Friday, April 25, 2008

အစိုးရဝန်ထမ်းများ သက်ဆိုင်ရာ ဌာနများတွင်သာ ဆန္ဒမဲပေးရမည်

ဧရာဝတီ-ကြည်ဝေ | ဧပြီ ၂၅၊ ၂၀၀၈

စစ်အစိုးရက မေလ ၁၀ ရက်နေ့တွင် ပြုလုပ်မည့် အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် ထောက်ခံမဲများ ပိုမိုရရှိရေးအတွက် အစိုးရ ၀န်ထမ်းများအား အဆိုပါနေ့တွင် အလုပ်ဆင်းစေပြီး သက်ဆိုင်ရာဌာနအသီးသီး၌ ထားရှိသော မဲပုံးများတွင်သာ ဆန္ဒမဲပေး ရမည်ဟု ညွှန်ကြားထားကြောင်း ဝန်ထမ်းများက ပြောသည်။

မေလ ၁၀ ရက်နေ့သည် အစိုးရရုံးပိတ်ရက်ဖြစ်သော စနေနေ့ဖြစ်သော်လည်း ထိုနေ့တွင် ရုံးတက်ရမည်ဖြစ်ပြီး ရုံး၌ပင် ဆန္ဒမဲပေးရမည်ဖြစ်သည်ဟု ရန်ကုန် စက်မှု (၁) ၀န်ကြီးဌာနမှ ကုန်ထုတ်လုပ်ရေး ၀န်ထမ်းတဦးက ပြောသည်။

“စနေနေ့ဖြစ်ပေမယ့် ရုံးမပိတ်ဘူး၊ အဲဒီနေ့မှာ ၀န်ထမ်းတိုင်း မပျက်မကွက် ရုံးတက်ရမယ်၊ ပြီးရင် ကိုယ့်ရုံးတွင်းက မဲပုံးမှာပဲ မဲပေးရမယ်လို့ မနေ့ကပဲ ဋ္ဌာနက ၀န်ထမ်းအားလုံးကို အစည်းဝေးခေါ်ပြီး ပြောတယ်” ဟု ၎င်း စက်မှု (၁) ၀န်ထမ်းက ဆိုသည်။

ဝန်ထမ်းများအနေနှင့် နေထိုင်ရာ ရပ်ကွက်များအတွင်းရှိ မဲရုံများတွင် မဲပေးခွင့်မရှိဘဲ ရုံးသို့မဟုတ် တာဝန်ကျရာ နေရာများ တွင်သာ မဲပေးရမည်ဖြစ်ကြောင်းကို ယခုအပတ်အတွင်း ၀န်ကြီးဌာနအများစုတွင် တရားဝင်ထုတ်ပြန် ကြေညာကြောင်း သိရသည်။

ရန်ကုန်မြို့တွင်းရှိ ၀န်ကြီးဌာနတချို့တွင် သရုပ်ပြမဲပေးခြင်းကို မေလ ၄ ရက်နေ့နှင့်မေလ ၆ ရက်နေ့များတွင် ကျင်းပသွားမှာ ဖြစ်ကြောင်း၊ အစိုးရရုံးများတွင်ပြုလုပ်မည့် မဲရုံများ၌ မဲရုံးမှူးနှင့် ကြီးကြပ်သူကော်မရှင်အဖွဲ့များမှာ အရာရှိအဆင့်ရှိသူများ ဖြစ်ကြပြီး အများစုမှာ အရပ်ဝတ်လဲထားသော စစ်တပ်မှ ဗိုလ်မှူးအဆင့်၊ ဗိုလ်ကြီးအဆင့် ရှိသူများသာ ဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ကြီးဋ္ဌာနမှ အရာရှိတဦး၏ ပြောပြချက်အရ သိရသည်။

အစိုးရ၀န်ထမ်းများအနေနှင့် မိမိရုံး၊ မိမိ အရာရှိ အကြီးအကဲများရှေ့မှောက်တွင် မဲပေးရမှာ ဖြစ်သည့်အတွက် ကန့်ကွက်မဲ ထည့်ရန် ၀န်လေးသွားနိုင်ကြောင်း အဆိုပါ အရာရှိက ပြောဆိုသည်။

“၀န်ထမ်းတွေကို ရုံးတွေမှာပဲ မဲပေးခိုင်းတယ်ဆိုတာကတော့ ကိုယ့်အရာရှိရှေ့မှာ ကန့်ကွက်မဲထည့်ဖို့ တော်တော် ခက်သွား ကြပြီပေါ့၊ အဲဒီလိုဖြစ်အောင်လည်း သေချာစီစဉ်ထားတာပါ” ဟု ယင်း အရာရှိက ဆက်ပြောသည်။

ပြည်နယ်နှင့် တိုင်းအသီးသီးတွင်ရှိသော မဲပေးရမည့်သူများမှာ သတ်မှတ်ထားသော မဲရုံများတွင်သာ မဲပေးရမှာ ဖြစ်ပြီး မဲရုံများတွင်လည်း မဲရုံမှူး၊ ကြီးကြပ်သူကော်မရှင်အဖွဲ့ခွဲဝင်၊ မဲလက်မှတ်ထုတ်ပေးသူ၊ မဲစာရင်းစစ်ဆေးသူ၊ လုံခြုံရေး သို့မဟုတ် ရုံးအကူ ၂ ဦး စသဖြင့် ထားရှိမည်ဖြစ်ပြီး မဲရုံကို နံနက် ၆ နာရီတိတိမှ ညနေ ၄နာရီထိ ဖွင့် လှစ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးလှစိုးက ပြောဆိုသည်။

ထို့ပြင် မဲရုံအားလုံးတွင် မဲရုံပိတ်ချိန် ညနေ ၄ နာရီမှ နောက်ဆုံးမဲပေးသူ ၁၀ ဦးကို သက်သေပြုပြီး မဲပုံးများကို ဖောက်မှာ ဖြစ်ကြောင်းလည်း သူက ပြောသည်။

“မဲရုံဖွင့်ချိန်မှာ ပထမဦးဆုံး မဲပေးဖို့ရောက်လာတဲ့သူ ၅ ဦးရဲ့ ရှေ့မှာ မဲပုံးတွေအတွင်း တစုံတရာမရှိကြောင်း စစ်ဆေးပြီးမှပဲ မဲပုံးအဖုံးကို ပိတ်မှာဖြစ်ပါတယ်၊ မဲရုံပိတ်ချိန်မှာလည်း နောက်ဆုံးမဲပေးတဲ့သူ ၁၀ ယောက်ကို သက်သေပြုပြီး မဲရုံမှူးနဲ့အဖွဲ့ က မဲပုံးတွေကို ဖောက်ပြီး စနစ်တကျ ရေတွက်ရမှာဖြစ်ပါတယ်၊ ထောက်ခံမဲ၊ ကန့်ကွက်မဲ၊ ပယ်မဲတွေကို အရေအတွက်နဲ့ စာရင်းဇယားပြုစုပြီး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင် ရုံးကို သွားပို့ပေးပါမယ်” ဟု ဦးလှစိုးက ဆိုသည်။

သို့ရာတွင် ရန်ကုန်မြို့ခံများအကြားတွင်မူ စစ်အစိုးရသည် မဲရုံသို့ ပထမဦးဆုံးရောက်ရှိမည့်သူ ၅ ဦးနှင့် မဲရုံပိတ်ချိန်၌ နောက်ဆုံးမဲပေးရမည့်သူ ၁၀ ဦးကို ကြိုတင်စီစဉ် ရွေးချယ်ထားပြီးဖြစ်သည်ဟု ပြောဆိုနေကြသည်။

ရန်ကုန်တိုင်းအနေနှင့် မဲဆန္ဒရှင် ၁၀၀ ကျော်မှ ၃၀၀၀ ထိမဲပေးနိုင်သော မဲရုံပေါင်း ၂၅၀၀ ကျော်ကို ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း ဆန္ဒမဲပေးခွင့်ရှိသူမှာ လေးသန်းကျော် ရှိကြောင်း ရန်ကုန်တိုင်း ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင် အဖွဲ့ခွဲ ၏ တရားဝင်စာရင်းများအရ သိရှိရသည်။

မြန်မာတပြည်လုံးအတိုင်းအတာအားဖြင့် အစိုးရ၀န်ထမ်းအရေအတွက်မှာ၂ သန်းကျော် ရှိသည်ဟု အစိုးရ၏ တရားဝင် ထုတ်ပြန်ထားသော ၂၀၀၆ ခုနှစ် စာရင်းများအရ သိရှိရပြီး အများစုမှာ ရန်ကုန်နှင့် မန္တလေးစသည့် မြိုကြီးများတွင် ဖြစ်ကြောင်း သိရှိရသည်။
ယမန်နေ့က ထုတ်ပြန်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၏ အထူးကြေညာချက်တွင် ဆန္ဒခံယူပွဲ၌ ကန့်ကွက်မဲ ပေးလျင် ကျောင်းသားဖြစ်ပါက ကျောင်းထုတ်မည်၊ ဝန်ထမ်းဖြစ်ပါက အလုပ်ထုတ်မည်၊ လယ်သမား ယာသမားဖြစ်ပါက လယ်ယာမြေသိမ်းမည်ဟူသော ခြိမ်းခြောက်မှုများ ရှိနေကြောင်း ဖော်ပြထားသည်။

0 comments: