ဧရာဝတီ | ဖေဖော်ဝါရီ ၆၊ ၂၀၀၈
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံတကာငွေကြေးထိန်းချုပ်ရေးဗျူရို(OFAC)က ဦးတေဇအပါအဝင် မြန်မာ့ ထိပ်သီး စီးပွားရေးလုပ်ငန်းရှင်များ၏ ငွေကြေးလည်ပတ်စီးဆင်းမှုကို တဦးချင်းစီ စိစစ်၍ ပြင်းပြင်း ထန်ထန် ပိတ်ဆို့အရေးယူတော့ မည်ဖြစ်ကြောင်း အင်္ဂါနေ့ကသတိပေးပြောကြားလိုက်သည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနှင့် နိုင်ငံတကာမိသားစု၏ တိုက်တွန်းမှုကိုလက်သင့်မခံဘဲ ဆက်လက်ဆန့် ကျင်နေမည် ဆိုပါက မြန်မာစစ်အစိုးရနှင့်ပေါင်း၍စီးပွားဖြစ်နေသူများကို ထိထိရောက်ရောက် ပိတ်ဆို့မှုများ ဆက်လက်ပြုလုပ်သွား မည်ဖြစ်ကြောင်း သတိပေးပြောကြားလိုက်ခြင်းဖြစ်သည်။
စစ်အစိုးရအနေနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုပြောင်ပြောင်တင်းတင်း ဆန့်ကျင်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ဆက်လက်ချထားခြင်း၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာအီဗရာ ဟင် ဂမ်ဘာရီကို မြန်မာပြည် သို့လာခွင့်မပြုခြင်းနှင့် ငြိမ်းချမ်းစွာဆန္ဒပြသူများအား ဆက်လက်ဖမ်းဆီး အရေး ယူမှုများပြုလုပ်နေခြင်းကြောင့် အိမ်ဖြူတော်က ယခုကဲ့သို့ သတိပေးကြေညာချက် ထုတ်ပြန်လိုက်ရခြင်းဖြစ် ကြောင်း အိမ်ဖြူတော်၏ပြောရေးဆိုခွင့်ရှိသူ မစ္စတာဒါနာပယ်ရီနိုက ပြောကြားလိုက်သည်။
“ဒါဟာ မြန်မာစစ်အစိုးရကို ဒုတိယအကြိမ်သတိပေးတာပါ။ နိုင်ငံတကာမိသားစုက ဂမ်ဘာရီမြန်မာပြည်သွား နိုင်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ လိုလားတဲ့အပေါ်မှာ စစ်အစိုးရက ပြောင်ပြောင်ပဲဆန့်ကျင်နေ တဲ့အတွက် ပထမအကြိမ် ဒါးဗို့စ် ညီလာခံမှာသတိပေးပြီးပါပြီ” ဟု၎င်းကဆက်လက်ပြောကြားသည်။
ဇန်နဝါရီလအတွင်းကပြုလုပ်ကျင်းပခဲ့သော ဒါးဗို့စ်အပြည်ပြည်ဆိုင်ရာ စီးပွားရေးညီလာခံတွင် အမေရိကန်၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး သုံးဦးတို့က မြန်မာနိုင်ငံအတွက် သတိပေးကြေညာချက်တစောင် ထုတ် ပြန်ခဲ့သေးသည်။
ဆက်လက်၍ ပယ်ရီနိုက မြန်မာစစ်အစိုးရသည် သံဃာ့တပ်ပေါင်းစုအဖွဲ့ ဦးဆောင်သံဃာတော်တပါးဖြစ်သည့် ဘုန်းတော်ကြီးဦးဂမ္ဘီရနှင့် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့အပါအ ဝင်ထင်ရှားသော နိုင်ငံရေးလှုပ်ရှားသူ ဆယ်ဦးခန့်ကို လျှို့ဝှက်စစ်ဆေး စီရင်မှုများပြုလုပ်နေသည်ဟုဆိုသည်။
“ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ စစ်အစိုးရဟာ မြန်မာပြည်သူပြည်သားတွေအပေါ်မှာ ရက်စက်ယုတ်မာနေတဲ့လုပ်ရပ်ကို ရပ်တန်းကမရပ်ဘူးဆိုရင် အမေရိကန်နိုင်ငံအနေနဲ့ ထိထိရောက်ရောက် အရေးယူမယ့် မူဝါဒတရပ်ကို ဖြည့်စွက်ကျင့်သုံး မယ်လို့ သမ္မတကြီးကလည်းပြောခဲ့ပါတယ်” ဟု ၎င်းကဆက်ပြောသည်။
အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် နိုင်ငံတကာမိသားစု၏ လိုလားချက်များကို တုံ့ပြန်ရာ၌ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ များအပေါ်လည်း စိတ်ကျေနပ်မှုမရှိကြောင်း ပါရှိသည်။
“အမေရိကန်အစိုးရကတော့ မြန်မာပြည်သူလူထုအတွက် လုပ်နိုင်သမျှလုပ်သွားမှာပဲ တခြားနိုင်ငံတွေ၊ အထူးသဖြင့် မြန်မာ နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့လည်း တပုံစံတည်း လုပ်ကြရလိမ့်မယ်” ဟု ပယ်ရီနို ကပြောသည်။
OFAC က အင်္ဂါနေ့နေ့လယ်ပိုင်းတွင် မြန်မာစစ်အစိုးရနှင့် ပတ်သက်၍ ဆုံးဖြတ်ပြီးမကြာမီ အိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်လိုက် ခြင်းဖြစ် သည်။
၎င်းဗျူရိုက စစ်အစိုးရနှင့် သီးသန့်ဆက်နွယ်ပတ်သက်နေသော ကုမ္ပဏီများ၏အမည်စာရင်းကို ထုတ်ပြန်၍ တခုခြင်း စီးပွားရေးပိတ်ဆို့သွားမည်ဖြစ်ကာ ဘုရှ်အစိုးရကလည်း မြန်မာစစ်အစိုးရကို သီးခြားကွပ်ညှပ်မှုများ ပြုလုပ်သွားမည်ဟု ကြေညာချက်တွင်ရေးသားဖော်ပြထားသည်။
ထူးထရေးဒင်း၏ အမှုဆောင်အရာရှိချုပ် ဦးတေဇသည် မြန်မာစစ်အစိုးရ၏ စီးပွားရေးလက်တံတခုဖြစ် နေသည့်အတွက် ၎င်းနှင့်သက်ဆိုင်သောငွေကြေးဆိုင်ရာနှင့်လုပ်ငန်းများကို ထိပ်ဆုံးမှပိတ်ဆို့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း OFAC ၏အမှုဆောင်အရာရှိ ဇူဘင်ကလည်းပြောကြားလိုက်သည်။
ဦးတေဇသည် စစ်အစိုးရနှင့်ပတ်သက်ဆက်နွယ်နေသည့် ကုမ္ပဏီများထဲမှ လူသိများကျော်ကြားသူတဦးဖြစ်သည့်ပြင် ၎င်းမှာစစ်အစိုးရထိပ်ပိုင်းခေါင်းဆောင်ကြီး လေးဦး၏ဇနီးများနှင့် အလွမ်းသင့်သူလည်းဖြစ်သည်။
OFAC က စာရင်းပြုစုထားသော သီးခြားစီးပွားရေးလုပ်ငန်းရှင်များထဲ၌ ဗိုလ်ချုပ်ကြီးသူရရွှေမန်း၏ သားဖြစ်သူ ဦးအောင်သက်မန်း၊ ဦးတေဇ၏အစ်ကို ဦးသီဟ၊ ဦးတေဇ၏စီးပွားရေးလုပ်ငန်းများတွင် အမှုဆောင်အရာရှိ အဖြစ် တာဝန်ယူ ထားသူ ဦးကျော်သိန်းတို့ပါဝင်သည်။
ယခုထုတ်ပြန်ချက်သည် အမေရိကန်နိုင်ငံသားတဦးချင်းစီကိုပါ တာဝန်ပေးလိုက်ချင်းဖြစ်သောကြောင့် မြန်မာစစ်အစိုးရ၏ ဝင်ငွေနှင့်ဆက်နွယ်ပတ်သက်နေသူ မည်သူမဆို ၎င်းတာဝန်ကိုထမ်းဆောင်ရမည်ဖြစ်ပြီး မြန်မာစစ်အစိုးရ၏ငွေကြေး လည်ပတ်မှုနှင့် သက်ဆိုင်နေသည့် ကမ္ဘာ့နိုင်ငံအသီးသီးကိုပါ ဖိအားပေးလိုခြင်း ဖြစ်ကြောင်း OFAC ကပြောကြား လိုက်သည်။
ယခုကဲ့သို့ စီးပွားရေးပိတ်ဆို့မှုများကို ပြင်းပြင်းထန်ထန်ပြုလုပ်လိုက်သည့်အတွက် ရေထွက်ပစ္စည်းပို့ကုန် လုပ်ငန်း၊ ကျောက်မျက်ရောင်းဝယ်ရေးလုပ်ငန်းများအပြင် အခြားသောပို့ကုန်သွင်းကုန်လုပ်ငန်းများ များစွာ ထိခိုက်မှုရှိကြောင်း မြန်မာစီးပွားရေးလုပ်ငန်းရှင်များကသုံးသပ်သည်။
ပို့ကုန်လုပ်ငန်းများရပ်ဆိုင်းထားရသောကြောင့် ရေထွက်ပစ္စည်းစက်ရုံများကိုလေလံပစ်ရောင်းချ ၍ ဘဏ်ချေး ငွေများကို ဆပ်ရန်ကျိုးစားနေရကြောင်း ရေထွက်ပစ္စည်းလုပ်ငန်းရှင်တဦးကပြောပြသည်။ ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်တွင် ရေထွက် ပစ္စည်းပို့ကုန်လုပ်ငန်းမှ အမေရိကန်ဒေါ်လာ သန်း၇၅၀ထိရရှိရန် မျှော်မှန်းထား သော်လည်း လက်ရှိတွင် မဖြစ်နိုင်တော့ ဟု၎င်းကဆိုသည်။
မြန်မာစစ်အစိုးရအနေနှင့် အမေရိကန်နိုင်ငံနှင့် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများကို ရှောင်ရှားရန် နည်းလမ်း သစ်များအား အပြင်းအထန်ရှာဖွေနေကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ ကြားသိရသည်။
Wednesday, February 6, 2008
မြန်မာ့ထိပ်သီး စီးပွားရေးလုပ်ငန်းရှင်ကြီးများကို အမေရိကန်က ပြင်းပြင်းထန်ထန် ပိတ်ဆို့အရေးယူ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment