မဇ္ဈိမသတင်းဌာန-နန်းဒေဝီ/ ၈ ရက် ဇန်န၀ါရီ ၂၀၀၈ ခုနှစ်
နယူးဒေလီ။ ။ ၂ဝဝ၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ရန်အောင်က ရရှိသွားပြီး အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို နန္ဒာလှိုင်က ဆွတ်ခူးသွားသည်။
ရန်အောင် က “ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ” ရုပ်ရှင်ဇာတ်ကားဖြင့် ၆ ခုမြောက် အကယ်ဒမီဆု ထပ်မံရရှိပြီး၊ နန္ဒလှိုင်က “တောင်သမန်သစ္စာ” ဇာတ်ကားဖြင့် ရရှိခြင်း ဖြစ်သည်။
“ဒီနှစ်ရတဲ့သူတွေ ထိုက်တန်တယ်လို့ မြင်တယ်။ ဘာကြောင့်လည်းဆိုတော့ ကိုရန်အောင် ကားမှာဆိုရင် ဘဝမှာ ၂ ဆင့်ပေါ့နော်၊ လူငယ်ဘဝမှာ အရမ်းရိုးသားတဲ့၊ စာအရမ်း ဝါသနာပါတဲ့ လူငယ်တယောက်ပေါ့၊ အချစ်နဲ့ ပတ်သက်ပြီးတော့ ကြေကွဲခဲ့ရတယ်၊ နောက် သူအသက်ကြီးလာတဲ့ အပိုင်းပေါ့နော်၊ ပြောမယ်ဆိုရင် အဲဒီကားမှာ အိုင်တင်တွေက Changes တွေ အများကြီး ပါတယ်။ ပြောမယ်ဆိုရင် ဒီအကယ်ဒမီမှာ ဆိုရင် အိုင်တင် တမျိုးထက်ကို အငယ်ဘဝ၊ အကြီးဘဝ နောက်တခုက အိုင်တင် ပြင်းထန်တဲ့ Heavy Action တွေပေါ့နော်၊ အိုင်တင်အစုံပါရင် အကယ်ဒမီ များသောအားဖြင့် ရကြတာပေါ့” ဟု အမည်မဖော်လိုသူ ရုပ်ရှင် ဒါရိုက်တာတဦးက ပြောသည်။
သို့သော် စစ်အစိုးရ နှစ်သက်သည့် ပေါ်လစီကား အရိုက်များသောကြောင့် ရန်အောင် ဆုရခြင်း ဖြစ်သည်ဟုလည်း ဝေဖန်မှုများ ထွက်ပေါ်နေသည်။
“အခု အကယ်ဒမီ ရတဲ့ကားက ပေါ်လစီကားတော့ မဟုတ်ဘူးဗျ၊ ဒါပေမဲ့လို့ သူက ပေါ်လစီကား တော်တော် ရိုက်တယ်။ အဲသလို ကားများများ ရိုက်တဲ့သူတွေက အကယ်ဒမီရတာ မဆန်းပါဘူး၊ အစိုးရကလည်း သဘောကျတယ်လေ” ဟု ရန်ကုန်အခြေစိုက် ဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။
ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အကယ်ဒမီ ဆုပေးပွဲကို လုံခြုံရေး တင်းကြပ်စွာ ချထားသည့်အပြင် ပရိတ်သတ်များ ခန်းမဆောင်အတွင်း ဓာတ်ပုံရိုက်ခွင့် တားမြစ်ခဲ့သည်။
“လုံခြုံရေးက တင်းတယ်၊ ဘောပင်တောင် ယူလို့ မရဘူး။ လာကြည့်တဲ့ ပရိတ်သတ်တွေက ကင်မရာတွေ ယူလာလို့ မရဘူး။ ရိုက်လို့ မရဘူး၊ လုံခြုံရေး ကဒ်ကိုတော့ နေပြည်တော် တိုင်းစစ်ဌာနချုပ် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့  ဦးစီးဌာနက ထုတ်ပေးတယ်။ ပြည်တွင်း သတင်းထောက်၊ ဂျာနယ်တွေ၊ သူတို့ တင်ထားတဲ့ ဓာတ်ပုံနဲ့ ၊ ကဒ်နဲ့ နာမည်နဲ့ တိုက်ပြီးတော့ ဝင်ရတယ်။ နောက် လာကြည့်တဲ့သူတွေ ပါလာတဲ့ မုန့်ထုတ်တွေ၊ ရေဗူးတွေကိုတောင် အထဲယူခွင့် မပေးဘူးလို့ ပြောတယ်။ အကုန် ထားခဲ့ရတယ်” ဟု တက်ရောက်ခဲ့သော သတင်းထောက် တဦးက ပြောသည်။
ဆုပေးပွဲ တက်ရောက် အားပေးခဲ့သူ ၁ဝဝဝ ခန့် ရှိရာ ထူးထူးခြားခြား အစီအစဉ်ဖြင့် နေပြည်တော်တွင် ပြည်ထောင်စုနေ့ အကြို ရောက်ရှိနေသော တိုင်းရင်းသား ကိုယ်စားလှယ် စုစုပေါင်း ၅ဝ ခန့် ပါဝင်သည်။
၂ဝဝ၅ ခုနှစ် ရုပ်ရှင်ထုတ်လုပ် ရုံတင်ပြသခဲ့သော မြန်မာ့ရုပ်ရှင် ဇာတ်ကား စုစုပေါင်း (၁၅) ကားရှိခဲ့ပြီး၊ ၂ဝဝ၆ ခုနှစ်တွင် (၁၁) ကားနှင့် ၂ဝဝ၇ ခုနှစ်တွင် ၇ ကားသာ ရုံတင်နိုင်ခဲ့သည်။
Friday, February 8, 2008
နန္ဒာလှိုင်နှင့် ရန်အောင် အကယ်ဒမီရရှိ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment