Friday, January 11, 2008

ထောင်တွင်းရှိနိုင်ငံရေးအကျဉ်းသားများ လူ့အခွင့်အရေးချိုးဖောက်ခံနေရ

ခေတ်ပြိုင်-ချမ်းလွန်/ ၁၀ ဇန်န၀ါရီ ၂၀၀၈

နအဖစစ်အစိုးရက အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ရာဇ၀တ် အကျဉ်းသားများနှင့်အတူ ချုပ်နှောင်ထားရှိခြင်းဖြင့် လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီ-ဘီက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်နှင့်စက်တင်ဘာ ဆန္ဒပြမှုလှုပ်ရှားမှုကြောင့် အဖမ်းဆီးခံရသည့် နိုင်ငံရေး အကျဉ်းသား (၂၀၀) ကျော်သည် အင်းစိန်အကျဉ်းထောင်တွင် ချုပ်နှောင်ခံနေရသည်။

ယင်းချုပ်နှောင်ခံနေရသူများအနက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကို သေဒဏ် ပေးခံထား ရသည့် ရာဇ၀တ်အကျဉ်းသားနှင့်အတူ ချုပ်နှောင်ထားကြောင်း အေအေပီပီ-ဘီ၏ အတွင်းရေးမှူး ဦးတိတ်နိုင်ကပြောသည်။

၎င်းက “ကိုကိုကြီးဆိုရင် (၂) တိုက်မှာ သေဒဏ်ပေးခံထားရတဲ့ ရာဇ၀တ်သားနဲ့ အတူထားတယ်။ သူတို့က စရိုက်အရကြမ်းတယ်။ အဲလိုလူမျိုးနဲ့ တွဲထားတဲ့အခါကျတော့ ပြဿနာရှာခိုင်းတာ၊ တမင် ရန်တိုက်ပေးတာပေါ့။ အချင်းချင်းစကားများကြလို့ ဖြစ်တယ်ဆိုရင် သူတို့အနေနဲ့ ထုတ်ပြစရာ တခုဖြစ်တာပေါ့။ သူတို့ရဲ့ နှိပ်စက် ညှဉ်းပန်းမှု တွေက ဒါကြောင့်ပါဆိုပြီး သက်သေပြစရာရှာတာ” ဟုပြောသည်။

ထိုကဲ့သို့ချုပ်နှောင်ခြင်းသည် အဓိကအားဖြင့် နိုင်ငံရေးအကျဉ်းသားများအား စိတ်ဓာတ်အရ ဖိနှိပ် ချိုးနှိမ်ခြင်းဖြစ်ကြောင်း ဦးတိတ်နိုင်က ပြောသည်။

နအဖ စစ်အစိုးအာဏာပိုင်များအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို သာမန်ရာဇ၀တ်သားများ
နှင့် ယင်းသို့ အတူတကွ ချုပ်နှောင်ခြင်းသည် အငြိုးတကြီးဖြင့် နှိပ်စပ်ညှဉ်းပန်းနည်းတခုဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုလည်း ဖြစ်သည်ဟု အေအေပီပီ-ဘီက ပြောသည်။

ဦးတိတ်နိုင်က “နိုင်ငံရေးအကျဉ်းသားတွေက ဒါမျိုးတွေကို တောက်လျှောက်ခံလာရတယ်။ အဲဒါ တွေက လူတယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ တန်ဖိုးကို လေးစားလိုက်နာခြင်းမရှိတဲ့ကိစ္စပါ။ ပြီးတော့ နိုင်ငံတကာရဲ့ စံချိန်စံညွှန်းဖြစ်တဲ့ လူ့အခွင့်အရေးကို ချိုးဖောက်နေတယ်လို့ ပြောလို့ရတယ်။ အဲလို မျိုးတွေက ဘယ်လိုမှ မလုပ်သင့်တဲ့ကိစ္စတွေဖြစ်တယ်။ ဒါက ဗြောင်ကျကျ လူ့အခွင့်အရေး ချိုးဖောက်မှုတခုဖြစ်တယ်” ဟုပြောသည်။

၁၉၉၆ ခု၌ သရက်ထောင်တွင် နအဖအာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သည့် ကိုမြင့်ဆွေအား စိတ်ဖောက်ပြန်နေသည့် ရာဇ၀တ်အကျဉ်းသားတဦးနှင့် တိုက်ပိတ်ချုပ်နှောင် ထားရာ ယင်းအကျဉ်းသား၏ ရိုက်နှက်မှုကြောင့် ကိုမြင့်ဆွေသေဆုံးခဲ့ကြောင်း အေအေပီပီ-ဘီ
က ပြောသည်။

0 comments: