Friday, April 25, 2008

အခြေခံဥပဒေ ဆန္ဒခံယူပွဲ စစ်ကိုင်းတိုင်း စစ်တမ်း

ဧရာဝတီ | ဧပြီ ၂၄ ၊ ၂၀၀၈

မြန်မာနိုင်ငံ၏ တိုင်းနှင့် ပြည်နယ်များတွင် ဒုတိယ အကြီးဆုံးဖြစ်သည့် လူဦးရေ ၅ သန်း ခွဲ ခန့် နေထိုင်လျှက်ရှိ သော စစ်ကိုင်းတိုင်းမှ လူတန်းစားအလွှာ အသီးသီးအား လာမည့် မေလ ၁၀ ရက်တွင် စစ်အစိုးရ ကျင်းပမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲနှင့် ပတ်သက်ပြီး မည်သို့ မဲပေးမည်ဆိုသည်ကို ဧရာဝတီက စစ်တမ်းကောက် ယူ မေးမြန်းခဲ့သည်။

အဆိုပါ ဒေသမှ တောင်သူလယ်သမား၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဆရာဝန်များ၊ အစိုးရဝန်ထမ်းများ၊ ပညာတတ် များနှင့် စစ်မှုထမ်းဟောင်းများအပါအဝင် လူဦးရေ ၅၀ ခန့်ကို အခြေခံဥပဒေ ဆန္ဒမဲပေးရာတွင် ထောက်ခံမဲ နှင့် ကန့်ကွက်မဲ ရွေးချယ်ရခြင်းနှင့်ပတ်သက်ပြီး စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။

ယင်းစစ်တမ်းတွင် အတိုက်အခံ နိုင်ငံရေး အင်အားစု အဖွဲ့ဝင်များကို မေးမြန်း ကောက်ယူထားခြင်း မပါရှိပေ။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့် မုံရွာမြို့နယ်များရှိ ဒေသခံ အများစုက ယခုကျင်းပမည့် ဆန္ဒခံယူပွဲအား စိတ်ဝင်စားမှု မရှိကြောင်းနှင့် တချို့မှာ မဲသွားပေးရန်ပင် မသေချာကြကြောင်း ဧရာဝတီသို့ ပြောပြသည်။

စစ်တမ်းကောက်ယူ မေးမြန်းခဲ့သည့် လူ ၅၀ ထဲမှ ၁၄ ဦးမှာ ကန့်ကွက်မဲ ထည့်ကြမည်ဖြစ်ပြီး ၃၁ ဦးမှာ ဆန္ဒမဲ ပေးရေး မပေးရေးကို ယခုအချိန်အထိ မဆုံးဖြတ်ရသေးကြောင်းနှင့် ၅ ဦးမှာ ထောက်ခံမဲပေးမည် ဖြစ်ကြောင်း သိရသည်။

ပုလဲမြို့နယ်တွင် နေထိုင်သည့် အငြိမ်းစား စစ်မှုထမ်းဟောင်း တဦးကမူ မေလတွင် ကျင်းပမည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအား စိတ်မဝင်စားကြောင်းနှင့် ၎င်းအနေနှင့် ဆန္ဒမဲ သွားရောက်ပေးမည်မဟုတ်ကြောင်းပြောသည်။

စစ်ကိုင်းမြို့မှ ဂျာနယ်လစ်တဦးကလည်း“ကျနော်တို့ကတော့ ကန့်ကွက်မဲပဲပေးမှာ၊ ဘာဖြစ်လို့လည်း ဆိုတော့ ကိုယ့်တုတ်နဲ့ကိုယ်အရိုက်ခံရတာမျိုး၊ ကိုယ်ဆန္ဒပေးလိုက်တဲ့ အစိုးရရဲ့ တရားဝင်ဖိနှိပ်အုပ်ချုပ်ခွင့်ရသွားတာမျိုး အဖြစ်မခံနိုင်ဘူး”ဟု ပြောဆိုသည်။

မုံရွာမြို့နေ ပညာရှင်တဦးကမူ အာဏာပိုင်များက ပြည်သူများကို ထောက်ခံမဲပေးရန် ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ်နေသော်လည်း ကန့်ကွက်မဲသော်လည်းကောင်း၊ ထောက်ခံ မဲသော်လည်းကောင်း ဆန္ဒမဲပေးရန် ကြိုတင် စဉ်းစားထားခြင်းမရှိကြောင်း ပြောပြသည်။

“ပြည်သူလူထုက အကြောက်တရား အောက်မှာနေရပေမယ့် ထောက်ခံမဲပေးရေး မပေးရေးဆိုတာ မသေချာဘူး” ဟု လည်း ၎င်းက ဆိုသည်။

စစ်အစိုးရ ရေးဆွဲထားသော အခြေခံဥပဒေမူကြမ်း ၂၀၀၈ အကြောင်းကို ကျေးလက်ပြည်သူအများစုက မသိရှိကြ ကြောင်း၊ သို့သော် ၎င်းအနေနှင့် ထောက်ခံမဲပေးမည်ဖြစ်ကြောင်း၊ ယင်းထောက်ခံမဲ ဘာကြောင့်ပေးရသည်ကိုမူ အကြောင်းပြချက်မပေးနိုင်ကြောင်း ရေဦးမြို့နယ်ရှိ ဈေးသည် တဦးက ပြောသည်။

ယင်းအခြေခံဥပဒေ မူကြမ်း ၂၀၀၈ ကို ဖတ်ရှုလေ့လာထားသော ပညာတတ်များကမူ ၎င်းတို့အနေနှင့် အစိုးရက ဆန္ဒမဲ ရလဒ်ကို လိမ်မည်ဆိုလျင်သော်မှ ကန့်ကွက်မဲပေးရန် ဆုံးဖြတ်ထားသည်ဟု ဆိုကြသည်။

ယခုကောက်ယူ မေးမြန်းထားသော စစ်တမ်းအရ ကလေးမြို့နယ်မှ အစိုးရဝန်ထမ်းတဦး၊ မုံရွာ ဒေသခံ ၃ ဦး နှင့် ရွှေဘိုမြို့မှ ဆရာဝန်တဦးတို့က ထောက်ခံမဲပေးမည်ဖြစ်ပြီး ညွှန်ကြားရေးမှူး တဦးကမူ နိုင်ငံကိုစစ်တပ်က အုပ်ချုပ် နေခြင်းအား မနှစ်သက်သောကြောင့် ၎င်းအနေနှင့် အရပ်သား အစိုးရကို ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

0 comments: