Sunday, March 16, 2008

ကန့်ကွက်မဲပေးဖို့ ၈၈ ပန်ကြား (သတင်းသုံးသပ်ချက်)

မဇ္ဈိမသတင်းဌာန- မုံပီး မတ် ၁၅ ရက် ၂၀၀၈

နယူးဒေလီ။ ။ '၈၈၈၈ မျိုးဆက်' ဟုလူသိများသော မြန်မာနိုင်ငံ၏ ထင်ရှားသော ကျောင်းသားတက်ကြွ လှုပ်ရှားသူအုပ်စုက စစ်အစိုးရက ကျင်းပမည့် ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာ ဆန္ဒခံယူပွဲတွင် 'ကန့်ကွက်မဲ' ပေးကြရန် သောကြာနေ့က လူထုကို တောင်းဆိုလိုက်သည်။

၈၈ မျိုးဆက်၏ ယနေ့ထုတ်ပြန်လိုက်သော ကြေညာချက်တွင် မဲရုံများသို့သွား၍ 'ကန့်ကွက်မဲ' ထည့်ကြရန်နှင့် 'တိုင်း ပြည်ကို ချောက်ကမ်းပါးထဲ တွန်းပို့နေတဲ့ နအဖရဲ့ တလမ်းသွား လမ်းပြမြေပုံကို လူထုအားနဲ့ လမ်းကြောင်းလွှဲကြရန်' မြန်မာနိုင်ငံ ပြည်သူလူထုကြီးကို တိုက်တွန်း နှိုးဆောာ်ထားသည်။

"စစ်အစိုးရ၏ အတုအယောင် ဆန္ဒခံယူပွဲကို 'ပြည်လုံးကျွတ်ဆန္ဒပြပွဲကြီး' အဖြစ် အသွင် ပြောင်းလဲပစ်ကြရန်လည်း အဆိုပါ ကြေညာချက်တွင် တိုက်တွန်းထားသည်။

ဤကြေညာချက်သည် ၈၈ မျိုးဆက်ကျောင်းသားအုပ်စု၏ ကျင်းပတော့မည့် ဆန္ဒခံယူပွဲနှင့် ပတ်သက်သည့် ပထမဆုံး တရားဝင် ကြေညာချက် ဖြစ်သည်။ စစ်အစိုးရ ထုတ်ပြန်ထားသော ဆန္ဒခံယူပွဲ ဥပဒေအရ ဆန္ဒခံယူပွဲ ကျင်းပသည့် ဖြစ်စဉ်ကို ဝေဖန် ပြောကြားခြင်းသည် ရာဇဝတ်မှု ဖြစ်သည်။

မြန်မာပြည်သူများအတွက် စစ်အစိုးရ၏ အစီအမံများကို တိုက်ဖျက်ရန် ကန့်ကွက်မဲ ပေးနိုင်သည့် အခွင့်အရေးကို လက်လွတ်မခံရန်မှာ အရေးကြီးလှကြောင်း ဖမ်းဆီးခံရမည့်ဘေးမှ ထွက်ပြေးတိမ်းရှောင်နေရသည့် ၈၈ မျိုးဆက်ကျောင်းသားတဦး ဖြစ်သည့် ကိုထွန်းမြင့်အောင်က သူပုန်းအောင်းနေရာနေရာ တနေရာမှ မဇ္ဈိမကို ပြောကြားသွားခဲ့ပါသည်။

" 'ကန့်ကွက်မဲ' ပေးလိုက်တာဟာ စစ်အစိုးရရဲ့ ဆန္ဒခံယူပွဲကို ဆန့်ကျင်နိုင်ရုံသာမကဘူး၊ ခင်ဗျားတို့ လမ်းပြမြေပုံ ဆိုတာကို မြန်မာပြည်သူလူထုက တဆင့်မှ လက်မခံဘူးဆိုတာလဲ သူတို့ကိုအသိပေးပြီးသားဖြစ်သွားတယ်" ဟု ကိုထွန်းမြင့်အောင်က ဆက်လက် ရှင်းလင်းပြောကြားသွားပါသည်။

၂ဝဝ၃ ခုနှစ်က ကြေညာခဲ့သော အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံတွင် ပထမဆုံးအကြိမ် အချိန်ဇယားသတ်မှတ် ဖေါ်ပြချက်အဖြစ် ဖွဲ့စည်းပုံ အတည်ပြုနိုင်ရန် ဆန္ဒခံယူပွဲကို ယခုနှစ်မေလ၊ အထွေထွေရွေးကောက်ပွဲကို ၂ဝ၁ဝ ခုနှစ်တွင် ပြုလုပ်မည်ဟု စစ်အစိုးရက ကြေညာခဲ့သည်။

သို့သော် အတိုက်အခံများက စစ်အစိုးရ၏ လမ်းပြမြေပုံသည် အတိုက်အခံပါတီများနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်ခွင့်မရှိသဖြင့် ယုံကြည် ကိုးစားနိုင်ခြင်းမရှိဟု ဝေဖန် ပြောဆိုကြသည်။ ထို့ပြင် စစ်အစိုးရကျင်းပမည့် ဆန္ဒခံယူပွဲသည် လွတ်လပ်သော အုပ်စုများက စောင့်ကြည့် အကဲခတ်နိုင်မည့် အစီအစဉ် မပါရှိသောကြောင့် ပွင့်လင်းမှုမရှိဟု လည်း ဝေဖန်သူများက ပြစ်တင် ပြောကြားကြသည်။

စစ်အစိုးရ ရေးဆွဲထားသော ဖွဲ့စည်းပုံ ဥပဒေမူကြမ်းအရ စစ်တပ်က ပါလီမန်အမတ်နေရာ ၂၅% ကိုအလိုအလျောက် ရရှိမည် ဖြစ်သည်။ လိုအပ်လျှင် အချိန်မရွေး အရေးပေါ် အခြေအနေ ကြေညာနိုင်သည့် ဗီတိုအာဏာကိုလည်း အပ်နှင်းထားသည်။

ဖွဲ့စည်းပုံသည် မြန်မာပြည်တွင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေခြင်းကိုသာ ဖြစ်စေလိမ့်မည်ဟုလည်း ၈၈ မျိုးဆက် ကျောင်းသားများက ဆိုလိုက်ပါသည်။

မြန်မာပြည်သူများအတွက် စစ်အစိုးရ၏ အုပ်စိုးမှုကို ငြင်းပယ်ရန် တခုတည်းသော နည်းလမ်းမှာ ဖွဲ့စည်းပုံ မူကြမ်းကို ကန့်ကွက်မဲပေးခြင်းသာ ဖြစ်သည်ဟုလည်း အဆိုပါကျောင်းသားများက ယုံကြည်နေကြပါသည်။

"ကျနော်တို့ ဘယ်သူ့ကိုမှ အသက်အန္တရာယ်ကျရောက်တာမျိုး မဖြစ်စေချင်ပါဘူး။ ဒါကြောင့် 'ကန့်ကွက်မဲ' ပေးကြပါလို့ လူထုကို နှိုးဆော်နေတာပါ။ ဒီလိုလုပ်လို့ စစ်အစိုးရကအရေးမယူနိုင်ပါဘူး" ဟု ကိုထွန်းမြင့်အောင်က ပြောဆိုသွားပါသည်။

ဖေဖေါ်ဝါရီလအတွင်းက ပြဌာန်းခဲ့သော ဆန္ဒခံယူပွဲ ဥပဒေအရ ဆန္ဒခံယူပွဲကို နှောင့်ယှက်တားဆီးသူ မည်သူမဆို ထောင်ဒဏ် (၃) နှစ်အထိ ကျခံရနိုင်သည်ဟု ပြဌာန်းထားသည်။

"ဖွဲ့စည်းပုံမူကြမ်းကို 'ကန့်ကွက်' ရုံနဲ့ အာဏာပိုင်တွေမှာ ဖမ်းဆီးခွင့်မရှိပါဘူး" ၈၈ မျိုးဆက်ကျောင်းသားများက ပြောဆိုသွားပါသည်။



ဆန့်ကျင်ဘက်အမြင်များ

ထိုအတောအတွင်းတွင် စင်ပြင်ကျောင်းသားအုပ်စုတခုဖြစ်သည့် ကိုအေးလွင် ခေါင်းဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသားများ (ပြည်ထောင်စုမြန်မာနိုင်ငံ) ဆိုသည့် အုပ်စုကလည်း စစ်အစိုးရ၏ ဖွဲ့စည်းပုံဥပဒေကို ထောက်ခံမဲပေးကြပါဟု ပြည်သူလူထုကို တိုက်တွန်းလိုက်သည်။ "ကျနော်တို့ နိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထွန်းကားလာရန် အခွင့်အရေးတရပ်ပင်ဖြစ်သည်" ဟုဆိုထားသည်။

ကြာသပတေးနေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဆန္ဒခံယူပွဲသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ထူထောင်ရန် အခွင့်အလမ်းကောင်းတရပ် ဖြစ်သည် ဟု ၈၈ မျိုးဆက်ကျောင်းသားများ (ပြည်ထောင်စုမြန်မာနိုင်ငံ) ကဆိုလိုက်သည်။

အဆိုပါ အုပ်စု၏ အဖွဲ့ဝင်တဦးဖြစ်သော ကိုရဲထွန်းက မည်သည့် ဖွဲ့စည်းပုံမှ စင်းလုံးချောမဟုတ်၊ အပြစ်အနာအဆာ ရှိကြသည်ချည်း ဖြစ်သည်ဟု ခုခံချေပ ပြောဆိုသွားသည်။

"မြန်မာပြည်သားတွေက 'ကန့်ကွက်မဲ' ပေးလိုက်ရင် စစ်တပ်ကို ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ နောက်ထပ် အချိန်ဆွဲဘို့ အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားမယ်။ ဒါကြောင့် ကျနော်တို့က အခုရလာတဲ့ အခွင့်အရေးကိုအသုံးချပြီး မြန်မာပြည်သူတွေဟာ ဒီမိုကရေစီစနစ်အတွက် အဆင်သင့်ဖြစ်နေကြပါပြီဆိုတာ ဖေါ်ထုတ်ပြသကြဘို့ ကျနော်တို့ ကလူထုကို တိုက်တွန်းနေတာပါ" ဟု ကိုရဲထွန်းက မဇ္ဈိမကို ပြောဆိုသွားသည်။

၈၈ မျိုးဆက်ကျောင်းသားများ (ပြည်ထောင်စုမြန်မာနိုင်ငံ) သည် စစ်အစိုးရက လွတ်လပ်စွာ လှုပ်ရှားခွင့်ပြုထားသည့် တခုတည်းသော ကျောင်းသားအုပ်စု ဖြစ်ပြီး ကိုမင်းကိုနိုင်၏ ၈၈မျိုးဆက်ကျောင်းသားများ အုပ်စုကို တန်ပြန်ရန် စစ်အစိုးရက ဦးဆောင်ဖွဲ့စည်းထားပြီး အသုံးချနေသည့် အဖွဲ့အစည်းတရပ်သာဖြစ်သည် ဟု တက်ကြွ လှုပ်ရှားသူများက စွပ်စွဲ ပြောဆိုကြသည်။

သူတို့အနေဖြင့် ဤလမ်းသည် ဒီမိုကရေစီစနစ်ကို တည်ဆောက်ရန် တခုတည်းသောလမ်း ဖြစ်သည်ဟု ရှုမြင်နေကြပြီး လာမည့် ဆန္ဒခံယူပွဲတွင်ထောက်ခံမှုရရေးအတွက် ဆက်လက်၍ ကျယ်ကျယ်ပြန့်ပြန့် စည်းရုံး လှုပ်ရှားသွားမည်ဟု ၈၈ မျိုးဆက်ကျောင်းသားများ (ပြည်ထောင်စုမြန်မာနိုင်ငံ) ကပြောဆိုလိုက်ပါသည်။

စစ်အစိုးရ၏ ဖွဲ့စည်းပုံနှင့် စပ်လျဉ်း၍ ၈၈ မျိုးဆက်ကျောင်းသားအုပ်စု ၂ ခုအကြား မတူညီသောအမြင်များ ရှိနေကြစဉ်တွင်ပင် အခြားသော အမြင်များလည်း ရှိနေကြပါသေးသည်။

ဘားမားကင်ပိန်း ယူကေ ဟူသောလော်ဘီအုပ်စုတခုက စစ်အစိုးရ၏ လမ်းပြမြေပုံကို သပိတ်မှောက်ရန်နှင့် လာမည့် ဆန္ဒခံယူပွဲတွင် မဲမပေးဘဲ နေကြရန် ပြည်သူလူထုကို တိုက်တွန်းနှိုးဆော်ထားသည်။ မဲသွားပေးလျှင် နှစ်ပေါင်း ၄ဝ ကျော်မျှ တိုင်းပြည်ကို ဆက်တိုက်အုပ်စိုးလာသည့် ဗိုလ်ချုပ်ကြီးများကို တရားဝင် ခွင့်ပေးလိုက်သလို ဖြစ်သွားမည်ဟု ဆိုထားသည်။

တချိန်တည်းတွင်ပင် ရန်ကုန်အခြေစိုက် The Voice ဂျာနယ် ထုတ်ဝေသူနှင့် လစ်ဗင်း ကာလာမဂ္ဂဇင်း၏ အမှုဆောင် အရာရှိချုပ်ဖြစ်ပြီး မြန်မာပညာတတ်တဦးလည်းဖြစ်သည့် ဒေါက်တာနေဝင်းမောင်ကလည်း မြန်မာ့အရေးလိပ်ခဲတည်းလည်း ဖြစ်နေမှုကိုရှောင်ရှားနိုင်မည့် နောက်ထပ်အဖြေတရပ်ကို တင်ပြထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် စစ်အစိုးရ၏လမ်းပြမြေပုံကို ထောက်ခံ အတည်ပြုပြီး ထိုဖြစ်စဉ်တွင် စစ်အစိုးရ နှင့်တက်ကြွစွာ လက်တွဲ ပါဝင်ဆောင်ရွက်၍ စစ်အစိုးရနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်စေရန်ကြိုးစားသင့်ကြောင်း မဇ္ဈိမ နှင့်သီးသန့် ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတွင် ဒေါက်တာနေဝင်းမောင်က ပြောဆိုသွားပါသည်။

ထိန်းသိမ်းခံ မြန်မာအတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ပါတီ ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့သည် အာဏာမမက်မောကြောင်း ပြသသည့်အနေနှင့် စုစုပေါင်း လွှတ်တော်မဲဆန္ဒနယ်မြေ၏ တဝက်ကိုသာ ပါဝင်ယှဉ်ပြိုင်သင့်ကြောင်းဖြင့်လည်း သူက ယုံကြည်နေသည်။

"ကျနော်သာ သူတို့နေရာမှာဆိုရင် တိုင်းပြည် တည်ဆောက်ရေးအတွက် ကျနော် တတ်နိုင်သမျှ ဘယ်နည်းနဲ့ဘဲဖြစ်ဖြစ် လုပ်ပေးချင်တာပါဘဲ။ ဒါပေမဲ့ အစိုးရကိုလည်း သာယာဝပြောပြီး ပျော်ရွှင်တဲ့နိုင်ငံတနိုင်ငံ ဖြစ်လာဘို့ နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွှတ်ပေးဘို့ လိုကြောင်းလည်း ကျနော် ပြောပါမယ်။ သူမအနေနဲ့လည်း အင်အားကောင်းတဲ့ အတိုက်အခံအနေနဲ့သာ ပြတ်ပြတ်သားသားရပ်တည်သင့်တယ်" ဟု ဒေါ်အောင်ဆန်းစုကြည်ကိုရည်ညွန်းကာ ဒေါက်တာနေဝင်းမောင် ကပြောဆိုသွားပါသည်။



နားဝေတိမ်တောင် ဖြစ်ဘွယ် ရွေးလမ်းများ

ဆန္ဒခံယူပွဲကို မေလတွင်လုပ်မည်ဟုကြေညာပြီး လိုအပ်သည့် ပြင်ဆင်မှုလုပ်ငန်းများကိုလည်း စတင်ပြုလုပ်နေပြီ ဖြစ်သည့် စစ်အစိုးရသည် သူတို့အနေဖြင့် စီစဉ်ထားသည့် လမ်းပြမြေပုံအတိုင်း ရှေ့ဆက်သွားမည်သာ ဖြစ်ကြောင်း ပြသခဲ့ပြီး ဖြစ်သည်။ အတိုက်အခံအုပ်စုများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက တုံ့ပြန်မှုများ ပြုလုပ်ရာ၌မူ အကွဲကွဲအပြားပြား ဖြစ်နေကြသည်။

အကောင်းဆုံး တုံ့ပြန်မှုကို ရှာဖွေရသည်မှာ ခက်ခဲသည့်အလုပ်တခု ဖြစ်ပြီး၊ ဆယ်စုနှစ်ပေါင်းများစွာ အုပ်စိုးခဲ့သည့် စစ်တပ်အုပ်စိုးမှုကို မြန်မာနိုင်ငံတွင် အဆုံးသတ်ရန်ကြိုးပမ်းမှုတွင်လည်း ကြီးမားသော စွန့်စားရမှုတရပ် ဖြစ်စေလိမ့်မည် ဟု ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အရေးသုံးသပ်သူ ဦးအောင်နိုင်ဦး ကဝေဖန် ပြောဆိုလိုက်ပါသည်။

"လူထုက ဘယ်လိုဘဲတုံ့ပြန် တုံ့ပြန် စစ်အစိုးရက လက်ခံအသိအမှတ်ပြုဘို့ ဆိုတာ ဘာမှအာမခံချက် မရှိပါဘူး။ စစ်အစိုးရက အာဏာရှိတယ်၊ အရင်တုံးက လုပ်ခဲ့သလိုဘဲ ဆန္ဒခံယူပွဲက ထွက်လာတဲ့ရလဒ်ကို လိုသလို ခြယ်လှယ်သွားနိုင်တာဘဲ" ဟု ဦးအောင်နိုင်ဦးက မှတ်ချက်ချ ပြောကြားသွားပါသည်။

စစ်အစိုးရက သူတို့ရေးဆွဲထားသော ဖွဲ့စည်းပုံ ဥပဒေမူကြမ်းကို လာမည့်ဆန္ဒခံယူပွဲဖြင့် အတည်ပြုမည်ဟု ကြေညာထားပြီး ဖြစ်သည်။ ယင်းသည် သူတို့လိုချင်တာကို ရအောင်ယူမည်ကို ပြဆိုနေခြင်း ဖြစ်သည်ဟု ဦးအောင်နိုင်ဦးက စစ်အစိုးရ၏ ဆန္ဒခံယူပွဲနှင့်ပတ်သက်သည့် ကြေညာချက်ကို ကိုးကားကာ ဆက်လက်ပြောဆိုသွားသည်၊

မည်သို့ပင်ဖြစ်စေ "လူထုအနေနဲ့ သူတို့ရဲ့ နာကျည်းချက်တွေကို ဘုံတူညီတဲ့ သေနင်္ဂဗျူဟာတရပ်အပေါ်မှာ ညီညီညွတ်ညွတ်နဲ့ တစုတစည်းတည်း ပြသနိုင်တယ်။ သပိတ်မှောက်တာဘဲဖြစ်ဖြစ်၊ ကန့်ကွက်မဲပေးတာဘဲဖြစ်ဖြစ် ရည်တည်ချက် တခုတည်းပေါ်မှာတညီတညွတ်တည်းရှိဘို့က အရေးကြီးဆုံးဘဲ" ဟု ဦးအောင်နိုင်ဦးက ပြောဆိုလိုက်ပါသည်။

"စစ်အစိုးရကတော့ သူတို့စီစဉ်ထားတဲ့အတိုင်း ဆက်သွားမှာဘဲ။ ဒါပေမဲ့ လူထုက ကိုယ့်ရပ်တည်ချက်ပေါ်မှာ တညီတညာတည်း ရှိကြရင် ရည်မှန်းချက်တစုံတရာတော့ ရောက်နိုင်တာဘဲ" ဟုလည်း ဦးအောင်နိုင်ဦးက ဆက်လက် ပြောဆိုသွားပါသည်။



အကောင်းဆုံးတုံ့ပြန်မှု

သူတို့၏ အုပ်စိုးမှုကို တရားဝင်အောင် ပြုလုပ်နေသည့် စစ်အုပ်စု၏ အစီအစဉ်ကို တုံ့ပြန်ရန် အကောင်းဆုံးဟူ၍ ရှိပုံမရသော်လည်း စစ်အစိုးရ၏ ဖွဲ့စည်းအုပ်ချုပ်ပုံကိုကန့်ကွက်မဲပေးခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု ၈၈ မျိုးဆက် ကျောင်းသားများက ယူဆနေသည်။ မဲမပေးဘဲ နေခြင်းသော်၊ ထောက်ခံမဲပေးခြင်းသော် လုပ်လျှင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အား လမ်းချော်စေရန် စစ်အစိုးရ ဆင်ခြေပေးနိုင်ရန် ထောက်ခံလိုက်သလို ဖြစ်လိမ့်မည်ဟု ပြောဆိုသွားသည်။

"လူတွေအကုန်လုံးက 'ကန့်ကွက်' လိုက်ရင် စစ်အစိုးရအနေနဲ့ သူတို့အစီအစဉ်အတိုင်း ရှေ့ဆက်သွားဘို့ မဖြစ်နိုင်တော့ဘူးလို့ ကျနော်တို့ ယုံကြည်ပါတယ်" ဟု ကိုထွန်းမြင့်နိုင်က အလေးပေးပြောဆိုသွားသည်။

လက်ရှိကစားပွဲသည် စစ်အစိုးရ၏ ကွင်းထဲတွင် ကစားနေရခြင်း ဖြစ်သော်လည်း၊ လူထုအနေဖြင့် ဤကစားပွဲကိုအနိုင်ကစားသင့်ကြောင်း၊ ပြီးမှ ကွင်းပြောင်းနိုင်ရန် လုပ်ရမည် ဖြစ်ကြောင်းလည်း သူက ဆက်လက်ပြောဆိုသွားသည်။

"ကျနော်တို့လူတိုင်း လူတိုင်း ကိုယ်လုပ်စရာရှိတာကို တာဝန်ယူစိတ်ရှိရှိနဲ့ လုပ်ကြရအောင်ပါ။ တညီတညွတ်တည်း စုပေါင်း လုပ်ပြလိုက်ရင် ဗိုလ်ချုပ်ကြီးတွေကို တုန်လှုပ် ခြောက်ခြားသွားစေမှာဘဲ။ ဒါမှ လူထုဟာ သူတို့လုပ်ချင်သလိုလုပ်လို့ရတဲ့ ရုပ်သေးရုပ်တွေ မဟုတ်ဘူး ဆိုတာ သိသွားမယ်။ ဒါ ကျနော်တို့ ကြုံနေရတဲ့ အကြပ်အတည်းအားလုံးက လွတ်မြောက်ဘို့ အားလုံးအတွက် အကောင်းဆုံးလမ်းဘဲ" ဟု ၈၈ မျိုးဆက်ကျောင်းသားများက ပန်ကြား ပြောဆိုလိုက်ပါသည်။

0 comments: