Tuesday, April 22, 2008

ထိုင်းနှင့် မလေးရှားနိုင်ငံတို့၌ ကြိုတင်ဆန္ဒမဲပေးပွဲများ ကျင်းပ

NEJ/ ၂၂ ဧပြီ ၂၀၀၈

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံး၌ နအဖ စစ်အစိုးရ ရေးဆွဲထားသည့် နိုင်ငံတော် ဖွဲ့စည်း ပုံအခြေခံဥပဒေ မူကြမ်းအား ဆန္ဒခံယူသည့် ကြိုတင် ဆန္ဒမဲပေးပွဲကို လုံခြုံရေး တင်းကျပ်စွာဖြင့် ယနေ့ စတင်ကျင်းပကြောင်း ဆန္ဒမဲ သွားပေးသူတို့က ပြောကြားသည်။

မဲပေးပွဲကာလကို ဧပြီလ (၂၂) ရက်မှ (၂၇) ရက်အထိ (၆) ရက်တာ သတ်မှတ်ထားပြီး နေ့စဉ် နံနက် (၆) နာရီမှ ညနေ (၄) နာရီအတွင်း ဆန္ဒမဲပေးနိုင်သည်ဟု မြန်မာသံရုံးက တရားဝင် ထုတ်ပြန်ကြေညာထားသည်။

ဆန္ဒမဲ သွားပေးသူများအနေဖြင့် နိုင်ငံကူးလက်မှတ် မူရင်းပြသမှသာ သံရုံးဝင်းအတွင်း ၀င်ခွင့် ရပြီး သယ်ဆောင်လာသည့်အိတ်များ ရှာဖွေစစ်ဆေးခံရကြောင်း၊ မဲပေးရန် သတ်မှတ်ထားသည့် နေရာ၌ အမည်၊ အဘအမည်နှင့် မှတ်ပုံတင်နံပါတ်များ ဖြည့်ရပြီး သံရုံးက မှတ်တမ်း ဗီဒီယို ရိုက်ယူမှုရှိကြောင်း ဆန္ဒမဲပေးသူတို့က ပြောသည်။

ဆန္ဒမဲမပေးခင် မဲရုံတာဝန်ရှိသူတဦးက ထောက်ခံလျှင် အမှန် အမှတ်အသားကို ဇယားကွက်တွင် ရေးရန်နှင့် ကန့်ကွက်လျှင် ကြက်ခြေအမှတ်အသားကို ရေးရန်ရှင်းပြပြီး မဲစာရွက်ထုတ်ပေး ကြောင်း၊ ထို့နောက် သစ်သားဖြင့် ကာရံထားသည့် မဲရုံငယ်အတွင်းသို့ ၀င်ကာ မိမိဆန္ဒအတိုင်း လွတ်လပ်စွာ ရေးခြစ်၍ မဲစာရွက်ကို စာအိတ်အတွင်းထည့်ကာ အသေပိတ်ပြီး ပလတ်စတစ် မဲပုံးအတွင်း ထည့်ရကြောင်း မဲပေးခဲ့သူများက ပြောသည်။

ဆန္ဒမဲသွားပေးသူ မြန်မာကျောင်းသားတဦးက “မဲပေးရတဲ့အတွက် ဘာမှအထွေအထူးတော့ မခံစားရပါဘူး။ ကန့်ကွက်မဲပေးခဲ့ပါတယ်။ ဖွဲ့စည်းပုံတခုလုံးကို အသေအချာနားလည်လို့တော့ မဟုတ်ပါဘူး။ လေ့လာထားတဲ့ လူတွေရဲ့သုံးသပ်ချက်တွေ၊ ရေဒီယိုတွေမှာ ကြားနေရတာတွေ ရယ်၊ ဖတ်ရတာတွေရယ်ကြောင့်ပါ။ ပြင်ဆင်ခွင့် မရအောင် လုပ်ထားတဲ့အချက်တွေကို မကြိုက် ပါဘူး။ ပြီးတော့ သူတို့ကိုလည်း အယုံအကြည်မရှိဘူး” ဟု ပြောသည်။

အခြားဆန္ဒမဲ ပေးသူတဦးကလည်း “ဘ၀မှာ မဲပေးဖူးတာ ဒုတိယအကြိမ်မြောက်ပါ။ ၁၉၉၀ ပြည့် နှစ် ရွေးကောက်ပွဲတုန်းကလည်း အန်အယ်လ်ဒီကိုပဲ မဲပေးခဲ့တယ်။ ခုလည်း သေသေချာချာကို ကြက်ခြေခတ်ခတ်ပြီး ကန့်ကွက်မဲပေးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်အစိုးရကို လုံးဝ အယုံအကြည်မရှိလို့ပါ” ဟု ပြောသည်။

ယနေ့နံနက်ပိုင်း ဆန္ဒမဲပွဲသို့ လူ (၁၀၀) ခန့် လာရောက် မဲဆန္ဒပေးကြပြီး ဆန္ဒမဲပေးပွဲပြီးဆုံးသည့် နောက်ဆုံးနေ့တွင် ဆန္ဒမဲများကို မြန်မာနိုင်ငံသို့ လေယာဉ်ဖြင့် ပို့ဆောင်မည်ဟု သံရုံးအမှုထမ်း တဦးက ပြောသည်။

သံရုံးအပြင်ဘက်၌ ဆန္ဒခံယူပွဲကို လာရောက် ကန့်ကွက်သည့် ဆန္ဒပြမှုများ တစုံတရာ မရှိသော် လည်း ထိုင်းရဲတပ်ဖွဲ့က လုံခြုံရေးအပြည့် ချထားသည်။

အလားတူ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌လည်း ကြိုတင်ဆန္ဒမဲပေးပွဲ ကျင်းပလျက်ရှိရာ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားအချို့ သွားရောက် မဲပေးကြပြီး အနီရောင် အင်္ကျီဝတ်ဆင်လာသူတဦး မဲပေးခွင့်မရဟု သိရသည်။

ဆန္ဒမဲသွားပေးသူတဦးက “အင်္ကျီအနီနဲ့ ကောင်တကောင်၊ အဲဒီကောင် ဘာကောင်လဲ တချက် ကြည့်စမ်းဆိုပြီး ကျနော့်ကို စစ်တာပေါ့။ ပတ်စ်ပို့တောင်းတော့ ပတ်စ်ပို့ ထုတ်ပေးလိုက်တယ်။ ထုတ်ပေးပြီးတော့ ဘယ်လိုလဲ ကျနော် မဲပေးခွင့်ရပြီလားလို့မေးတော့ စည်းမျဉ်းစည်းကမ်းနဲ့ မညီညွတ်တဲ့အတွက် မဲပေးခွင့် မရှိပါဘူးလို့ ကျနော့်ကို ပြောတယ်။ မဲပေးခွင့် ဆုံးရှုံးသွားတယ်။ မတရားဘူးဆိုတာ ကျနော်သိတယ်။ သူတို့က အစစ်အမှန်နဲ့ လုပ်ပေးမလား၊ လိမ်ပြီးတော့ လုပ်မလား သူတို့အပိုင်းပေါ့။ အစစ်အမှန် လုပ်ပေးရင်တော့ ကျနော့်မဲတမဲဟာ တန်ဖိုးရှိတဲ့ မဲတမဲလို့ ကျနော် ယုံကြည်တယ်” ဟု ပြောသည်။

ထိုင်းနှင့် မလေးရှားနိုင်ငံတို့တွင် မြန်မာနိုင်ငံသားများ သန်းနှင့်ချီ၍ နေထိုင် အလုပ်လုပ်ကိုင်နေ သော်လည်း အများစုမှာ ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးလျက်ရှိပြီး နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ အချို့သာ မဲပေးခွင့် ရရှိထားသည်။ ။

0 comments: