Wednesday, March 19, 2008

စာမေးပွဲ သပိတ်မှောက်ရန် သံဃာ့တပ်ပေါင်းစု တိုက်တွန်း

မဇ္ဈိမသတင်းဌာန- သန်းထိုက်ဦး / မတ် ၁၈ ရက် ၂၀၀၈

ချင်းမိုင်။ ။ စမ္မစရိယနှင့် ပါဋိ ပထမပြန်စာမေးပွဲကို သံဃာတော်များအနေနှင့် မဖြေဆိုရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစုကြီးက တိုက်တွန်းလိုက်သည်။

ယခုလ ၂၄ ရက်နေ့ (တပေါင်းလပြည့်ကျော် ၃ ရက်နေ့) ၌ နအဖ စစ်အစိုးရက ကျင်းပပေးမည့် စမ္မစရိယနှင့် ပါဋိ ပထမပြန်စာမေးပွဲကို မဖြေဆိုကြရန် ယခုလို တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

"ရွှေဝါရောင်တော်လှန်ရေးမှာ ကံဆောင်ခဲ့တဲ့ကိစ္စ ရှိပါတယ်။ ကံဆောင်ပွဲဆိုတာက သပိတ်မှောက် ကံဆောင်ထားပြီ ဆိုရင် သပိတ်လှန်တဲ့ ကံဆောင်ပွဲ မလုပ်သမျှ ကံဆောင်ပွဲဟာ အသက်ဝင်နေတာပါပဲ။ ဒါကြောင့် ကံဆောင်ပွဲတော် မပြီးဆုံးသေးဘူး ဆက်လက်ပြီးတော့လည်း ကံဆောင်နေတယ်။ ကံဆောင်ထားတဲ့ အတိုင်းပဲ ဝိနည်း စည်းကမ်းကို လိုက်နာပြီးတော့၊ ကံဆောင်ပွဲကို ဆက်ပြီးတော့ ကံဆောင်သွားကြပါ" ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစုကြီးမှ နာယက ဆရာတော် ဦးပညာဇောတက မဇ္ဈိမကို မိန့်ကြားသည်။

ဆရာတော်က "ရွှေဝါရောင်တော်လှန်ရေးမှာ ပါခဲ့တဲ့ ရဟန်းသံဃာတော်များတွေကို ဖမ်းဆီးတယ်၊ ရိုက်နှက်တယ်၊ ကြိုးနဲ့ တုတ်တယ်၊ ထောင်ထဲမှာ အကျဉ်းချထားတယ်ပေါ့။ ဒါဟာ သာသနာကို စော်ကားလိုက်တာပဲ ဖြစ်တယ်လေ။ အဲဒါကြောင့် ပြည်တွင်းမှာရှိတဲ့ သံဃာတော်များက စာမေးပွဲကို သပိတ်မှောက်ကြပါ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်တာပါ" ဟု ဆက်လက် မိန့်ကြားသည်။

ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် သံဃတပ်ပေါင်းစုကြီး၏ ကြေညာချက်၌ နအဖ က ကျင်းပမည့် စမ္မစရိယနှင့် ပါဋိ ပထမပြန် စာမေးပွဲကို သံဃာတော်များအနေနှင့် မဖြေဆိုဘဲ သပိတ်မှောက်ကြရန်၊ စာမေးပွဲ မဖြေဆိုလိုက်ရသဖြင့် သာသနာ မကွယ်ပျောက်နိုင်ကြောင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးရိုက်နှက် သတ်ဖြတ်ပြီး သာသနိက အဆောက်အဦများ ဖျက်ဆီးခံရခြင်းကသာ သာသနာတော် ကွယ်ပျောက်နိုင်ကြောင်း ဖော်ပြထားသည်။

နိုင်ငံတဝှမ်းတွင် ယခုစာမေးပွဲကို နှစ်စဉ် တပြိုင်နက်ထဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။

ရွှေဝါရောင် တော်လှန်ရေးနောက်ပိုင်း မြို့ကြီးများရှိ စာသင်တိုက်များတွင် သံဃာတော်အပါး အရေအတွက်ကို အကန့်အသတ်ဖြင့်သာ သတင်းသုံး နေထိုင်ခွင့်ပြုသောကြောင့် သံဃာအများအပြားသည် နေရပ်ရင်းသို့ ပြန်လည် ကြွချီသွားကြသည်။

မန္တလေးမြို့ရှိ မစိုးရိမ်ကျောင်း (တိုက်သစ်) နှင့် မကွေးတိုင်း ပခုက္ကူမြို့ရှိ ဗောဓိမဏ္ဍိုင်ကျောင်းတိုက် အပါအဝင် စာသင်တိုက်ကြီး ၄ တိုက်တွင် စာသင်ကြားနေသည့် သံဃာအများစုသည် ယခုစာမေးပွဲကို ဖြေဆိုသွားမည် မဟုတ်ကြောင်း ဒေသခံ ဆရာတော်များက မိန့်ကြားသည်။

ပခုက္ကူ စာသင်ကျောင်းတိုက် တတိုက်မှ ဆရာတော်တပါးက "ပခုက္ကူက အများစု (လက်မှတ်) မထိုးကြဘူး။ အရေးအခင်းကာလတုန်းက နယ်တွေ ပြန်ကြနဲ့၊ စာတွေ သိပ်မလုပ်ဖြစ်ကြတော့ဘူးလေ။ အဲဒါကြောင့်ပါ" ဟု မဇ္ဈိမကို မိန့်ကြားသည်။

စာသင်တိုက်ကြီးများ ဖြစ်သည့် အရှေ့ကျောင်းတိုက်၊ အနောက်ကျောင်းတိုက်၊ အလယ်ကျောင်းတိုက်၊ ဗောဓိမဏ္ဍိုင်ကျောင်းတိုက် အပါအဝင် ခန့်မှန်းခြေ သံဃာအပါး ၁ဝဝဝ ခန့်အနက် စာမေးပွဲဖြေမည့် သံဃာအပါး ၂ဝဝ ခန့်သာ ရှိသည်ဟု ဆရာတော်က ဆက်လက် မိန့်သည်။

မန္တလေးရှိ မစိုးရိမ်ကျောင်းတိုက်သစ်မှ ဆရာတော်တပါးကလည်း "စက်တင်ဘာ ရုတ်ရုတ် ဖြစ်သွားတာလေးနဲ့ တချို့ စာမေးပွဲလက်မှတ် ထိုးဖို့ရာ အချိန်မမီတာတို့၊ မထိုးလိုက်ရတာတို့၊ တချို့လည်း စာတွေ မလုပ်ဖြစ်တော့ မထိုးကြတာပေါ့" ဟု မိန့်ကြားသည်။

မစိုးရိမ်ကျောင်းတိုက်သစ်တွင် လက်ရှိ အချိန်၌ သံဃာအပါး ၁၄ဝဝ ခန့်ရှိပြီး အများစုက မဖြေဆိုဟု ပြောသည်။

သို့သော် မန္တလေးမြို့ ဘုရားကြီးကျောင်းတိုက်တွင် သံဃာအပါး ၁၄ဝဝ ခန့်ရှိပြီး အပါး ၁ဝဝဝ ခန့်သည် စာမေးပွဲ ဖြေဆိုရန် သံဃနာယကထံ လက်မှတ်ရေးထိုးခဲ့သည်ကို တွေ့ရသည်ဟု အမည်မဖော်လိုသူ ဆရာတော်တပါးက မိန့်ကြားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစုကြီးကို ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် မန္တလေးမြို့၌ စတင် ဖွဲ့စည်းခဲ့သည်။

0 comments: