Tuesday, June 17, 2008

ပြည်တွင်းကယ်ဆယ်ရေးလုပ်သားများ ထပ်အဖမ်းခံရ

ဧရာဝတီ | ဇွန် ၁၆၊ ၂၀၀၈

နာဂစ် မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်နေသည့် ပြည်တွင်းကယ်ဆယ်ရေးလုပ်သား ၃ ဦးကို ယခုလ ၁၂ ရက်နေ့တွင် အာဏာပိုင်တို့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

မယဉ်ယဉ်ဝိုင်း၊ မတင်တင်ချိုနှင့် ကိုမြတ်သူတို့ ၃ ဦးကို ၁၂ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ မြေနီကုန်းတွင် ဖမ်းဆီးခြင်း ဖြစ်သည်ဟု မယဉ်ယဉ်ဝိုင်း၏ မိသားစုဝင်တဦးက ပြောသည်။

၎င်းတို့ ၃ ဦးကို ဖမ်းဆီးပြီးနောက် ညပိုင်းတွင် မယဉ်ယဉ်ဝိုင်း၏ နေအိမ်ကို အာဏာပိုင်တို့ က ၀င်ရောက်ရှာဖွေကာ မုန်တိုင်း အကူငွေကိစ္စများကို မေးမြန်းသည်ဟု မယဉ်ယဉ်ဝိုင်း၏ မိသားစုဝင်က ပြောသည်။

အဖမ်းခံရသူ ၃ ဦးသည် ရန်ကုန်တိုင်းကွမ်းခြံကုန်း၊ တွံတေးနှင့် ဧရာဝတီတိုင်း ဒေးဒရဲ နယ်များတွင် မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြသည့် ပုဂ္ဂလိက အလှူရှင်များ ဖြစ်ကြသည်။

စစ်အစိုးရက မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်သူတချို့ကို ယခုလအတွင်း ဖမ်းဆီးချုပ်နှောင်မှုများ ဆက်တိုက် ပြုလုပ်နေသော်လည်း မည်သည့်အကြောင်းကြောင့် ဖမ်းဆီးနေသည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

လေပြင်းမုန်တိုင်းတိုက်ခတ်အပြီး မကြာမီကာလအတွင်း လေဘေးကယ်ဆယ်ရေးလုပ်ငန်းများကို တက်ကြွစွာ လုပ်ဆောင် သည့် လူရွှင်တော် ဇာဂနာနှင့် အာကစားအယ်ဒီတာ ဇော်သက်ထွေးတို့ကို အကြောင်းပြချက် တစုံတရာမပေးဘဲ ဖမ်းဆီး ခဲ့သည်။

ယခုလ ၄ ရက်နေ့ညတွင် အာဏာပိုင်တို့က ကိုဇာဂနာအား ရန်ကုန်ရှိနေအိမ်တွင် ၀င်ရောက်ဖမ်းဆီးခဲ့ပြီး ကိုဇော်သက်ထွေး အား လွန်ခဲ့သည့် ၁၃ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်း မကွေးမြို့တွင် ဖမ်းဆီးခဲ့သည်။
လူရွှင်တော် ဇာဂနာ အဖမ်းခံရမှုနှင့်ပတ်သက်၍ ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စား လှယ်က အကြောင်းပြချက်မပေးဘဲ ဖမ်းဆီးထားသည့်အပေါ် အလွန်စိုးရိမ်ပူပန်သည်ဟု ပြောဆိုခဲ့သည်။

0 comments: