Friday, January 11, 2008

ကချင်တမျိုးသားလုံး မျိုးချစ်စိတ်ဓာတ်ဖြင့် စုရုံးရန် KNO က တိုက်တွန်း

မဇ္ဈိမသတင်းဌာန၊ ဇန်န၀ါရီလ ၁၀ ရက် ၂၀၀၈ ခုနှစ်

မျိုးချစ်စိတ်ဓာတ် စုရုံးကာ နိုင်ငံနှင့် လူမျိုးအတွက် ပါဝင်ဆောင်ရွက်ကြရန် ယနေ့ကျရောက်သော နှစ် ၆ဝ ပြည့် ကချင်ပြည်နယ်နေ့တွင် KNO ခေါ် ကချင်အမျိုးသား အစည်းအရုံးက ကချင်အမျိုးသား အားလုံးကို တိုက်တွန်းလိုက်သည်။

သမိုင်းဝင် နေ့ထူးနေ့မြတ်ဖြစ်သည့် ကချင်ပြည်နယ်နေ့တွင် ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ကချင် တိုင်းရင်းသား အနေဖြင့် မျိုးချစ်စိတ်ဓာတ် ပြန်လည်စုရုံးကာ နိုင်ငံနှင့် လူမျိုးအတွက် ပါဝင်ကြပါရန် တိုက်တွန်းလိုက်ကြောင်း ယနေ့ ထုတ်ပြန်လိုက်သော KNO ၏ ကြေညာချက်တွင် ဖော်ပြထားခြင်း ဖြစ်သည်။

လူမျိုးနှင့် ယဉ်ကျေးမှု သမိုင်းကို ပပျောက်စေလိုသော နအဖ စစ်အစိုးရက နည်းလမ်း အမျိုးမျိုးဖြင့် ပျောက်ကွယ်သွားစေရန် လုပ်ဆောင်နေပြီး အာဏာ တည်မြဲရေးအတွက် ကချင်ပြည်နယ်ဟု ခေါ်ဝေါ်သုံးစွဲရမည့်အစား မြောင်းပိုင်းတိုင်းဟူ၍ ခေါ်ဆိုခြင်းသည် သက်သေ အထောက်အထား ဖြစ်သည်ဟု ကြေညာချက်က ဆိုသည်။

KNO (အိန္ဒိယ) က ဦးဆောင် ကျင်းပသည့် နယူးဒေလီမြို့ရှိ ကချင်ပြည်နယ်နေ့ အခမ်းအနားတွင်လည်း ကချင်အမျိုးသားများ၏ ယဉ်ကျေးမှုများကို စစ်အစိုးရ ဖျက်ဆီးနေကြောင်း ကချင်ခေါင်းဆောင်များက ထောက်ပြ ဝေဖန်ခဲ့ကြသည်။

“ကချင်ပြည်နယ်မှာ ကချင်စာပေသင်တဲ့ ကျောင်းတွေ မရှိပါဘူး။ ကချင် စာပေသင်ကျောင်းတွေ မရှိတဲ့အပြင် နွေရာသီမှာ ကလေးတွေကို ကချင်စာပေ သင်ကြားပေးတဲ့အခါမှာ သင်ကြားခွင့် ပါမစ်မရတဲ့အခါ ဘုရားကျောင်းတွေမှာ ခိုးပြီးတော့ သင်ကြားရတဲ့ အဆင့်ထိ ဖြစ်နေပါတယ်။ ကိုယ့်ပြည်နယ်၊ ကိုယ့်ဒေသ၊ ကိုယ့်ဇာတိချက်ကြွေမှာ နေရဲ့သားနဲ့ ကိုယ့်ရဲ့ စာပေကို သူခိုးတယောက်လို သင်ယူနေရတဲ့ အနေအထား ဖြစ်နေပါတယ်” ဟု KNO (အိန္ဒိယ) တာဝန်ခံ လဖိုင်ဇော်လတ်က ပြောကြားသည်။

သို့သော်လည်း ကချင်ပြည်နယ် မြို့တော်ကြီးတွင် တရုတ်စာသင်ကျောင်းများ လွတ်လပ်စွာ တည်ရှိနေခြင်းသည် နအဖ စစ်အစိုးရက ကချင်အမျိုးသားများ အပေါ်မှာ မဟုတ်ဘဲ သူ၏ ဆရာတပါးဖြစ်သော တရုတ်လူမျိုးများကိုသာ ချစ်ကြောင်း ပြသနေခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။

၁၉၄၈ ခုနှစ် ဇန်ဝါရီလ ၄ ရက်နေ့တွင် မြန်မာ့လွတ်လပ်ရေး ထွက်ပေါ်လာချိန်နှင့် တဆက်တည်း ဇန်ဝါရီလ ၁ဝ ရက်နေ့တွင် ‘ကချင်ပြည်နေ့’ အထိမ်းအမှတ် မနောပွဲကို မြစ်ကြီးနားမြို့ စီတာပူ မနောကွင်း၌ ကျင်းပလာခဲ့ရာမှ ကချင်ပြည်နယ်နေ့သည် နှစ်ပေါင်း ၆ဝ တိုင်ခဲ့ပြီ ဖြစ်သည်။

“ဗိုလ်ချုပ်အောင်ဆန်းက ကချင်ပြည်နယ်ကို ရောက်တဲ့အခါ ကချင်ပြည်သူတွေနဲ့ သဘောတူခဲ့တာ ရှိတယ်။ ဗမာ ၁ ကျပ်ဖြစ်ရင် ကချင် ၁ ကျပ် ဖြစ်ရမယ်ဆိုတဲ့ တန်းတူ အခွင့်အရေးကို သဘောတူခဲ့တယ်။ ဒါပေမဲ့ ဒီနေ့ လူမျိုးကြီးဝါဒကို ကျင်းသုံးနေတဲ့ စစ်အစိုးရ နည်းဗျူဟာအားဖြင့် ကချင်ပြည်နယ်တောင် မကပါဘူး၊ လူနည်းစု တိုင်းရင်းသားတွေရဲ့ ဒေသအသီးသီးမှာ သူတို့နဲ့ သက်ဆိုင်တဲ့ ဘာသာစကား၊ စာပေကို မလေ့လာနိုင်ဖို့ရာအတွက် နည်းမျိုးစုံနဲ့ ခြေဖျက်နေပါတယ်။ ဒါဟာ တပြည်ထောင်စနစ် တည်ဆောက်ဖို့ရာအတွက် သူတို့ရဲ့ ခြေလှမ်းပဲဖြစ်ပါတယ်” ဟု လဖိုင်ဇော်လတ်က ပြောသည်။

KNO ကို ကချင်လူထု လွတ်လပ်ရေးနှင့် လူ့အခွင့်အရေး ရရှိရေး၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ကချင်ပြည်နယ် ဒီမိုကရေစီရရှိရေး အစရှိသည့် ရည်ရွယ်များနှင့် ၁၉၉၉ ခုနှစ် ဇန်ဝါရီလ ၉ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

0 comments: