးအား ထောင်ဒဏ် (၅) နှစ်အသီးသီး ချမှတ်ခဲ့ကြောင်း သိရှိရ သည်။

အဆိုပါနေ့၌ပင် သာကေတမြို့နယ် စည်းရုံးရေးအဖွဲ့ဝင် ဦးတင်မြင့်ကိုလည်း ထောင်ဒဏ် (၂) နှစ်ခွဲချမှတ်သည်။ ထိုသို့ ပြစ်ဒဏ်များချမှတ်ပြီးချိန်တွင် မိသားစုမှ တွေ့ခွင့်တောင်းသော်လည်း နိုင်ငံရေးအကျဉ်းသားများကို မိသားစုများနှင့် တွေ့ခွင့်မပေးကြောင်း သိရှိရသည်။


(၁၃-၁၁-၂၀၀၈) ရက်ကလည်း အင်းစိန်ဗဟိုအကျဉ်းထောင် အထူးတရားရုံးမှ လှိုင်သာယာမြို့နယ်မှ ကိုသန့်ဇင်မျိုး၊ ကိုသန်းဇော်မြင့်နှင့် ကိုမောင်ဆန်းဝင်းတို့ (၃) ဦးအား ထောင်ဒဏ် (၉) နှစ်နှင့် (၆) လ ကျခံစေရန် ချမှတ်လိုက်သည်ဟု သိရသည်။

၎င်းတို့ (၃) ဦးအား ပြီးခဲ့သည့်နှစ် စက်တင်ဘာအတွင်းက လောင်စာဆီဈေးနှုန်းမြင့် တက်ခဲ့မှုကြောင့် ယာဉ်စီးခများ တိုးမြှင့်ကောက်ခံခဲ့ခြင်းအပေါ် မကျေနပ်ကာ လမ်းလျှောက်ဆန္ဒပြခဲ့သည့်အမှုဖြင့် ယခုကဲ့သို့ ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ကိုသန့်ဇင်မျိုး၏ အစ်ကိုဖြစ်သူက ပြောကြားသည်။

ကိုသန့်ဇင်မျိုးအပါအ၀င် အဆိုပါ (၃) ဦးသည် ကမာရွတ်လှည်းတန်းလမ်းဆုံအနီးတွင် ပြီးခဲ့သည့်နှစ် လောင်စာဆီဈေးနှုန်းမြင့်တက်ခဲ့မှုကြောင့် ဆန္ဒပြရာတွင်ပါဝင်ခဲ့ပြီး ထိုစဉ်ကပင် အာဏာပိုင်များ၏ ကျောထောက်နောက်ခံပေးထားသော စွမ်းအားရှင်အဖွဲ့ မှ ဖမ်းဆီးခြင်းကို ခံခဲ့ရကာ ပြန်လွှတ်ပေးခြင်းခံခဲ့ရသူများ ဖြစ်သည်။

ထိုသို့ ပြန်လွှတ်ပေးပြီးနောက် ကိုသန့်ဇင်မျိုး၊ ကိုသန်းဇော်မြင့်နှင့် ကိုမောင်ဆန်းဝင်းတို့သည် နောက်ထပ်မည်သည့်ကိစ္စကိုမျှ ပါဝင်ခဲ့ခြင်းမရှိဘဲ ရိုးသားစွာနေထိုင်ခဲ့ကြသည်ဟုလည်း သိရသည်။

သို့သော် အာဏာပိုင်များက ပြီးခဲ့သည့် (၃) လခန့်တွင် ကိုသန့်ဇင်မျိုးအပါအ၀င် လူငယ် (၁၁) ဦးအား အကြောင်းပြချက်မရှိဘဲ နေအိမ်မှ ခေါ်ဆောင်သွားကြပြီး ၎င်းတို့အား လှိုင်သာမြို့နယ် တရားရုံးက ဆူပူမှုဖြစ်အောင်လှုံ့ဆော်ခဲ့သည်ဟုဆိုကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ကိုသန့်ဇင်မျိုး၏ မိသားစုဝင်တဦးက ပြောကြားသည်။

ထို့နောက် ကိုသန့်ဇင်မျိုးအပါအ၀င် လူငယ် (၁၁) ဦးကို (၁၄-၁၁-၂၀၀၈) ရက်၌ အင်း စိန်အထူးတရားရုံးမှ နောက်ထပ်ထောင်ဒဏ် (၇) နှစ် (၆) လကို ချမှတ်လိုက်သည်။

ထိုသို့ ပြစ်ဒဏ်ချမှတ်ခြင်းမှာ ၂၀၀၇ ခုနှစ်အတွင်းက ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်ရေးအတွက် အဖွဲ့ချုပ်အဖွဲ့ဝင်များ အပါအ၀င် အခြားဒီမိုကရေစီအင်အားစု များနှင့်ပူးပေါင်းကာ ဘုရားပေါ်တက်ပြီး ဆုတောင်းပွဲအခမ်းအနားများကို ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ထိုသို့ဆုတောင်းပွဲများပြုလုပ်ကြရာတွင် လှိုင်သာယာမြို့ နယ်မှ ကိုသန့်ဇင်မျိုး၊ ကိုသန့်ဇော်မြင့်၊ ကြည့်မြင်တိုင်မြို့နယ် လူငယ်တာဝန်ခံ (၁) ဖြစ်သူ ကိုရန်နိုင်ထွန်းအပါအ၀င် လူငယ် (၁၁) ဦးခန့်သည် လှိုင်သာယာမြို့နယ်မှစတင်ကာ ရွှေတိဂုံဘုရားသို့ ဆုတောင်းပွဲပြုလုပ်ရန် လမ်းလျှောက်ချီတက်ခဲ့ရာ အာဏာပိုင်များ၏ ကျောထောက်နောက်ခံပေးထားသော စွမ်းအားရှင်အဖွဲ့နှင့် ကြံ့ဖွံ့အဖွဲ့ဝင်များ၏ဖမ်းဆီးခြင်းခံခဲ့ရပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေး ခဲ့သော်လည်း ယခုအခါတွင် ၎င်းပြစ်မှုဖြင့် ထပ်မံဖမ်းဆီးခြင်းခံခဲ့ရကာ အထူးတရားရုံးမှ ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ၎င်းတို့နှင့်နီးစပ်သူတဦးက ပြောကြားသည်။

(၇-၁၁-၂၀၀၈) ရက်နေ့ကလည်း ဒေါပုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးအဖွဲ့ဝင် ကိုအုံးဂျော်၊ ကိုသန်းဇော်၊ ကိုဇော်မင်းနှင့် ကိုထွန်းဝင်းထွန်းတို့အား ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။

အာဏာပိုင်များက ယခုနှစ် (၆) လပိုင်းက ဒေါပုံမြို့နယ်၊ စည်းရုံးရေးအဖွဲ့ဝင် ကိုအုံးဂျော်နှင့် အမှုတွဲများအား နေအိမ်များမှ လာရောက်ဖမ်းဆီးသွားပြီး ထိုသို့ဖမ်းဆီးစဉ် ကိုအုံးဂျော်နေ အိမ်မှ ဒီမိုကရေစီဆိုသည်မှာ ဗွီစီဒီ တချပ်သိမ်းဆည်းသွားခဲ့သည်ဟုလည်း သိရသည်။

ထိုသို့အာဏာပိုင်များက ကိုအုံးဂျော်နှင့်အဖွဲ့ အား နေအိမ်များမှ လာရောက် ခေါ်ဆောင် သွားခဲ့ပြီး ၎င်းတို့အား ဗွီဒီယိုအက်ဥပဒေ (၁၃/က) နှင့် (၅၀၅/ခ) ပုဒ်များဖြင့် တရားစွဲဆိုခဲ့ပြီး ယခုအခါ ကိုအုံးဂျော်၊ ကိုဇော်မင်းနှင့် ကိုသန်းဇော်တို့ (၃) ဦးအား အဆိုပါပုဒ်မများဖြင့် ထောင်ဒဏ်(၅) နှစ် ချမှတ်ခဲ့ပြီး ကိုထွန်းဝင်းထွန်းကိုလည်း ထောင်ဒဏ် (၃) နှစ်ချမှတ်ခဲ့ ကြောင်း သတင်းရရှိသည်။

0 comments: