Thursday, February 7, 2008

”တိုက်ပွဲ”

ဆောင်းယွန်းလ

ငါတို့က..
ယုံကြည်ချက်တွေကိုအိတ်ထဲထည့်ပြီး
ညစဉ်မက်အိပ်မက်တွေလိုမက်ရတာထက်
ယုံကြည်ချက်တွေကိုပခုံးပေါ်ထမ်းပိုးရင်း
တလမ်းဝင်တလမ်းထွက်
အခါမလပ်လမ်းလျှောက်နေရတာကိုလိုလားတက်မက်ကြတာပါ…

ဒါကြောင့်…
ဘဝခါးခါးနေ့ရက်တွေအတွက်
ငါတို့ရဲ့ ညမနက်တွေဟာ
အဆိပ်တခွက်ဖြစ်ခဲ့ရင်တောင်
တစက်မျှမကျန်သည်အထိမော့သောက်ကြည့်မယ်
အဲဒီအမှောင်ကိုမျိုးစေ့မချချင်တော့လို့…..

ငါတို့ရဲ့….
တပြိုင်နက်တည်းညီညွတ်တဲ့လက်တွေနဲ့အတူ
စားပွဲပေါ်ကခွက်တွေကိုယူရင်း
အခိုင်မာဆုံးတည်ဆောက်မှုတွေကိုသောက်ဖို့
အလင်းနှစ်တို့ရဲ့ မီးအိမ်တွေလိုတယ်…..

ဒါကြောင့်…
လှိုင်းကြမ်းကြမ်းနေ့ရက်တွေအတွက်
ငါတို့ရဲ့ ညမနက်တွေဟာ
မုန်တိုင်းတစ်စင်းဖြစ်ခဲ့ရင်တောင်
တက်စုံရွက်ကုန်ဖွင့်ရင်းလှော်ခတ်ကြည့်မယ်
အဲဒီပင်လယ်ကိုရဲရင့်ခြင်းလှေငယ်နဲ့ကျော်ဖြတ်အနိုင်ယူချင်လို့…

ငါတို့ရဲ့…
တသွေးတသားတည်းမျိုးရိုးဗီဇတွေနဲ့အတူ
မျှော်လင့်ချက်တွေကိုအားဖြည့်ယူရင်း
အလှဆုံးညနေခင်းတွေကိုလျှောက်ဖို့
အရုဏ်နေ့သစ်တို့ရဲ့ လေပြေညင်းတွေလိုတယ်….

တကယ်တော့…
နားလည်မှုဆိုတဲ့စကား
ပါးပါးလေးဆောက်တည်လို့မရ
ပေးဆပ်ခြင်းတွေနဲ့လဲလှယ်မှုပြုကြရတာပါ
ဒါကြောင့်…ငါတို့ဟာ
တခါတခါကြမ်းတမ်းမှုတွေနဲ့နူးညံ့ကြရရင်း
တခါတခါနူးညံ့မှုတွေနဲ့ကြမ်းတမ်းကြရရင်း
မျှော်လင့်ခြင်း မြားတစင်းကိုပစ်ခွင်းတယ်…

အဲဒီမြားဦးထိပ်ကစာသား
နှစ်လုံးတည်းနဲ့ သိပ်ပြီးတာသွားတယ်
”တိုက်ပွဲ“
လိုက်ရဲသူတွေအတွက်သာ…..။ ။


ဆောင်းယွန်းလ

1 comments:

Anonymous said...

ိကိုဆောင်းယွန်းလရဲ့ကဗျာကို နှစ်သက်စွာ ခံစားသွားပါတယ် ။ အားမာန်အပြည့်ပါပဲ .. အထူးသဖြင့် နောက်ဆုံး ၂ကြောင်းဖတ်ပြီး ၊ အလွန်အားတက်မိပါတယ် ။

”တိုက်ပွဲ“
လိုက်ရဲသူတွေအတွက်သာ…..။ ။