Reuters-NEJ/ ၆ ဇန်န၀ါရီ ၂၀၀၈
ပြီးခဲ့သည့်နှစ် စက်တင်ဘာအရေးအခင်းတွင် ထိန်းသိမ်းခံခဲ့ရသော ဆန္ဒပြ သူများနှင့် ပါဝင်လှုပ်ရှားသူများ၏ ကျန်းမာရေးနှင့် ပတ်သက်၍ အရေးပေါ် ဆေးဝါးကုသမှုများ ပြုလုပ်ပေးရန် ကုလ သမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ပေါ်လိုဆာဂျီယို ပီညဲရိုးက မြန်မာစစ်အစိုးရကို သတိပေးလိုက်သည်။
ထိန်းသိမ်းခံရသူအချို့၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ဖွယ် ရာတွင် ရှိနေပြီး အရေးပေါ် ကုသမှုများ ခံယူရန် လိုအပ်နေသည် ဆိုသည့် သတင်းပေးပို့ချက်များ လက်ခံရရှိခဲ့ကြောင်း မစ္စတာ ပီညဲရိုးက ပြောသည်။
စက်တင်ဘာ အရေးအခင်းပြီး နောက်ပိုင်း (၄) လအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူများ၊ နိုင်ငံရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူများကို ဆက်လက်ဖမ်းဆီးနေဆဲဖြစ်ကာ မြန်မာနိုင်ငံ လုံခြုံ ရေးခေါင်းစဉ်အောက်တွင် ထိန်းသိမ်းမှုများ၊ အကျဉ်းချမှုများလည်း ဆက်လက်ရှိနေဆဲဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (အေအိုင်) ၏ အစီရင်ခံစာအရ နအဖသည် စက်တင်ဘာ အရေးအခင်းနှင့် ပတ်သက်ပြီး ဖမ်းဆီးမှုများ ရပ်ဆိုင်းခဲ့သည်ဟုဆိုသော်လည်း နိုဝင်ဘာလကတည်းက အရေးအခင်းနှင့် ပတ်သက်သူများကို ဖမ်းဆီးခဲ့သည်မှာ (၉၆)ဦး ရှိပြီဟု ဆိုသည်။
စက်တင်ဘာအရေးအခင်းတွင် စစ်တပ်နှင့် ရဲများသည် ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆန်များ၊ သေနတ်များဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ရာ အနည်းဆုံး လူ (၃၁) ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံရသူများမှာ (၄,၀၀၀) အထိရှိကြောင်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ပီညဲရိုးက ပြောကြားသည်။
ယမန်နှစ် ဒီဇင်ဘာတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ ပီညဲရိုးတင်ပြသည့် အစီရင်ခံစာ၌ စက်တင်ဘာ အရေးအခင်းတွင် မတရားညှဉ်းပန်းနှိပ်စက်ခဲ့သူများကို တရားစွဲရန်နှင့် နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အခြားနိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရန် မြန်မာအစိုးရအား သတိပေးပြောကြားချက်များ ပါဝင်သည်။
မစ္စတာပီညဲရိုးအနေဖြင့် မြန်မာနိုင်ငံသို့ ထပ်မံသွားရောက်ရန် ဗီဇာလျှောက်ထားခဲ့သော်လည်း မြန်မာသံရုံးမှ ပြန်ကြားခြင်း မရှိခဲ့ဟု ကုလသမဂ္ဂအဖွဲ့ဝင်တဦးက ပြောသည်။
ဖမ်းဆီးထိန်းသိမ်းခံရသူ လူ (၃,၀၀၀) ခန့်အနက် လူ (၈၀) ကိုသာ လိုအပ်သည်များ ဆက်လက် မေးမြန်းရန်အတွက် ထိန်းသိမ်းထားဆဲရှိသည်ဟု မြန်မာစစ်အစိုးရက ပြီးခဲ့သည့် ဒီဇင်ဘာတွင် ပြောကြားခဲ့သည်။ ။
Wednesday, February 6, 2008
ထိန်းသိမ်းခံနေရသူများအတွက် အရေးပေါ်ဆေးကုသမှုပေးရန် ပီညဲရိုးတောင်းဆို
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment