မဇ္ဈိမသတင်းဌာန- နေသွင်/ ၅ ရက် ဇန်န၀ါရီ ၂၀၀၈ ခုနှစ်
ချင်းမိုင်။ ။ လာမည့် ရက်သတ္တပတ်အတွင်း သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲများ မစတင်ပါက မြန်မာပြည်တွင်းရှိ လူထုလှုပ်ရှားမှု အဖွဲ့များအနေနှင့် ‘အဆိုးဆုံးကို ရင်ဆိုင်ရန်အတွက် ခိုင်မာသော ညီညွတ်မှုနှင့် ပြင်ဆင်ထားကြရန်’ ရန်ကုန်တိုင်း လူထုလှုပ်ရှားမှု ကော်မတီက ယနေ့ တိုက်တွန်းလိုက်သည်။
မဇ္ဈိမက သီးခြားရရှိထားသော ရန်ကုန်တိုင်း လူထုလှုပ်ရှားမှု ကော်မတီ၏ ယနေ့နေ့စွဲဖြင့် ကြေညာချက်တွင် လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် စစ်အစိုးရ အနေဖြင့် သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးကို စတင်လုပ်ဆောင်ရန် တိုက်တွန်းထားခြင်း ဖြစ်သည်။
“ပြည်သူလူထု တွေ့ကြုံခံစားနေရသော ခါးသီးလှသည့် လူမှုဒုက္ခ အဝဝကို ထပ်ပြီး ပိုမို မဆိုးရွားလာစေရန်နှင့် ပြည်သူလူထု လှုပ်ရှားမှု မဖြစ်ပေါ်စေရန်အတွက် နအဖ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသားအဖွဲ့ ပေါင်းစုံပါဝင်သည့် ကျယ်ပြန့်သည့် စစ်မှန်သော တွေ့ဆုံဆွေးနွေးပွဲကို ၆၁ နှစ်မြောက် ပြည်ထောင်စုနေ့၌ စတင်ဆောင်ရွက်ရန်” ကြေညာချက်တွင် တောင်းဆိုထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၃ဝ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့နှင့် တွေ့ဆုံစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်ဖြစ်သော ‘အကောင်းဆုံးအတွက် ပြင်ဆင်ထားပါ၊ အဆိုးဆုံးအတွက် ရင်ဆိုင်ဖို့ အသင့်ပြင်ထားပါ’ ဟူသော အချက်ကိုလည်း ကြေညာချက်တွင် ကိုးကားထားသည်။
ထို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လွတ်လပ်ရေးနေ့ တောင်းဆိုချက်ဖြစ်သော ၂ဝဝ၈ ခုနှစ်သည် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှစ် အဖြစ် သတ်မှတ်ရေးကို ထောက်ခံထားပြီး စစ်အစိုးရ အနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ၏ တိုက်တွန်းချက်ကို လေးစားရန်လည်း တိုက်တွန်းထားသည်။
ရန်ကုန်တိုင်း လူထုလှုပ်ရှားမှု အဖွဲ့သည် ပြီးခဲ့သည့် လွတ်လပ်ရေးနေ့ကလည်း လာမည့် ပြည်ထောင်စုနေ့ကို နောက်ဆုံးထားပြီး နိုင်ငံရေး အကျဉ်းသားများနှင့် ဖမ်းဆီး ထိန်းသိမ်းထားသူ အားလုံးကို ပြန်လွှတ်ပေးပြီး စစ်မှန်သော တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် နအဖခေါင်းဆောင်များအား တိုက်တွန်းခဲ့သေးသည်။
ယခုကြေညာချက်သည် ရွှေဝါရောင် တော်လှန်ရေးတွင် ပေါ်ပေါက်လာသော ရန်ကုန်တိုင်း လူထုလှုပ်ရှားမှု အဖွဲ့၏ ၄ စောင်မြောက် ကြေညာချက် ဖြစ်ပြီး ယခုနှစ်အတွင်း ပထမဆုံး ထွက်ပေါ်လာခြင်း ဖြစ်သည်။
Wednesday, February 6, 2008
အဆိုးဆုံးကို ရင်ဆိုင်ရန် လူထုလှုပ်ရှားမှု ကော်မတီက တိုက်တွန်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment