Tuesday, April 22, 2008

ရန်ကုန်သားတွေ မဲဘယ်လိုပေးမလဲ

ဧရာဝတီ | ဧပြီ ၂၂၊ ၂၀၀၈

ရန်ကုန်မြို့ရှိအလွှာအသီးသီးမှ လူ ၁၅၀ ကို ဖွဲ့စည်းပုံ ခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲ နှင့်ပတ်သက်ပြီး ဧပြီလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့ထိ ရန်ကုန်ရှိ ဧရာဝတီဝိုင်းတော်သားများက တွေ့ဆုံမေးမြန်း စစ်တမ်း ကောက်ခဲ့ရာ ၄၅ ရာခိုင်နှုန်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို နားလည်မှုမရှိသေးကြောင်းနှင့် ၄၁.၃ ရာခိုင်နှုန်းမှာ ကန့်ကွက်မဲ ထည့်မည့် သူများဖြစ်ကာ ၇ ရာခိုင် နှုန်းက ထောက်ခံမဲ ပေးမည့်သူများဖြစ်၍ ကျန်လူများမှာ မည်သည့် မဲအမျိုးအစား ပေးမည်ဟု ဖြေကြားခြင်းမရှိကြောင်း တွေ့ရှိရသည်။

စစ်တမ်းတွင် ပါဝင်သည့် လူဦးရေ ၁၅၀ တွင်ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ အထည်ချုပ် စက်ရုံများနှင့် တွင်ခုံများတွင် အလုပ်လုပ်နေသည့် အလုပ်သမားများ လမ်းဘေးဈေးသည်များ စသည့် အခြေခံလူတန်းစား ၇၀ ဦး၊ ဒဂုံတက္ကသိုလ်နှင့် အနောက်ပိုင်းတက္ကသိုလ်တွင် ပညာ သင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး၊ အခြေခံပညာ အလယ်တန်း အဆင့်ထိ ပညာသင်ကြားခဲ့သူ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အို ၂၀ ဦး၊ တက္ကသိုလ်ဘွဲ့ရ အသက် ၂၈ နှင့် ၄၀ ကြား ၂၈ ဦး၊ သတင်းစာ ဆရာ ၁၀ ဦး၊ ဥပဒေတတ်ကျွမ်းနားလည်သူ ရှေ့နေတဦး၊ အစိုးရ၀န်ကြီးဌာန များတွင် လက်ရှိ ညွှန်ကြားရေးမှူးရာထူး တာဝန်ထမ်းဆောင် နေသူ ၂ ဦး၊ ရန်ကုန်မြို့အခြေစိုက် စစ်တပ်များမှ တပ်ကြပ်နှင့်တပ်သား ၉ ဦးတို့ပါဝင်သည်။

အခြေခံလူတန်းစား ၇၀ ကို ပြုလုပ်ခဲ့သည့်စစ်တမ်းအရ ၄၁ ဦးမှာ ယခုအချိန်ထိ မည်သို့ မဲ ပေးမည်ဟု ဆုံးဖြတ်ထားခြင်း မရှိသေးဘဲ စစ်အစိုးရကပြုလုပ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲ၏ အဓိပ္ပာယ်ကို ရှင်းလင်းစွာနားလည်ခြင်းမရှိသေး သည်ကို တွေ့ရသည်။

“ကျနော် လုံးဝနားမလည်ဘူး။ အမှန်တိုင်းဝန်ခံရရင် စိတ်လည်းမ၀င်စားဘူး။ ကျနော့်မှာ မိသားစု ၄ ယောက်ရှိတယ်။ တနေ့စာတနေ့ အလျင်မီအောင် ရှာနေရတာ။ မဖြစ်မနေ မဲပေးရမယ်ဆိုရင်တော့ မဲရုံသွားပြီး ကိုယ့်အတွက် အန္တရာယ်မရှိ နိုင်တဲ့ မဲမျိုးကို ပေးမှာပါ”ဟု လမ်းဘေးဈေးသည်တဦးက ဧရာဝတီ၏မေးမြန်းချက်ကို ပြန်လည်ဖြေကြားသည်။

အဆိုပါ ၄၁ ဦးက ဆန္ဒခံယူပွဲတွင် မဖြစ်မနေမဲပေးရမည်ဆိုပြီး အတင်းအကျပ်ဖိအားပေး ခြိမ်းခြောက်ခိုင်းစေမည်ဆိုပါက မဲရုံများသို့ သွားရောက်ကာ ထောက်ခံမဲပေးမည်ဖြစ်ပြီး အတင်းအကျပ်ဖိအားပေး မဲပေးခိုင်းမှုမရှိပါက မဲသွားပေးရန် လုံးဝအစီအစဉ်မရှိဟု ဆိုသည်။

ကျန် ၂၉ ဦးအနက် ၉ ဦးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း နားလည်မှု မရှိသော်လည်း အစိုးရအပြောင်းအလဲကြောင့် စားဝတ်နေရေး ချောင်လည်လာနိုင်မည်ဟု မျှော်လင့်သော ကြောင့် ထောက်ခံမဲပေးကြမည်ဟု ပြောဆိုကြပြီး ကျန်လူ ၂၀ မှာ စက်တင်ဘာသံဃာများ ဦးဆောင်သော လူထုလှုပ်ရှားမှုတွင် သံဃာတော်များအား ရိုက်နှက်ခဲ့သည်ကို မကျေမနပ် ပြစ်တင် ဝေဖန်လျှက်ရှိပြီး စစ်အစိုးရကို လုံးဝမထောက်ခံကြောင်း ပြသရန် ကန့်ကွက်မဲ ပေးမည်ဟု ပြောဆိုနေကြသည်။

ဒဂုံတက္ကသိုလ်နှင့် အနောက်ပိုင်း တက္ကသိုလ်တွင် တက်ရောက် သင်ကြားနေသော ကျောင်းသား ၁၀ ဦးကမူ အခြေခံဥပဒေ ကို ကန့်ကွက်မဲပေးမည်ဟု တညီညွတ်တည်းပြောဆိုကြသည်။

ဒဂုံတက္ကသိုလ်မှ အသက် ၁၉ နှစ်အရွယ် စိတ်ပညာ ဒုတိယနှစ်ကျောင်းသူ တဦးက
“အခြေခံဥပဒေစာအုပ်ကို သေသေချာချာတော့ မဖတ်ရသေးဘူး။ ဒါပေမယ့် စစ်တပ်က လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်းပါမယ်။ ပြီးတော့ နိုင်ငံကို စစ်တပ်ဦးစီးချုပ်က ဦးဆောင်ပါဝင်တဲ့ နိုင်ငံတော်လုံ ခြုံရေးကောင်စီ အုပ်ချုပ်ရေးအပိုင်းနဲ့အာဏာကို ဆက်ထိန်းမယ်ဆိုတဲ့ အချက်တွေကို ကျမတို့ ကျောင်းသားတွေအချင်းချင်း ဆွေးနွေးထားတဲ့ စကားဝိုင်း တွေကနေ တဆင့် သိပြီးပါပြီ။ အဲဒီအချက်တွေနဲ့တင် ကန့်ကွက်မဲပေးဖို့ ဆုံးဖြတ်လိုက်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါကျောင်းသူကပင် နိုင်ငံအ၀န်းရှိ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအနေနှင့် စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းကို ကန့်ကွက်မဲသာ ပေးကြဖွယ်ရှိကြောင်း ၎င်း၏ ထင်မြင်ချက်ကို ပြောသည်။

အသက် ၆၅ နှစ်အထက် အခြေခံအလယ်တန်းအဆင့်အထိ ပညာသင်ကြားဖူးသူ သက်ကြီး ရွယ်အို ၂၀ ဦးကို စစ်တမ်းပြု လုပ်ရာတွင် ၁၄ ဦးက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို စိတ်ဝင်စားမှု မရှိဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို နားလည်မှုမရှိရုံ မက မဲပေးရန် အစီအစဉ် မရှိကြောင်း ပြောကြားသည်။

ကျန် ၆ ဦးအနက် ၅ ဦးက ကန့်ကွက်မဲထည့်ရန် အစီအစဉ်ရှိကြောင်းနှင့် ထိုသို့ ကန့်ကွက်မဲပေးရန် ဆုံးဖြတ်ရခြင်းမှာ ပြည်ပ အခြေစိုက် အသံလွှင့်မီဒီယာများ မှတဆင့် ကြားသိရသည့် အခြေခံဥပဒေနှင့် ပတ်သက်သည့် အချက်အလက်တချို့ကို ဘ၀င်မကျ ဖြစ်ခဲ့ရသောကြောင့်ဟု ရှင်းပြသည်။ ကျန် ၁ ဦးကမူ ထောက်ခံမဲပေးမည်ဟု ပြောဆိုသော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းအကြောင်း သိရှိနားလည်ခြင်း မရှိဟုဆိုသည်။

တက္ကသိုလ်ဘွဲ့ရ အသက် ၂၈ နှစ်နှင့် ၄၀ အကြား လူရွယ် ၂၈ ဦးအနက် ၂၀ ဦးက အခြေခံဥပဒေမူကြမ်းကို လေ့လာ သိရှိထားပြီး ၁၆ ဦးက ကန့်ကွက်မဲပေးမည်ဟု ဆိုသည်။

၎ ဦးကမူ ဆန္ဒမဲမပေးရန်ဆုံးဖြတ်ထားကြောင်းနှင့် ထောက်ခံမဲဖြစ်စေ ကန့်ကွက်မဲဖြစ်စေ ပေးသော်လည်း စစ်အစိုးရက မဲလိမ်မှုများ ပြုလုပ်နိုင်သည်ဟု ထင်မြင်သည့် အတွက် မဲမပေးရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ဖြေကြားသည်။

ကျန် ၈ ဦးကမူ မဲဆန္ဒပေးရန် အခြေခံဥပဒေမူကြမ်းကိုအမြန်လေ့လာသွားမည်ဖြစ်ပြီး လတ်တလော မည်သို့ မဲပေးမည်ကို မပြောနိုင်သေးဟု ဆိုသည်။

ရန်ကုန်အခြေစိုက် ပုဂ္ဂလိကသတင်းဂျာနယ်များတွင် တာဝန်ထမ်းဆောင်နေသည့် သတင်းထောက်နှင့် အယ်ဒီတာ ၁၀ ဦး ကမူ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို ကန့်ကွက်မဲပေးကြမည်ဟု ပြောသည်။

ထိုသို့ ဆုံးဖြတ်ရခြင်းမှာ စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းသည် နိုင်ငံတကာ ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် ကိုက်ညီခြင်းမရှိသည့်အပြင် စစ်တပ်ဦးစားပေး အုပ်ချုပ်ရေး စနစ်သာဖြစ်ပြီး တရားမ၀င် စစ်အုပ်ချုပ်ရေးမှ တရားဝင် စစ်အုပ်ချုပ်ရေးစနစ်ကို အသွင်ပြောင်းရန်အတွက် စနစ်တကျ အကွက်ချထားသည့် လှည့်စားမှုတရပ်ဟု ယူဆသောကြောင့် ဟု ဆိုသည်။

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်းတွင် ရုံးခန်းဖွင့်လှစ်ထားသော တရားရုံးချုပ်ရှေ့နေ တဦးကလည်း ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲတွင် ကန့်ကွက်မဲ ပေးမည်ဟု ဆုံးဖြတ်ထားသည်ဟု ဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ၁ ဦးနှင့် အမှတ် ၁ စက်မှုဝန်ကြီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ၁ ဦးတို့က အစိုးရဝန်ထမ်းများအနေနှင့် ထောက်ခံမဲသာ ပေးကြရမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညွှန်ကြားရေး မှူးချုပ်များက တွေ့ဆုံမှာကြားထားပြီးဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။
ရန်ကုန်မြို့ အခြေစိုက် တပ်ရင်းအမှတ် ၁၀၆ မှ တပ်ကြပ်တဦးနှင့် တပ်သား ၄ ဦး၊ အင်းစိန်မြို့နယ် ဘီပီအိုင် ဆေးဝါး စက်ရုံ အနီးရှိ ခြေလျင်တပ်ရင်း အမှတ် ၁၆ မှ ဒုတပ်ကြပ် ၁ ဦးနှင့် တပ်သား ၄ ဦးတို့ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို ထောက်ခံမဲသာ ပေးရန် ညွှန်ကြားခံထားရကြောင်းနှင့် စစ်တပ်အရာရှိများမှအပ တပ်သားများမှာ အခြေခံဥပဒေကို နားလည် ခြင်းမရှိကြောင်း ပြောသည်။

0 comments: