Thursday, May 15, 2008

ကုလသမဂ္ဂစစ်တပ် မြန်မာနိုင်ငံတွင်းဝင်ပြီး ဒုက္ခသည်များကို ကူညီခွင့်ရှိဟု ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးပြော

NEJ/ ၁၅ မေ ၂၀၀၈

မြန်မာနိုင်ငံ မုန်တိုင်းဒုက္ခသည်များ ကယ်ဆယ်ရေးကိစ္စအတွက် နည်းလမ်းမျိုးစုံ စဉ်းစားရာတွင် နိုင်ငံတကာ အသိုင်းအ၀န်းက စစ်အင်အားဖြင့် မြန်မာနိုင်ငံတွင်း ၀င်ရောက်ကူညီရေး နည်းလမ်း သည် ပယ်ချ၍မရသကဲ့သို့ ဥပဒေကြောင်းအရ ကျားကန်ပေးရန်လည်း လိုသည်ဟု ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးက အင်္ဂါနေ့တွင် ပြောသည်။

အစိုးရတရပ်အနေဖြင့် မိမိပြည်သူများအပေါ် ကာကွယ်နိုင်စွမ်းမရှိတော့လျှင် လူမှုရေးကိစ္စ အခြေခံပြီး နိုင်ငံတကာ အသိုင်းအ၀န်းက စစ်ရေးနည်းဖြင့် ၀င်ရောက်စွက်ဖက်နိုင်ခွင့် ရှိသည်ဟု ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီးက မကြာသေးခင်က ပြောခဲ့သည်။

သဘာဝ ဘေးအန္တရာယ်ကျသည့်ကိစ္စမျိုးတွင် ထိုကုလသမဂ္ဂ လုပ်ပိုင်ခွင့်ကို အသုံးချနိုင်သလား ဆိုသည့် BBC Channel 4 ၏ အမေးကို စစ်ရေးနည်းဖြင့် ၀င်ရောက်စွက်ဖက်ရန် ဖြစ်နိုင်သည်ဟု ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး David Miliband က ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

အစိုးရတရပ် အနေဖြင့် မိမိပြည်သူများအပေါ် ကာကွယ်နိုင်စွမ်း မရှိတော့လျှင် လူမှုရေးကိစ္စ အခြေခံပြီး နိုင်ငံတကာ အသိုင်းအ၀န်းက စစ်ရေးနည်းဖြင့် ၀င်ရောက်စွက်ဖက်ခွင့် ရှိသည်ဆိုသည့် ကုလသမဂ္ဂ လုပ်ပိုင်ခွင့် (Responsibility to Protect) သည် အစိုးရတရပ်က မိမိပြည်သူများ အတွက် ကယ်ဆယ်ရေး အကူအညီများ လက်မခံဘဲ ငြင်းဆန်နေလျှင်လည်း အကျုံးဝင်သည်ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း Gareth Evans ကလည်း မေလ (၁၃) ရက်တွင် ပြောသည်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း Gareth Evans သည် အစိုးရတရပ်အနေဖြင့် မိမိ ပြည်သူများအပေါ် ကာကွယ်နိုင်စွမ်း မရှိတော့လျှင် လူမှုရေးကိစ္စ အခြေခံပြီး နိုင်ငံတကာ အသိုင်းအ၀န်းက စစ်ရေးနည်းဖြင့် ၀င်ရောက်စွက်ဖက်နိုင်ခွင့်ရှိသည်ဆိုသည့် ကုလသမဂ္ဂလုပ်ပိုင်ခွင့် (Responsibility to Protect) ကို ၂၀၀၅ နှစ်တွင် ချမှတ်နိုင်အောင် ဦးဆောင်စည်းရုံးခဲ့သူဖြစ်သည်။

စစ်ရေးနည်းဖြင့် အရေးပေါ် ၀င်ရောက်စွက်ဖက်နိုင်ခွင့်သည် နိုင်ငံတခုတွင် အစိုးရက လူအစုလိုက် သတ်ဖြတ်နေမှုနှင့် လူမျိုးစုများကို မျိုးပြုတ်အောင် သတ်ဖြတ်ခြင်း စသည့်ကိစ္စမျိုးအတွက် မူလက ရည်ညွှန်းထားခြင်းဖြစ်သည်။ သို့ဖြစ်၍ မြန်မာစစ်အစိုးရကဲ့သို့ ကိုယ့်ပြည်သူများကို နိုင်ငံတကာက ကယ်ဆယ်ရေး မလုပ်နိုင်အောင် ဟန့်တားနေသည့် သဘောဝဘေးအန္တရာယ် ကျရောက်သည့်ကိစ္စမျိုးအတွက် ဥပဒေကြောင်းအရလည်း နည်းလမ်းရှာရန်လိုသည်ဟု ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ဥပမာ-မြန်မာစစ်အစိုးရ ခွင့်ပြုချက်မယူဘဲ ကယ်ဆယ်ရေးပစ္စည်းများကို စစ်တပ်အစောင့် အရှောက်ဖြင့် ပေးလျှင် မရနိုင်ဘူးလားဟု BBC Channel 4 က မေးရာတွင် ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းမျိုးစုံကို စဉ်းစားနိုင်သော်လည်း မြန်မာစစ်တပ်အင်အား (၄) သိန်းရှိသည့်အတွက် အဆိုပါကိစ္စကို အလွယ်တကူ အဖြေပေးနိုင်သည့်ကိစ္စဟု မယူဆသင့်ကြောင်း ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး David Miliband က ဖြေကြားခဲ့သည်။ သို့သော် နိုင်ငံတခု၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ခြင်းသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အလုပ်မဟုတ်ဆိုပြီး သဘောထား ကွဲပြားနေသည့် နိုင်ငံများလည်း ရှိသည်ဟု Mr Miliband က ပြောသည်။ ။

0 comments: