NEJ/ ၂၀ မေ ၂၀၀၈
မြန်မာနိုင်ငံ၌ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှု ဒဏ်ခံရပြီး (၁၈) ရက်အကြာတွင် သေဆုံးခဲ့ရသည့် ပြည်သူများအတွက် ၀မ်းနည်းကြောင်း အထိမ်း အမှတ်နေ့အဖြစ် (၃) ရက် သတ်မှတ်လိုက်ကြောင်း နအဖစစ်အစိုးရက ကြေညာသည်။
နအဖ အတွင်းရေးမှူး (၁) ဒု-ဗိုလ်ချုပ်ကြီး တင် အောင်မြင့်ဦး ထုတ်ပြန်သည့် ယမန်နေ့ ကြေညာ ချက်၌ “နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပြည်သူများ သေဆုံးခဲ့ကြရခြင်းအတွက် (၂၀-၅-၂၀၀၈) ရက် နေ့မှ (၂၂-၅-၂၀၀၈) ရက်နေ့အထိ (၃) ရက်တာ ကာလကို ၀မ်းနည်းကြောင်း အထိမ်းအမှတ်နေ့များ အဖြစ် သတ်မှတ်လိုက်ပြီး ပြည်ထောင်စုမြန်မာ နိုင်ငံတော်အလံကို (၂၀-၅-၂၀၀၈) ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်မှစ၍ ယင်းကာလအတွင်း တိုင်တ၀က်လွှင့်ထူရန် ကြေညာလိုက်သည်” ဟု ဖော်ပြသည်။
မြန်မာအိမ်နီးချင်း တရုတ်နိုင်ငံ၌ မေလ (၁၂) ရက်က အင်အားပြင်းငလျင် လှုပ်ခတ်ကာ လူပေါင်း သောင်းချီသေဆုံးခဲ့ရပြီး (၁) ပတ်အကြာ၌ တရုတ်အစိုးရက ၀မ်းနည်းခြင်းအထိမ်းအမှတ် (၃) ရက် သတ်မှတ်ကြောင်း ကြေညာပြီးနောက် မြန်မာစစ်အစိုးရက ထိုသို့ကြေညာခြင်းဖြစ်သည်။
မုန်တိုင်းကြောင့် မြန်မာနိုင်ငံ၌ လူပေါင်းသိန်းနှင့်ချီ သေဆုံး၍ ပြည်သူလူထု သန်းနှင့်ချီကာ အိုးအိမ် မဲ့ဖြစ်ပြီး အတိဒုက္ခရောက်နေရသော်လည်း နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေ ဖြင့် တိုင်းပြည်နှင့်ပြည်သူလူထုသို့ ၀မ်းနည်းကြောင်း ထုတ်ဖော် ပြောဆိုခြင်း မရှိသေးချေ။
မုန်တိုင်းကြောင့် သေဆုံးသူ စုစုပေါင်း (၇၇, ၇၃၈) ဦးနှင့် ပျောက်ဆုံးသူပေါင်း (၅၅, ၉၁၇) ဦး ရှိကြောင်း၊ မုန်တိုင်းဘေးဒဏ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှ ကျပ်ငွေ ဘီလီယံ (၅၀) ကျော် သုံးစွဲခဲ့ကြောင်း နအဖစစ်အစိုးက တရားဝင် ထုတ်ပြန် ကြေညာထားသည်။
ကုလသမဂ္ဂက မုန်တိုင်းကြောင့် သေဆုံးသူနှင့် ပျောက်ဆုံးသူပေါင်း (၁) သိန်း (၃) သောင်းကျော် ရှိပြီး မုန်တိုင်းဒဏ် ခံရသူ စုစုပေါင်းအရေအတွက်မှာ (၂) သန်းခွဲခန့် ရှိသည်ဟု ခန့်မှန်းသည်။ ။
Wednesday, May 21, 2008
ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ စစ်အစိုးရကြေညာ
Subscribe to:
Post Comments (Atom)
1 comments:
ရီစရာပဲ၊ အခုမှ ကျွန်တော်တို့ ဝမ်းနည်းကြပါစို့ လာပြောနေတာ။
Post a Comment