Saturday, April 26, 2008

လူထုဆန္ဒခံယူပွဲကို ကန့်ကွက်သည့် မေတ္တာပို့ ဆုတောင်းပွဲ ပြုလုပ်

NEJ/ ၂၆ ဧပြီ ၂၀၀၈

သံဃာတော်များ လူထုဆန္ဒ ခံယူပွဲကို ကန့်ကွက်သည့် မေတ္တာပို့ ဆုတောင်းပွဲ


လာမည့် မေ (၁၀) ရက်တွင် နအဖ ကျင်းပပြုလုပ်မည့် လူထုဆန္ဒ ခံယူပွဲကို ကန့်ကွက်သည့် မေတ္တာပို့ ဆုတောင်းပွဲတရပ်ကို အပြည်ပြည်ဆိုင်ရာ သာသနာ့ ဥသျှောင်အဖွဲ့ (ထိုင်းနိုင်ငံ) က လွတ်မြောက်နယ်မြေ တနေရာတွင် ယနေ့နံနက်ပိုင်း၌ ပြုလုပ်သည်။

ကြွရောက်လာသည့် သံယာတော် (၂၁) ပါးက မေတ္တာသုတ်၊ မောရသုတ်နှင့် နှစ်ဆယ့်လေး ပစ္စည်းများ ရွတ်ဖတ်ခဲ့ကြပြီး အရပ် (၈) မျက်နှာသို့ မေတ္တာပို့ကြသည်။

မေတ္တာပို့ ဆုတောင်းပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ သာသနာ့ဥသျှောင်အဖွဲ့ (ထိုင်းနိုင်ငံ) ၏ ဥက္ကဋ္ဌ ဆရာတော် ဦးစန္တိတ က “နအဖရဲ့ အတုအရောင် ဆန္ဒခံယူပွဲ ဘယ်သူမှ အားမပေးကြတာကို ဘုန်းကြီးတို့ကလည်း ကန့်ကွက်တာပါ။ ဘုန်းကြီးတို့ ကန့်ကွက်မှုကြောင့် နအဖရဲ့ဆန္ဒခံယူပွဲ မပျက်ပယ်သွားသည့်တိုင်အောင် မေတ္တာရဲ့အရှိန်အဝါဟာ သူတို့ကို ရိုက်ခတ် နိုင်ပါတယ်” ဟု မိန့်ကြားသည်။

အခမ်းအနားသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့၏ (ပြည်ပ) တာဝန်ခံ ဦးပညာဇောတကလည်း “သံဃာတော်တွေက မိမိတို့ ရင်ထဲမှာရှိတဲ့ ခံစားချက်တွေကို မြန်မာပြည်သူတွေ သိရှိနားလည်ဖို့အတွက် မေတ္တာပို့တယ်။ နအဖ ပြောသလို သံဃာတော်တွေဟာ အတုအယောင် မဟုတ်ဘူး။ အစစ်အမှန်တွေဆိုတာ ပြောချင်တယ်။ သံဃာတွေကံဆောင်တာ ဟာလည်း ဘုရားဟောတဲ့ ဒေသနာတော်အတိုင်း လိုက်နာကျင့်ကြံတာကို ပြောချင်တဲ့အတွက် ဖြစ်တယ်” ဟု မိန့်ကြားသည်။

၎င်းက “ပြည်တွင်းက လူတွေကို ဘုန်းကြီးတို့ ပြောချင်တာကတော့ မိမိတို့ရဲ့မဲကို မကြောက်မရွံ့ ရဲရဲတင်းတင်း ပြတ်ပြတ်သားသားနဲ့ (၉၀) ခုနှစ် ရွေးကောက်ပွဲတုန်းက NLD ကို မဲထည့်ခဲ့ကြ သလို အခုလည်းပဲ မကြောက်မရွံ့ပဲနဲ့ မဲထည့်ကြပါ။ လက်ရှိ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေက ဆန်ပဲပေးပေး၊ ဆီပဲပေးပေး ယူပါ။ သို့သော် မဲကိုတော့ ကန့်ကွက်မဲပဲ ထည့်ပါလို့ သံဃာ့ တပ် ပေါင်းစုအဖွဲ့ရဲ့ကိုယ်စား ဘုန်းကြီးအနေနဲ့ ပြောချင်ပါတယ်” ဟု ဆက်လက်မိန့်ကြားသည်။

ရတနာသုံးပါးနှင့် သာသနာတော်ကို စော်ကားပုတ်ခတ် နှိပ်စက်ဖျက်ဆီးခြင်းကြောင့် ယမန်နှစ် စက်တင်ဘာတွင် ဖြစ်ပွားခဲ့သော သံဃာတော်များ၏ ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်မှုသည် ဘုရားရှင်ကိုယ်တော်တိုင် ပြဋ္ဌာန်းခဲ့သော သံဃာကံ အစစ်အမှန် ဖြစ်သည်ဟုလည်း ဆုတောင်းပွဲ တွင် သံဃာတော်များက ထည့်သွင်း မိန့်ကြားသွားသည်။ ။

0 comments: