ဧရာဝတီ-ကိုစိုး | ဖေဖော်ဝါရီ ၁၊ ၂၀၀၈
မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးအတွက် မြန်မာပြည်သူများ အနေနှင့် အဆိုးဆုံးကိုရင်ဆိုင်နိုင်ရန် ပြင်ဆင် ထားရမည် ဟူသော မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကို တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဝါရင့်နိုင်ငံရေးသမားဟောင်းကြီးများက လက်ခံသဘောတူကြောင်း ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံရာ တွင် “အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးကိုလည်းရင်ဆိုင်ရန် ပြင်ဆင်ထားရမယ်”ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုလိုက်ကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပြသည်။
လက်ရှိ စစ်အစိုးရ ဆက်ဆံရေး ဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံမှုများသည် ယခုအချိန်အထိ တိုးတက်မှု မရှိသေး ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်ဟုလည်း ၎င်းကဆိုသည်။
အမှန်တကယ် တိုင်းပြည်အကျိုးအတွက် ပြုလုပ်မည်ဆိုပါက တွေ့ဆုံဆွေးနွေးရန် ယခုကဲ့သို့ အချိန်မဆွဲ သင့်ကြောင်းနှင့် ကြားခံပုဂ္ဂိုလ်လည်း ထားရှိရန်မလိုကြောင်း ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပြောသည်
ဦးအေးသာအောင်က“နအဖ က လက်ရှိ ဦးအောင်ကြည် ကို ထားပြီး တွေ့ဆုံနေတာရှိတယ်၊ ဒါပေမယ့် တကယ် တိုင်းပြည် အတွက် အကျိုးရှိဖို့လုပ်မယ်ဆိုရင် ဒီလောက်အချိန် မဆွဲသင့်ဘူး၊ ကြားခံလည်းထားနေစရာ မလိုဘူး၊ အခုလို အချိန်ဆွဲ နေတာဟာ နအဖ အနေနဲ့အမှန်တကယ် တွေ့ ဆုံဆွေးနွေးလိုစိတ်မရှိလို့ပဲ၊ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က အကောင်း ကိုမျှော်လင့်ထားသလို အဆိုးကိုလည်းရင်ဆိုင်ဖို့ ပြင်ဆင်ထားရမယ် ဆိုတာကို ပြောတယ်လို့ ထင်ပါတယ်”ဟု ပြောကြားသည်။
စစ်အစိုးရအနေနှင့် အနိုင်ရ နိုင်ငံရေးပါတီ အပါအဝင် တိုင်းရင်းသားအဖွဲ့များနှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးရေး မပြုလုပ်ပါက တိုင်းပြည်၏ အခြေအနေသည် ဆက်လက်ဆိုးဝါးနိုင်ဖွယ် ရှိသည်ဟုလည်း ဦးအေးသာအောင်က ဆိုသည်။
ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ တွေ့ဆုံဆွေးနွေးနိုင်ပါကအကောင်းဆုံးဖြစ်ပြီး ယင်းသို့တွေ့ဆုံဆွေးနွေးမှုမရှိသဖြင့်မြန်မာပြည်သူ များအနေဖြင့် အဆိုးဆုံးကို ရင်ဆိုင်ရန်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း ပြောဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်ဟာ အထိန်းသိမ်းခံထားရတဲ့အတွက် သူ့အနေနဲ့ ဘာမှလှုပ်ရှားလို့မရဘူး၊ ဒါကြောင့် နောက်တကြိမ် လူထုအုံကြွမှုဖြစ်ပွားပါက အဆိုးဆုံးအခြေအနေကို ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားရမယ်လို့ မြန်မာ လူထုကို သတိပေးတဲ့ သဘောဖြစ်တယ်”ဟု သခင်ချန်ထွန်း ကပြောကြားသည်။
ဇိုမီးအမျိုးသား ကွန်ဂရက် ဥက္ကဌ ဦးကျင့်ရှင်းထန်ကမူ မြန်မာပြည်သူများအနေနှင့် စစ်အစိုးရထံမှ ရသင့်ရထိုက်သော တောင်းဆို မှုများမရရှိပါက မြန်မာပြည်ပြောင်းလဲရေးအတွက် ထိရောက်အကျိုးရှိမည့် နည်းလမ်းများကို ရှာဖွေပြင်ဆင်သင့် ကြောင်း ပြောသည်။
“ရသင့်ရထိုက်တာကို ဖြစ်သင့် ဖြစ်သင့်ဖြစ်ထိုက်တာကို တင်ပြတောင်းဆိုတာ လက်မခံဘူးဆိုရင်တော့ ကျနော်တို့ ဒီအတိုင်းနေလို့ မဖြစ်ဘူး၊ လုပ်သင့် လုပ်ထိုက်တာကို လုပ်ရမယ်လို့၊ အဲဒီလိုပဲ နားလည်ပါတယ်”ဟု ဦးကျင့်ရှင်းထန်က ပြောသည်။
စက်တင်ဘာ အရေးအခင်းနောက်ပိုင်းမှ စတင်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့သည် ၅ ကြိမ်တွေ့ဆုံခဲ့သော်လည်း တိုးတက်မှုမရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ယင်းတွေ့ဆုံမှုသည် စစ်အစိုးရက နိုင်ငံတကာ ဖိအားကို ရှောင်ကွင်းလို၍ဖြစ်ပြီး အစစ်အမှန် ဆွေးနွေးညှိနှိုင်းလိုသော ကြောင့်မဟုတ်ဘဲ ရုပ်ပြသဘောသာ ဖြစ်သည်ဟု လည်း ဦးကျင့်ရှင်းထန်က ပြောသည်။
Monday, February 4, 2008
မြန်မာပြည်သူများ အဆိုးဆုံးကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားရမည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment