Friday, January 11, 2008

ကချင်ပြည်နယ် ဖျက်ဆီးခံနေရဟု ပြည်ပရောက် ကချင်များ ပြောဆို

ဧရာဝတီ- အေးလဲ့ | ဇန်န၀ါရီ ၁၀၊ ၂၀၀၈

နအဖ စစ်အစိုးရက လူမျိုးကြီးဝါဒကို စွဲကိုင်လျှက် တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာယဉ်ကျေးမှု၊ သမိုင်း သက်သေများကို နည်းလမ်းအမျိုးမျိုးဖြင့် ၀ါးမြိုဖျောက်ဖျက်ရန် လုပ်ဆောင်နေသည် ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသည့် ကချင် ပြည်နယ်နေ့အခမ်းအနားတွင် ပြည်ပရောက်ကချင်ရိုးရာယဉ်ကျေးမှု အရေး လှုပ်ရှားသူ ဦးရဂျောင်ဟောင်းမှ ယနေ့ ပြောကြားသွားသည်။

“ပြည်ပရောက်ကချင်လူမျိုးအသိုင်းအ၀န်းက ပြည်ပမှာ ကချင်ပြည်နယ်နေ့ ကျင်းပရတဲ့ ရည်ရွယ်ချက်က နအဖက အခု ပြည်တွင်းမှာ ကျင်းပနေတဲ့ကချင်မနောပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေကို ဖိတ် ခေါ်ပြီး မနော အက ကခိုင်း တာဟာ ကချင်ပြည်နယ်မှာ တိုင်းရင်းသား အပစ်ခတ်ရပ်စဲရေးအဖွဲ့တွေဟာ နအဖ ရဲ့ လက်အောက်မှာ ပျော်ရွှင်ငြိမ်းချမ်းစွာနဲ့ ကခုန်နေကြတယ်ဆိုတဲ့ နိုင်ငံရေး အရအမြတ်အစွန်းယူတဲ့ အခြေ အနေကြောင့်ဖြစ်တယ်” ဟု ကချင်အမျိုးသားများ အစည်းအရုံး (ကေအန်အို) ပြောခွင့်ရပုဂ္ဂိုလ် ဦးမာတူး က ဧရာဝတီကိုပြောသည်။

ပြည်တွင်း၌ ကျင်းပသော မနောပွဲတွင် ကချင်ပြည်နယ် သမိုင်းကြောင်းကိုပင် စာတမ်းဖတ်ခွင့်မရဟု လည်း ၎င်းက ပြောသည်။

ကချင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေးပြုလုပ်ခြင်းသည် ငြိမ်းချမ်းရေးအတွက်မဟုတ်ဘဲ ကချင်လူမျိုးများ၏ သဘာဝသယံဇာတများကို နအဖနှင့်တရုတ် ပူးပေါင်းပြီး အကျိုးစီးပွားအတွက် စည်းကမ်း ဥပဒေ မထားဘဲ ထင်သလို ထုတ်လုပ်ရာ ကချင်လူမျိုးများ၏ လူနေမှုဘ၀များ ထိခိုက်နစ်နာခဲ့သည့် မှတ်တမ်း ဓာတ်ပုံများကိုလည်း အခမ်းအနား တွင်ပြသခဲ့သည်။

၁၉၉၇ မှ ၂၀၀၇ ခုနှစ် အထိ လူငယ်ပိုင်း ဆယ်ကျော်သက်ကနေ အသက်၄၀ အထိ ကချင်လူမျိုး တသိန်းကျော် HIV နှင့် မူးယစ်ဆေးဝါသုံးစွဲမှုကြောင့် သေဆုံးခဲ့ရကြောင်း ကေအန်အိုအဖွဲ့က သုတေသန ပြုခဲ့သည်ဟု အခမ်းအနားတွင် ဦးမာတူးကပြောသည်။

“ပြည်တွင်းစစ်ဖြစ်ပွားတုန်းက ဒီလောက် အသေအပျောက်မများခဲ့ဘူး၊ ငြိမ်းချမ်းရေး ရပြီးမှ ဖြစ်ရတာကို ကြည့်ခြင်းဖြင့် နအဖရဲ့လူမျိုးရေး ပြုန်းတီးရေးဝါဒအရ ဖြစ်တယ် လို့ယူဆတယ်” ဟုလည်း ဦးမာတူးက ဆိုသည်။

အဆိုပါ အခမ်းအနားတွင် ကချင်လူငယ်တဦးဖြစ်သည့် မာခေါန်က ကိုယ်တိုင်ရေးစပ်ထားသည့် ကချင်လူမျိုးများ၏ မျိုးဆက်သစ်လူငယ်များ၏ ဘ၀များသည်လည်း မှုယစ်ဆေးဝါးသုံးစွဲချင်တိုင်း သုံးစွဲနိုင်ခွင့် ရနေသည့် အတွက်ကြောင့် ယင်းလူငယ်များ၏ ရှေ့ ဆက်ရမည့် အနာဂတ်မှာ အလွန်ကို စိုးရိမ်ဖွယ်ရာ ကောင်းကြောင်း သီချင်းတပုဒ်ကို ကချင်ဘာသာဖြင့် သီဆိုဖျော်ဖြေ ခဲ့သည်။

ကချင်ပြည်နယ်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း တွင် ဒူးဝါး ဘော်ဇော်ရစ် ရေးသားသော ကချင်ပြည်နှင့် ကျွှန်ုပ် စာအုပ်မှ ကောက်နုတ်ထားသည့် ကချင်ပြည်နယ်ကို ပင်လုံစာချုပ် အပိုဒ်နံပတ် (၆) တွင် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ကချင်ပြည် ဟု ခေါ်ဆိုပြီး ကချင်ပြည်၏ နယ်နိမိတ်သတ်မှတ်ရေး အကြောင်းအရာများကို တိုင်းဒေသများဆိုင်ရာ ညီလာခံ Constituent Assembly တွင်တင်ပြအတည်ပြုချက် ယူ ရန် ဟူသောအချက်များပါဝင်သည်ဟု ယင်းအခမ်းအနားတွင် ဖတ်ကြားခဲ့သည်။

ဦးမာတူးက နအဖ၏ လက်ရှိ မြန်မာနိုင်ငံကို ခေါ်ဆိုပုံနှင့်ပတ်သက်ပြီး “အခုနောက်ပိုင်းဆိုရင် နအဖ အနေနဲ့ ကချင်ပြည်နယ် လို့တောင်မခေါ်တော့ဘူး၊ မြောက်ပိုင်းတိုင်းလို့ခေါ်ခြင်းဟာ ကျနော်တို့ ကချင်လူမျိုးတွေ ရဲ့ နယ်မြေဆိုတာကို အသိအမှတ် မပြုစေချင်တဲ့သဘောဘဲ” ဟု ဆိုသည်။

“နအဖအနေနဲ့ တိုင်းရင်းသားအရေးကို ဦးထိပ်ထားမယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ အရေးတန်းတူ ပေးသင့် ပါတယ်။ မြန်မာပြည် ဒီမိုကရေစီရဖို့ အရေးကြီးသလို တိုင်းရင်းသားအရေးဟာလည်း တန်းတူညီမျှဖို့  လိုအပ် ပါတယ်”ဟုလည်း ဦးမာတူးက ဆက်လက်ပြောဆိုသည်။
၁၉၄၈ ခု ဇန်နဝါရီ ၄ ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး ဇန်နဝါရီ ၁၀ ရက်နေ့ကို ကချင်ပြည်နယ်နေ့ အဖြစ် သတ်မှတ်ကာ ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲကို မြစ်ကြီးနားမြို့ စီတာပူ မနောကွင်း၌ ကျင်းပလာခဲ့ရာ ယနေ့တွင် နှစ်ပေါင်း ၆၀ ပြည့်ခဲ့ပြီဖြစ်သည်။

0 comments: