Friday, April 25, 2008

ထောက်ခံမဲ မပေးလျှင် အရေးယူခံရမည်ဟု ကျေးရွာဥက္ကဋ္ဌ ငြိမ်းခြောက်

ခေတ်ပြိုင်-ကျော်ထင်/ ၂၅ ဧပြီ ၂၀၀၈

မြစ်ကြီးနားမြို့နှင့် (၁၅) မိုင်ခန့် ဝေးသည့် ၀ိုင်းမော်မြို့နယ်၊ နောင်ပိကျေးရွာတွင် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကျေးရွာ အာဏာပိုင်များက ထောက်ခံမဲ မထည့်ပါက ထောင်ဒဏ်၊ ငွေဒဏ်ချမှတ် ခံရမည်ဟု ပြောဆိုကြောင်း သိရသည်။

ရွာသားတဦးက “ကျေးရွာဥက္ကဋ္ဌ ဦးလွန်းခေါင်နဲ့ အတွင်းရေးမှူး ဦးဇော်မြင့်ဦးတို့က ထောက်ခံမဲ မထည့်ရင်တော့ ထောင်ဒဏ် (၃) နှစ်ရယ်၊ နောက်ပြီးမှ ငွေဒဏ် (၁) သိန်းရယ် ချမယ်ဆိုပြီး ပြောတာလေ” ဟု ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ၌ ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲ ဥပဒေ ၁ /၂၀၀၈ တွင် ဆန္ဒခံယူပွဲအား နှောင့်ယှက်သူများကို ထောင်ဒဏ် (၃) နှစ်ဖြစ်စေ၊ ဒဏ်ငွေ (၁) သိန်းဖြစ်စေ နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည်ဟု ပါရှိသည်။

ဦးလွန်းခေါင်နှင့်အဖွဲ့သည် သစ်တောဦးစီဌာန၊ လဖန်အောင်ဝါ ကချင်ငြိမ်းချမ်းရေးအဖွဲ့၊ နယ်မြေခံ ခလရ (၅၈) တို့နှင့် ပူးပေါင်းပြီး ကျေးရွာအနီးရှိ သစ်တောများ ခုတ်လှဲကာ တရုတ်ကုန်သည် များကို ရောင်းချခွင့်ရနေသောကြောင့် ရွာသားများကို ထောက်ခံမဲ ပေးခိုင်းခြင်းဖြစ်ကြောင်း အဆိုပါဒေသခံက ပြောသည်။

၎င်းက “ရွာသားတွေကတော့ အကောင်းဆုံး ဟာသတခုကို ကြားရသလိုပေါ့။ မဲရုံမှာတော့ ကန့်ကွက်မဲတွေ တပုံကြီးပါလာမယ့် အလားအလာပေါ့။ ကျနော်တို့လည်း ဒီလောက်ထိဆိုးတဲ့ လူတွေဦးစီးပြီးမှ လုပ်တယ်ဆိုရင်တော့ ကျနော်တို့ ဘယ်ခံနိုင်မှာလဲ” ဟု ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားတွင် ပြည်သူများအား နအဖဘက်မှ ခြိမ်းခြောက်မဲ ထည့်ခိုင်းမှုများ ရှိနေသကဲ့သို့ အစိုးရ ဖွဲ့စည်းပုံကို ဆန့်ကျင်ကန့်ကွက်ကြရန် လှုပ်ရှားမှုများလည်း ရှိနေသည်။

ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားလူငယ်များ ကွန်ဂရက်မှ ကချင်ပြည်နယ်မြို့ကြီးများတွင် ဖွဲ့စည်းအုပ်ချူပ်ပုံဆိုင်ရာ ဗဟုသုတများကို လူထုသို့ ဖြန့်ဝေခြင်း၊ ပိုစတာ လှုပ်ရှားမှုများတို့ကို ပြုလုပ်နေကြသည်။ ။

0 comments: