Saturday, March 8, 2008

လူသတ်မှုတွင် သုံးသောကျည်ဆံ ကာကွယ်ရေးပစ္စည်းစက်ရုံထုတ် ဖြစ်နေ

မဇ္ဈိမသတင်းဌာန မတ်လ ၆ ရက် ၂၀၀၇

ချင်းမိုင်။ ။ မကြာမီက ဖြစ်ပွါးခဲ့သော လူ ၅ ယောက် သေဆုံးခဲ့သည့် လူသတ်မှုတွင် အသုံးပြုခဲ့သော ကျည်ဆံသည် ကာကွယ်ရေးပစ္စည်းစက်ရုံမှ ထုတ်လုပ်သော ကျည်ဆံဖြစ်နေသည်ဟု စစ်အစိုးရနှင့် နီးစပ်သောအသိုင်းအဝိုင်း၏ အပြောအရ သိရသည်။

" ကျည်ဆံမှာပါတဲ့ အမှတ်အသားတွေ အမှတ်စဉ်တွေကို ဖျက်ထားတယ်၊ ဒါပေမဲ့ ဒီကျည်ဆံတွေက ကာကွယ်ရေး ပစ္စည်းစက်ရုံက ထုတ်တာတွေဆိုတာ သေချာပါတယ်" ဟု သတင်းရပ်ကွက်တခုက ပြောကြားခဲ့သည်။

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အနီး လုံခြုံရေး တင်းကြပ်စွာချထားသော ရပ်ကွက်ရှိ နေအိမ်တခုတွင် မိသားစုဝင် ၄ ဦးနှင့် အိမ်ဖေါ်တဦး စုစုပေါင်း ၅ ဦး မတ်လ ၃ ရက်နေ့က နေ့ခင်းကြောင်တောင် ပစ်သတ်ခံခဲ့ရသည်။

စီးပွါးရေးသမား ကုန်သည်ကြီး ဦးချာလီ (ဦးစောကြည်ဖ) ၆ဝ နှစ်၏ဇနီး ဒေါ်စန်းစန်းမြင့် (၅၈) နှစ်၊ သမီးများဖြစ်သော ဒေါ်မြစန္ဒာ (၃၆) နှစ်၊ မနှင်းပွင့်အေး (၂၇) နှစ် နှင့် အိမ်ဖေါ် မအယ်ဖော (၁၅) နှစ်တို့ကို ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာလမ်း အမှတ် ၁၂၆ ရှိ နေအိမ်တွင် ခေါင်းကို သေနတ်ဖြင့်ပစ်၍ သတ်သွားခဲ့သည်။

တရားခံ သို့မဟုတ် တရားခံများသည် ယခုအထိ လွတ်မြောက်နေဆဲဖြစ်ပြီး ရဲသတင်းရပ်ကွက် အဆိုအရ စုစုပေါင်းငွေကျပ်သိန်း ၁ ထောင် (အမေရိကန်ဒေါ်လာ ၉ သောင်းခန့်) အသတ်ခံရသော မိသားစု၏နေအိမ်မှ ပျောက်ဆုံးနေသည်ဟု ဆိုသည်။

ဦးချာလီပိုင် ဗဟန်းမြို့နယ် သံလွင်လမ်းရှိ အိမ်ကြီးတလုံးကို လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ရောင်းချခဲ့ရာ ကျပ်သိန်း ၁၄ဝဝဝ (အမေရိကန်ဒေါ်လာ ၁၃ သန်းခန့်) ရရှိခဲ့ပြီး ပထမအရစ်အဖြစ် ကျပ်သိန်း ၄ဝဝဝ (ဒေါ်လာ ၃၆၅ဝဝဝ) ရရှိပြီး ဖြစ်သည်ဟု မဇ္ဈိမအနေဖြင့် စုံစမ်း သိရှိရသည်။

အခင်းဖြစ်ပြီး နောက်တနေ့တွင် မှုခင်းဖြစ်ပွါးရာနေရာသို့ ရဲတပ်ဖွဲ့ အကြီးအကဲလာရောက် ကြည့်ရှုခဲ့သည်ကို ကြည့်ရခြင်းအားဖြင့် ဤဖြစ်ရပ်သည် စစ်အစိုးရကို တုန်လှုပ်သွားစေခဲ့ပုံ ရသည်။

0 comments: