မဇ္ဈိမသတင်းဌာန-လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၃း၄၅ - မြန်မာစံတော်ချိန်
ရန်ကုန်မြို့၏ လမ်းမများပေါ်တွင်လူအချို့က အထုတ်အပိုးများဖြင့် ပြေးလွှားနေပြီး လမ်းပေါ်သွားသော ကားမှန်သမျှ တားနေသည်။
"ရန်ကုန်မြို့ကြီး ရစရာမရှိအောင် ပျက်စီးနေပြီဗျ" ဟု ရှားရှားပါးပါး ဆက်သွယ် ရရှိသည့် ဒေသခံတဦးက စိတ်လောနေဟန် ရှိသည့် နှုတ်က တတွတ်တွတ်ဖြင့် ထပ်ကာ ထပ်ကာ ပြောသည်။
မိုးတိတ်၍ မြို့တွင်း လှည့်ပတ် ကြည့်ရှုနေသည့် သူက "နောက် ၂ ဖာလုံလောက် ဆက်သွားရင် ကျနော် ဘယ်လိုမှ ဒီအပျက်အစီးကို ရင်ဆိုင်နိုင်မှာ မဟုတ်လို့ ပြန်လှည့်လာတယ်" ဟု ပြောသည်။ သစ်ပင်ကြီးများ၊ ကြော်ငာဆိုင်းဘုတ်များ လမ်းပေါ် အိမ်ပေါ်သို့ ပစ်လဲကျနေဟု ပြောပြသည်။ "တသက်နဲ့တကိုယ် ဒါမျိုး မကြုံဖူးဘူးဗျာ" ဟု သူက ပြောသည်။
ကျောက်တန်းမြို့ဘက်တွင် အပျက်အစီး ပိုမို များပြားသည်ဟု ရန်ကုန်သို့ ရောက်လာသော သတင်းများ အရ သိရသည်။
ရန်ကုန်အပါအ၀င် တိုင်းနှင့်ပြည်နယ် ၅ ခု ကို အရေးပေါ်အခြေအနေ ကြေညာ
လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၂း၅၅ - မြန်မာစံတော်ချိန်
မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု များပြားနေ၍ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်များကို အရေးပေါ် အခြေအနေ ဟု မြန်မာစစ်အစိုးရက ကြေညာလိုက်သည်။
လွန်ခဲ့သည့် မိနစ်ပိုင်းတွင်းက အစိုးရပိုင် ရေဒီယိုက ကြားဖြတ် ကြေညာချက်တခု ထုတ်ပြန်ခဲ့ရာ နအဖ အတွင်းရေးမှူး ၁ ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၏ အမိန့်ဖြင့် ကြေညာချက်တွင် အမျိုးသား ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် အရေးပေါ် အခြေအနေ သတ်မှတ်လိုက်ရခြင်း ဖြစ်သည်ဟု ပါရှိသည်။
စမ်းချောင်းအခြေအနေ
လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၂း၄၅ - မြန်မာစံတော်ချိန်
စမ်းချောင်းမြို့နယ် မယက ရုံးမှ ၀န်ထမ်းတဦးက မြို့နယ်အတွင်း လူအသေအပျောက် မရှိနိုင်ဟု ပြောပြီး အပျက်အစီး စာရင်းများ ပြုစုဆဲ ဖြစ်သည်ဟု ဆိုသည်။ မြို့နယ်အတွင်း "သစ်ပင်ပြို ဓာတ်တိုင်လဲ" မှုများ ရှိသည်ဟု ပြောသည်။
မှန်တွေကွဲ၊ မီးတွေပျက်ဆဲ
လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၂း၃၀ - မြန်မာစံတော်ချိန်
လှည်းတန်းလမ်းဆုံအနီး နေသူတဦးက "တိုက်ခန်းတွေက မှန်တွေ ကွဲကုန်တယ်။ မီးကလည်း ပျက်နေတုံးပဲ။ လေတိုက်နှုန်းကလည်း ပြင်းဆဲပဲ၊ စည်ပင်လည်း လာမရှင်းသေးဘူး၊ မိုးကတော့ နည်းသွားတယ်" ဟု ပြောသည်။ ဖုန်းအများအပြားကတော့ ပြတ်တောက်ဆဲ ဖြစ်သည်။
သောကြာနေ့က ဒလဘက် ကူးတို့ဆိပ်ကို ဖြတ်ကူးသော လှေမှောက်၍ အမျိုးသမီး ၃ ဦး ရေနစ် သေဆုံးသွားပြီးနောက် ဒလဘက် ကူးတို့ ကူးခြင်းများ ညနေ ၆ နာရီကတည်းက တားမြစ်လိုက်သည်။ ပုံမှန်အားဖြင့် ည ၁၀ နာရီ ကူးတို့ ကူးခွင့် ရှိသည်။
Saturday, May 3, 2008
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment