Tuesday, September 9, 2008

ကြံ့ဖွံ့ရုံးဗုံးခွဲမှု လူ့အခွင့်အရေးလှုပ်ရှားသူနှင့် အန်အယ်လ်ဒီကို စစ်အစိုးရစွပ်စွဲ စွပ်စွဲခံရသူများငြင်းဆို

ခေတ်ပြိုင်-ပီတာအောင်/ ၈ စက်တင်ဘာ ၂၀၀၈။ ။

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ ကွန်ရက် (HRDP) အဖွဲ့ခေါင်းဆောင် ဦးမြင့်အေးနှင့် အန်အယ်လ်ဒီအဖွဲ့ဝင် (၂) ဦးတို့အား ရွှေပြည်သာကြံ့ဖွံ့ရုံးဗုံးဖောက်ခွဲမှု ကျူးလွန်သူအဖြစ် စစ်အစိုးရက စွပ်စွဲခဲ့သည်ကို မဟုတ်မမှန်ကြောင်း စွပ်စွဲခံရသူတို့ဘက်က ပြန်လည်ငြင်းဆိုသည်။

ယမန်နေ့က နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ရဲချုပ်ဗိုလ်မှူးချုပ် ခင်ရီက ဇူလိုင် (၁) ရက် ရွှေပြည်သာကြံ့ဖွံ့ရုံးကို ဗုံးဖောက်ခွဲမှုကျူးလွန်ခဲ့သူများသည် ထန်းတပင် အန်အယ်လ်ဒီ လူငယ် ရန်ရွှေနှင့် ရွှေပြည်သာအန်အယ်လ်ဒီ ဇော်ဇော်အောင်တို့ဖြစ်ကြောင်း၊ ဗုံးဖောက်ခွဲရန် ပြည်ပက အဓိကစီမံဆောင်ရွက်ပေးသူမှာ FDB မှ ကျော်ထက်ဖြစ်ပြီး ဗုံးပေးသူနှင့် ငွေကြေး တဆင့်ခံ ထောက်ပံ့ပေးသူမှာ ဦးမြင့်အေးဖြစ်သည်ဟု စွပ်စွဲထားသည်။

ရဲချုပ်၏ ဦးမြင့်အေးအပေါ် စွပ်စွဲချက်များသည် လုံးဝဆီလျော်မှုမရှိဘဲ မှားယွင်းသည့်စွပ်စွဲချက် များသာဖြစ်သည်ဟု HRDP အဖွဲ့မှ ဦးမောင်မောင်လေးက ပြောကြားသည်။

၎င်းက “ကျနော်တို့က လူ့အခွင့်အရေးကိစ္စပဲလုပ်တယ်။ မည်သည့်တခြားကိစ္စမှ လက်ခံဆောင် ရွက်ခြင်းမရှိဘူး။ အကြမ်းဖက်မှုကိစ္စတွေ ကျနော်တို့ကိုယ်တိုင်လည်း ဆန့်ကျင်တယ်။ ဘယ်လို အကြမ်းဖက်မှုမျိုးကိုမဆို ဆောင်ရွက်တဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်း၊ အစိုးရ အကုန်ဆန့်ကျင်တယ်။ အဲဒီအပေါ်မှာ ကျနော်တို့က တစုံတရာ အားပေးစရာ၊ ပတ်သက်စရာအကြောင်း ဘာမှမရှိဘူး” ဟု ပြောသည်။

ဗုံးဖောက်ခွဲမှု ကျူးလွန်သည်ဟု စွပ်စွဲခံထားရသည့် ကိုရန်ရွှေ၊ ကိုဇော်ဇော်အောင်တို့နှင့် HRDP အဖွဲ့ ပတ်သက်မှုမရှိကြောင်း၊ ဦးမြင့်အေးအား မည်သည့်နေရာတွင် ဖမ်းချုပ်ထားသည်ကို မသိရှိ သေးဘဲ မိသားစုနှင့်လည်း အဆက်အသွယ်ဖြတ်ခံထားရကြောင်း၊ ထိန်သိမ်းခံနေရစဉ်အတွင်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ ညှဉ်းပန်းနှိပ်စက်ခံနေရမည်ကို စိုးရိမ်ပူပန်မိကြောင်း HRDP အဖွဲ့က ပြောသည်။

ဖောက်ခွဲဖျက်ဆီးမှုများကို ကျူးလွန်ရာတွင် အန်အယ်လ်ဒီပါတီဝင်များ ပါဝင်ပတ်သက်နေသည် ဆိုသည့် ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီ၏ စွပ်စွဲချက်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက “မနေ့က သတင်းစာရှင်းလင်းပွဲမှာ အန်အယ်လ်ဒီဆိုပြီး ပြောသွားတဲ့ တော်တော်များများဟာ အန်အယ်လ်ဒီက ထုတ်ပယ်ပြီးသားသူတွေဖြစ်တယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာ ပြောကြားချက်တွေဟာ စွပ်စွဲချက်အဆင့်ပဲရှိပါတယ်။ သက်သေထင် ရှားတဲ့ အချက်တွေမဟုတ်ပါဘူး။ အန်အယ်လ်ဒီအပေါ်မှာ ပိုပြီးဖိအားပေးတဲ့သဘောလို့ပဲ မြင်ပါတယ်။ ဒီဖောက်ခွဲဖျက်ဆီးရေးသမားတွေနဲ့ အန်အယ်လ်ဒီက ချိတ်ဆက်တယ်ဆိုတဲ့ သဘောမျိုးပါ ” ဟုပြောသည်။

မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB) ဒု-အထွေထွေအတွင်းရေးမှူးချုပ် ဦးကျော်ထက်က လည်း ဗုံးဖောက်ခွဲမှုပြုလုပ်ရန်အတွက် ဦးမြင့်အေးအား ငွေကြေးထောက်ပံ့သည်ဆိုသည့် စွပ်စွဲချက် မဟုတ်မှန်ကြောင်း ပြန်လည်ငြင်းဆိုသည်။

ပြစ်မှုကျူးလွန်သူတဦးချင်းကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေကြောင်း၊ အန်အယ်လ်ဒီအပေါ် နောင်မည်သို့ သဘောထားရမည်ဆိုသည်မှာ အန်အယ်လ်ဒီ၏ ရှေ့ဆက် ဆောင် ရွက်မှု အပေါ် မူတည်သည်ဟု ပြန်ကြား ရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းကလည်း ယမန်နေ့ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

၂၀၀၈ ခုနှစ်တွင် ဗုံးပေါက်ကွဲမှု(၅) ကြိမ်ဖြစ်ပွားခဲ့ပြီး (၁) ကြိမ်သာဖော်ထုတ်နိုင်ခဲ့ကြောင်း ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက သတင်းစာရှင်းလင်းပွဲ၌ ၀န်ခံပြောကြားသည်။

By NEJ

0 comments: