Thursday, February 7, 2008

ရိတ်သိမ်းချိန် မတိုင်မီ

ညွန်းဆက်

(၁)

“စည်းစိမ်”

နေဒဏ်၊ ရေဒဏ်
သူ့ကျောမှန်၊
ခြေထောက်နှစ်ဖက် သမန်းတက်
ဝါးကြမ်းခင်းထက် သူအိပ်စက်။ ။

(ထင်ကျော်)

စာဖတ်ဖက်။ ကဗျာစပ်ဖက် သူငယ်ချင်းရဲဘော်တဦးရဲ့ လယ်သမားဖွဲ့ ကဗျာလေးပါ။ မြစ်ဝကျွန်းပေါ်ဒေသ လယ်သမား တွေရဲ့ဘ၀ဟာ သူ့ကဗျာလေးထဲကအတိုင်း ခေတ်ဆိုး၊ စနစ်ဆိုးထဲ မှာ ခါးသီးပျော်ဝင်စီးမျောနေခဲ့ရတယ်။လယ်သမားတွေရဲ့ လက်တွေ့ ဘ၀ထဲကို ထဲထဲဝင်ဝင် လေ့လာကြည့်ခဲ့မယ်ဆိုရင်တော့ …။


(၂)
“မင်းတို့အဖိုးဟာ ဦးဆံမုတ်လေးတိုတိုနဲ့ လယ်ကိုတယောက် တည်း တိုးခဲ့ရတာပေါ့။ လယ်တိုးတယ်ဆိုတာ စိုက်မရပျိုးမရတဲ့ မြေရိုင်းတွေကို စိုက်လို့ပျိုးလို့ရတဲ့ လယ်ကွင်းတွေဖြစ်လာအောင် ခုတ်ထွင်ရှင်းလင်းရတာမျိုး။ သိပ်ပင်ပန်းတာ။ တောတွေကလည်း ဒီရေရောက်တောတွေ။ ပေါက်တဲ့အပင်တွေကလည်း ဆူးသက်သက်။ မြွေဆိုးတွေကလည်း ပေါမှပေါ။ မင်းတို့အဖိုးသာ အဲဒီလိုလယ်မတိုး ခဲ့ရင် မင်းတို့အမေဆိုတာ လူရယ်လို့ ဖြစ်လာနိုင် မှာမဟုတ်ဘူး”
“ဒါဆို … အဖွားတို့ လယ်တွေပိုင်မှာ ပေါ့”
“ဟင့်အင်း … ပိုင်ရှင်က ဗိုလ်နေ၀င်းနဲ့ စစ်အစိုးရဖြစ်သွား တယ်”
“ဘာဖြစ်လို့လဲ အဖွား”
“မမေးနဲ့၊ နင်ကြီးလာရင် သိလိမ့်မယ်”
(၃)
၁၉၈၈။ ၈၉ ခုနှစ်၊ အာဏာသိမ်းစစ်အစိုးရက ပဲခူးတိုင်း အတွင်းရှိ လယ်သမားတွေဆီမှာ တာဝန်ကျေစပါးဆိုပြီး မတရားရိုက် နှက်လုယက် ၀ယ်ယူခဲ့တယ်။ စစ်အစိုးရရဲ့ လုပ်ရပ်အပေါ် လူ့ဘောင် သစ် ဒီမိုကရက်တစ်ပါတီ (ဗဟိုဌာနချုပ်) က ဥက္ကဌ ရဲဘော်မိုးသီးဇွန် လက်မှတ်နဲ့ ကန့်ကွက်စာတစောင်ထုတ်ပြန်ပြီး စစ်အစိုးရထံ ပေးပို့ ခဲ့တယ်။ မိတ္တူကိုလည်း မဟာမိတ် ဒီမိုကရေစီအဖွဲ့အစည်း အသီး သီးနဲ့ မြို့နယ်ရုံးများကို ပေးပို့ပြီး မြို့နယ်ရုံးများကိုလည်း လူထုထံ ဖြန့်ဝေဖို့ ညွှန်ကြားချက်ပေးခဲ့တယ်။

ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခဲ့လို့ ဘိုကလေးမြို့နယ် လူ့ဘောင်သစ်ဒီမိုက ရက်တစ်ပါတီ ဥက္ကဌနဲ့ အတွင်းရေးမှူးအပါအ၀င် မြို့နယ်အလုပ်အမှု ဆောင် ကျောင်းသား ရဲဘော်စုစုပေါင်း (၇) ဦးကို စစ်အစိုးရက ဖမ်းဆီး ထောင်ချခဲ့တယ်။ ကန့်ကွက်စာကို လူထုထံဖြန့်ဝေချိန်မှာ ဘိုကလေး မြို့နယ် ကျေးရွာအသီးသီးက လယ်သမားအများစုမှာလည်း စစ် အစိုးရရဲ့ အဓမ္မရိုက်နှက် စပါးဝယ်နေချိန်ဖြစ်နေလို့ စစ်အစိုးရခမျာ အမွှန်တက် အခွပ်ခံလိုက်ရသလို ဆတ်ဆတ်ခါသွားတယ်။ ဘိုက လေးမြို့မှာ စစ်ခုံရုံးမရှိတော့ (မ၀တ) ညွှန်ကြားချက်နဲ့မြို့နယ် တရားရုံးကနေ တချို့ကို ထောင်ဒဏ် တနှစ်နဲ့ တချို့ကို တနှစ်ခွဲစီ အမိန့်ချလိုက်တယ်။ ပုဒ်မတွေကတော့ ပုံနှိပ်ခွင့်ဥပဒေ ပုဒ်မ (၂၀) နဲ့ အစိုးရကို အကြည်အညို ပျက်စေမှု ပုဒ်မ (၅၀၅/ခ) တို့ ဖြစ်တယ်။ ထောင်ကျရဲဘော်တွေကို မအူပင် အကျဉ်းထောင်နဲ့ အင်းစိန်အကျဉ်း ထောင်တို့ဆီ ပို့လိုက်တယ်။ရဲဘော်တွေထဲက ရဲဘော် ကျော်မျိုးသန့် (ခေါ်) ဂျပန်ကြီးဟာ မအူပင်အကျဉ်းထောင်ရဲ့ နှိပ်စက်၊ ကျွေးမွေး၊ ကုသမှုဒဏ်တွေကြောင့် ကျဆုံးခဲ့ရတယ်။ သူ့ကိုကျဆုံးခါနီးမှ မအူပင် ဆေးရုံကိုပို့လိုက်ပြီး ကျဆုံးချိန်မှာ ဆေးရုံကုတင်နဲ့ ခြေထိတ်၊ လက်ထိတ်ခတ်ထားတာကို မှတ်တမ်းဓာတ်ပုံ ရိုက်ထားနိုင်ခဲ့ပါတယ်။

ထောင်ကထွက်လာတော့ ဒီမိုကရေစီရေးအတွက် ဆက်လုပ် ရင်း စားဝတ်နေရေးအတွက် အလယ်တန်းကျောင်းဆရာ (ရွာခန့်) အလုပ်ကို ၀င်ရောက်လုပ်ကိုင်ခဲ့ရတယ်။ တာဝန်ကျရွာက လေးကို အခြေချမိတာနဲ့ လယ်ကွင်းနဲ့ လယ်သမားဆိုသူတွေကို နဖူးတွေ့၊ ဒူးတွေ့ဆုံတွေ့ခဲ့ရပါတော့တယ်။ ကျောင်းသူ ကျောင်းသား တွေဆိုတာကလည်း လယ်သမားသားသမီးတွေချည်းပဲ မဟုတ်လား။

(၄)
(၁၉၉၀။ ၉၁)
“စပါးဈေးတွေကောင်းလာတော့ ဦးလေးတို့လယ်သမားတွေ စီးပွား ရေး အဆင်ပြေနေပြီပေါ့နော်”
“အနည်းစု … မပြောပလောက် တဲ့ အနည်းစုပါ ဆရာလေးရယ်” “ဟင် … ကျနော်မရှင်းဘူးဦးလေး”
“ ဟ … ကျောင်းဆရာလေးရ။ ဒီလိုရှိတယ်။ တို့ရွာမှာ ဘယ်လိုလူ မျိုးကို လယ်သမားလို့ခေါ်မလဲ။ပြီးတော့ လယ်သမားမှာ အလွှာ အမျိုးမျိုးရှိတယ်။ဝါးစိမ်းခုတ်၊ စာရင်းငှား၊ ပျံကျ၊ ကောက် စိုက်၊ ပျိုးနှုတ်၊ စာရင်းဒိုင် … အင်း … လယ်ပိုင်ပေါ့၊ မဟုတ်သေးဘူး။ လယ်မပိုင်ဘူး။ လယ်လုပ်ပိုင်ခွင့်ပဲရှိတာ။ လယ်ပိုင်တာက အစိုးရတဲ့ ကွ။ လယ်လုပ်ခွင့်ရှိသူတွေထဲမှာလည်း ဧက အနည်းအများအလိုက် ရှိတယ်။ ပြီးတော့ … လယ်လုပ်ပိုင်ခွင့်ရှိတဲ့ လူထဲမှာမှ လယ်ထဲလုံးဝ မဆင်းဘူးတဲ့သူတွေ အများကြီး။ လယ်လုပ်ကိရိယာတွေ ကျွဲ၊ နွား၊ ထွန် တုံး၊ ငှားစားတဲ့ လူတွေ၊ အတိုးပေးနေတဲ့ အမျိုးသားချစ်တီးတွေ ရှိတယ်။ဘယ့်နှယ် …ရှုပ်သွားပြီလား ”

“ဆရာလေးက ရောက်ခါစမို့ပါ။ နောက်ဆို မသိချင်လဲ သိလာရလိမ့်မယ်။ လယ်ကွင်းထဲမှာ နွားနဲ့ ဖက်လုပ်နေရတဲ့လူတွေ ရေနဲ့ မိုးနဲ့၊ ရွံ့နဲ့ သမန်းနဲ့။ မြွေဆိုးနဲ့ ဆူးတွေကြားမှာ ရုန်းကန် လုပ်ကိုင်နေရတဲ့ လူများစု … အဲဒီလူအများစုလယ်သမားတွေရဲ့အိမ်မှာ စပါးကျီနဲ့ စည့်ဆိုတာမရှိဘူး။

ရရစားစားဘ၀မျိုးကိုမပြောနဲ့ ထပ်တိုးကြေးတွေပိနေပြီး လယ်လုပ်သူ ထမင်းငတ်နေတာ အများကြီး။ အားတဲ့အခါ ထမင်းစားချိန်ရွာထဲလျှောက်ပြီး လေ့လာ ကြည့်ပေါ့။ဆရာလေးကျောင်းက ကျောင်းသားအများစုရဲ့ မိဘတွေ၊ ဦးလေးတွေဟာ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေပဲလေ”

(၅)
“ဦးလေး … ဦးလေး တို့သီးထပ်စိုက်ရတော့မယ်ဆို”
“အဲဒါပေါ့ ကျောင်းဆရာလေးရယ် … ။ ဒုက္ခနဲ့လှလှတွေ့တာ မဟုတ်ဘူးကွ။ ဒုက္ခနဲ့လယ်သမား ရိုးမြေကျပေါင်းသင်းရတော့မှာ။ ဒီလိုဟေ့ … မအူပင်ဘက်ဆိုလား။ မော်ကျွန်းဘက်ကဆိုလား မသိ ပါဘူး။ သူ့လယ်မှာ သီးထပ်စိုက်ကြည့်တယ်။ အောင်မြင်တယ်ဆို ပါစို့။ အဲဒီမှာ တိုင်းမှူးလုပ်တဲ့လူသိသွားတယ်၊ ဒီကောင်က သေနတ်ပဲပစ်တတ်တဲ့ကောင်၊ ဘာနားလည်လို့လဲ၊ အဲဒါသူက ဧရာဝတီတတိုင်းလုံးကို သီးထပ်စိုက်ရမယ်တဲ့၊ ဒီမှာ … ကျောင်းဆရာ … မြေဆိုတာ တနေရာနဲ့တနေရာ တူတာမဟုတ်ဘူး။ မတူတာကို တပုံစံတည်း လုပ်ဆိုတော့ … ကွာ … ငါတို့လယ်တွေက ရေနက်ကွင်း တွေ၊ မိုးတွင်းကာလလယ်ကွင်းတချို့ဆို ရေက ခါးလောက်အထိရှိ တာ။ ပြီးတော့ … ရေက ချက်ခြင်းကျသွားတာမျိုးမဟုတ်ဘူး။ အဲဒီ ရေနက်ကွင်းတွေမှာ သက်ရင့်စပါးပဲ စိုက်လို့အဆင်ပြေတယ်။ ခုတော့ သီးထပ်စိုက်ဖို့ သက်နုစပါးတွေသာ စိုက်ရမယ်တဲ့။ သက်နုစပါးဆို တာ နာမည်နဲ့လိုက်အောင်လည်း နုတယ်ကွ။ကျောင်းဆရာ … မင်းကြည့်နေ … ရေမလှန်နိုင်လို့ ညောင်ခြေလည် အမြစ်ကျွတ်ပြီး သေနေတဲ့ စပါးပင်တွေလို … ငါတို့ဘ၀တွေကိုလေ …။ ပြီးတော့ … သီးထပ်စိုက်ချိန်မှာ ချောင်းတွေက ရေစစ်သွားပြီ။ အဲဒါ ရေစုပ်စက် ၀ယ်ရမယ်တဲ့။ မ၀ယ်နိုင်ရင် ငှားပြီးလယ်ကွင်းထဲ ရေစုပ်တင်ရမယ်တဲ့။ အဲဒီအချိန်ဆို လယ်တွေက ပက်ကြားအက်တွေပေါ်နေပြီ။ လယ်တွေ က ချောင်းအထက် မြေအမြင့်ပိုင်းမှာ ကျန်ခဲ့တာ။ စုပ်တင်ထားတဲ့ ရေတွေဟာ ပက်ကြားအက်ထဲကနေ စီးဝင်ထွက်ပြေးသွားရော။ တညလုံး စုပ်တင်ခဲ့သမျှရေဟာ မနက်ကျရင်လယ်ကွက်ထဲ တစက်မှ မရှိတော့ဘူး။ ပြီးတော့ … လယ်ထဲမှာ တလင်းမလုပ်ရဘူးတဲ့။ တလင်းပျောက်စနစ်တဲ့ … ထွီ … ကြား … ကြားဘူးပေါင်ကွာ။ ကျွဲတွေ၊ နွားတွေကိုလည်း တခါထပ်ပြီးခိုင်းရအုံးမယ်။ စားကျက်မရှိ၊ ဘာမရှိနဲ့… အင်း … ”

(၆)
၁၉၉၃၊ ၉၄ ခုနှစ်၊
မိုးဦးကာလ ကျောင်းဖွင့်စတွင် ကျောင်းသူကျောင်းသား အယောက် လေးဆယ်ကျော် ငါးဆယ်ရှိခဲ့သော ကျနော့်တွဲဘက် အလယ်တန်းကျောင်းကလေးသည် တန်ဆောင်မုန်း၊ နတ်တော်လ များသို့အရောက်တွင် ကျောင်းသားအစိတ်ခန့်သာ ကျန်ပါတော့ သည်။

ကလေးတွေဘာဖြစ်လို့ ကျောင်းထွက်ကုန်တာလဲ ကျောင်း လခမတတ်နိုင်လို့လား။ အိမ်တိုင်ယာရောက်သွား၍မေးခဲ့သည်။တချို့ကျောင်းသားတွေကို ကျောင်းလခ တ၀က်သာပေးဖို့။ တချို့ကို လုံးဝ ပေးစရာမလိုဘဲ ကျောင်းသာပြန်တက်စေဖို့ စည်းရုံးခဲ့သည်။ ကျနော့်ဘက်က အသင်အပြ ညံ့လို့လား။ ဆက်ဆံရေးမကောင်းလို့ လား မေးကြည့်မိသည်။ အဖြေအားလုံးက အကြောင်းအရာတခု တည်း။
ဖခင်လုပ်သူတချို့ မိုးစပါးတာဝန်မကျေ၍အဖမ်းခံနေရ သည်။ တချို့က အဖမ်းမခံရရေးအတွက် အကြွေးလိုက်ယူရင်း ခရီး လွန်နေကြသည်။ အိမ်မှာ မိခင်ဖြစ်သူတွေက ထမင်းတလုပ်စားရဖို့ အရေး နေ့စဉ်ရှာဖွေထွက်နေရသည်။ ထို့ကြောင့် …။

“သူက အရွယ်နည်းနည်းရောက်ပြီဆိုတော့ အိမ်မှာထမင်း ချက်၊ ကလေးထိန်းရတော့မယ်။ ကျွဲ၊ နွားကျောင်းတဲ့ အလုပ်က လေးလည်း သူ့အဖေက ငွေယူထားတော့ ဒီအချိန်မှာ သူ့ကိုပဲ ခိုင်းရမှာ။ ဒါကြောင့် ကျောင်းဆက်ထားဖို့ ဘယ်လိုမှမတတ်နိုင်တော့ လို့ပါ။ ဆရာလေးရဲ့စေတနာကို ကျေးဇူးတင်လှပါတယ်။သူတို့ကို ကျမတို့ဘ၀လိုမဖြစ်အောင် ခေတ်ပညာတတ်တွေ အရမ်းဖြစ်စေချင် ပါတယ်။ ဒါပေမယ့် … ဘယ်လိုမှ မကြံတတ်တော့လို့ပါ၊ ကမ္ဘာမီး လောင်လို့ သားကောင်ချနင်းနေတယ်လို့တော့ မထင်ပါနဲ့ဆရာ လေးရယ် …”

(၇)
“ကဲ … ကျောင်းဆရာရေ … ဦးလေးပြောတဲ့အတိုင်း ဖြစ်နေပြီမလား။ လယ်ဆယ့်ငါးဧကနဲ့ နှစ်ဆယ်ဝန်းကျင်ပိုင်တဲ့ လယ်သမားတွေ စာရင်းငှားဖြစ်သွားပြီ။ လုပ်ပိုင်ခွင့်ရ လယ်တွေကို ရောင်းစားပြီး တာဝန်ကျေစပါးဆပ်လိုက်ရတယ်။ မင်းဦးလေးငါလည်း နေ့ချင်းညချင်းကို လုပ်ပိုင်ခွင့်လယ်မရှိတော့ဘူး။ ရောင်းလိုက်ရပြီ။ သီးထပ်စီမံကိန်းမှာ ချမ်းသာသွားတာက လယ်ထဲမဆင်းဘူးတဲ့ လူနည်းစုပဲကွ။ ကျွဲတွေ၊ နွားတွေလည်း သေလိုက်ကြတာကွာ၊ အစာငတ်၊ ရေငတ်၊ ပင်ပန်းပြီးတော့ပေါ့။ ဟိုတိုင်းမှူးဆိုတဲ့ကောင် ကတော့ ပြည်ပကတင်သွင်းတဲ့ ရေစုပ်စက်တွေအတွက် ကော်မရှင် တော်တော်ရလိုက်တယ်ပြောတယ်။ လယ်ကို တကယ်လုပ်တဲ့ လယ်သမားတွေက သည်းခံနိုင်လွန်းတဲ့ လူတန်းစားကွ။ သူမပိုင် ပေမယ့် သူလုပ်ပိုင်ခွင့်ရှိတဲ့ လယ်ကွက်လေးသာရှိနေရင် အမိုးမလုံ၊ အကာမရှိ၊ ၀ါးကြမ်းခင်း ကျိုးတိုး ကျဲတဲအပေါ်မှာ ထမင်းပူ၊ ဟင်းပူရွေး တတ်တဲ့ လူမျိုးမဟုတ်ဘူး။ ထမင်းကြမ်းခဲကို ဆားဖြူးပြီး သူ့လယ် ကွင်းတွေကြည့်ပြီး ပီတိနဲ့ မြိန်မြိန်စားတတ်တဲ့လူတွေကွ။ အဲဒီလူတွေ ဒုက္ခအကြီးအကျယ်ရောက်ကုန်ကြပြီ။ ဘ၀ပျက်ပြီး မြို့တက်သွား ကြတာလည်း မနည်းဘူး။ ဟိုမှာ ဘာတွေဖြစ်ကုန်ကြမလဲ မပြော တတ်ပါဘူးကွာ။ ချမ်းသာတဲ့ သူတွေအဖို့ကတော့ လယ်တွေရှိနေရင် သူတို့အတွက် နင်းပြားတွေ ရှိနေမှာပေါ့ … ဟုတ်လား …။ နင်းပြားအဟောင်းတွေ ပျက်သုဉ်းကုန်ရင် နင်းပြားအသစ်တွေ ရောက်လာမှာပေါ့။ အော် … ။ ဒါနဲ့… ဆရာလေး (၁၉၀၆) ခုနှစ် ဟူနန်လယ်သမား သူပုန်အရေးတော်ပုံအကြောင်း ကြားဖူးလား”
“ဟုတ်ကဲ့ … ဖတ်ဖူးပါတယ်”
“ဟုတ်ပြီ … ဟူနန်လယ်သမားအရေးတော်ပုံမှာ အင်အား ခြင်းမမျှလို့ လယ်သမားတွေရှုးနိမ့်ခဲ့ကြတယ်။ ဒါပေမယ့် နောက်ဆုံး မှာ လယ်သမားတွေအောင်ပွဲခံ လွတ်မြောက်ခဲ့ကြတယ်မဟုတ်လား”
“ဟုတ်ပါတယ်”
“ဒီမှာ … ကျောင်းဆရာရေ … တို့လယ်သမားလူတန်း စားဆိုတာ ကမ္ဘာပေါ်မှာ သည်းခံနိုင်ဆုံးလူတွေဖြစ်တယ်။ သူတို့ သည်းခံနိုင်တဲ့ အဆင့်ကုန်ပြီဆိုရင်တော့ … ”

(၈)
ည …။ မီးလောင်ကျွမ်းထားသော ရိုးပြတ်လယ်ကွင်းပြင်ပေါ် ဖြတ်တိုက်လာသော လေပြည်သည် နွေးမြမြရှိနေသည်။ လယ်ကွင်း အစပ်က တဲအိမ်လေးဆီ ကျနော် လှမ်းမျှော်ကြည့်နေမိသည်။ လကွယ်ညသည် တိတ်ဆိတ်စွာမင်းမူနေလျက်။

ကောင်းကင်ကို မော့ကြည့်မိတော့ ခါတိုင်းညတွေထက် ကြယ်တွေပိုစုံနေသည်ဟု ခံစားလိုက်ရသည်။ ကျနော် လှမ်းမျှော်ကြည့်မိသည့် တဲကလေးဆီမှ ကလေးငယ်တယောက်၏ ငိုကြွေးသံကို ကြားလိုက်ရသည်။ ကလေးရဲ့ငိုကြွေးသံသည် ကျနော့်နားစည်မှတဆင့် ကျနော့်နှလုံး သားထဲဆီသို့…။ ။

1 comments:

Anonymous said...

မြန်မာပြည်မှ စပါးပင်တွေကြားနေပြီး ၊ စားစရာဆန်မရှိတဲ့ လယ်သမားတွေဘ၀အကြောင်း ၊ ပညာသင်ခွင့်တောင်မရရှာတဲ့ သူတို့မျိုးဆက်တွေအကြောင်းဖတ်ပြီး ၊ ရင်ထဲနင့်သွားပါတယ် ။

အဲဒါတွေရဲ့ တရားခံကတော့ ဒီစစ်အစိုးရကြောင့်ပါပဲ ။