Wednesday, January 23, 2008

မြန်မာနိုင်ငံအား ပိုမိုဖိအားပေးရန်လိုအပ်ကြောင်း အမေရိကန်ပြော

AP / ခေတ်ပြိုင်၊ ၂၂ ဇန်န၀ါရီ ၂၀၀၈

မြန်မာနိုင်ငံအပေါ် ဖိအားများ ပိုမိုပေးရန် နိုင်ငံတကာ အသိုင်းအ၀န်းအား အမေရိကန်လက် ထောက်နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်သည်။

မြန်မာစစ်အစိုးရအနေဖြင့် ဒီမိုကရေစီထောက်ခံသည့် အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးရေး အတွက် တိုးတက်သည့် လုပ်ဆောင်မှု မရှိကြောင်း အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာဆီက ပြောကြားသည်။

ပြီးခဲ့သည့်သီတင်းပတ်၌ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၎င်းတို့၏ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟမ် ဂမ်ဘာရီအား မြန်မာနိုင်ငံသို့ ပြန်လည်သွားရောက်သင့်ကြောင်း ပြောကြားခဲ့ပြီး အမျိုး သားပြန်လည် သင့်မြတ်ရေးအတွက် လုပ်ဆောင်ရန် မြန်မာနိုင်ငံအား တောင်းဆိုခဲ့သည်။

မစ္စတာ ဂမ်ဘာရီအနေဖြင့် မြန်မာနိုင်ငံသို့ ယခုလနှောင်းပိုင်းတွင် သွားရောက်လိုသော်လည်း မြန်မာစစ်အစိုးရထံမှ ဧပြီလမှသာ လာရောက်ရန် တောင်းဆိုသည့်စာကို လက်ခံရရှိခဲ့သည်။

ယင်းကာလထက်စော၍ မြန်မာနိုင်ငံသို့ မစ္စတာဂမ်ဘာရီ သွားရောက်နိုင်ရေး တွန်းအားပေးရန် အတွက် တရုတ်နိုင်ငံအား အမေရိကန်နိုင်ငံက တောင်းဆိုထားကြောင်း မစ္စတာ စကော့မာဆီက ဟနွိုင်းတွင် သတင်းထောက်များအား ပြောကြားသည်။ ပြီးခဲ့သည့် နိုဝင်ဘာ၌ မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံ သွားရောက်ခဲ့စဉ်ကလည်း တရုတ်က အကူအညီပေးခဲ့ကြောင်း ၎င်းက ပြောသည်။

“မြန်မာစစ်အစိုးရဟာ အပြုသဘောဆောင်တဲ့ လုပ်ငန်းစဉ်တွေကို ငြင်းဆန်နေရုံသာမကဘဲ မြန်မာပြည်သူ လူထုကိုရော၊ နိုင်ငံတကာအသိုင်းအ၀န်းကိုပါ ဘာတုံ့ပြန်မှုမှမရှိဘူး။ မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်အစိုးရရဲ့ မူဝါဒတွေဟာ အဘက်ဘက်က ဆုတ်ယုတ်ကျဆင်းနေတယ်” ဟု မစ္စတာ စကော့မာဆီက ပြောသည်။

မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန်နှင့် လူ့အခွင့်အရေးကိစ္စများအား တိုးမြှင့် လုပ်ဆောင်ရန်အတွက်လည်း လုံခြုံရေးကောင်စီက ပြီးခဲ့သည့် အောက်တိုဘာတွင် တောင်းဆို ထားသည်။

တရုတ်နိုင်ငံကဲ့သို့ မြန်မာနိုင်ငံ၏ အိမ်နီးချင်း မဟာမိတ်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှု ရပ်ဆိုင်းရေးအတွက် မကြာမီက သဘောတူခဲ့ကြောင်း မစ္စတာ စကော့မာဆီက ပြောသည်။

အမေရိကန်က မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများဖြစ်သည့် မြန်မာနိုင်ငံမှ သွင်းကုန်များအား တားဆီးပိတ်ပင်ခြင်းအပါအ၀င် စစ်အစိုးရခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုများအား ထိန်းချုပ်ကန့်သတ်ထားသည်။

ထိုသို့် ပိုင်ဆိုင်မှုများ ထိန်းချုပ်ကန့်သတ်မည့် စစ်အစိုးရခေါင်းဆောင်များနှင့် မိသားစုဝင်များ၏ စာရင်းကိုလည်း တိုးချဲ့ရန် အစီအစဉ်များ ရှိသည်ဟု သိရသည်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး စကော့မာဆီသည် ဂျပန်၊ ကမ္ဘောဒီးယား၊ ဗီယက် နမ်၊ ထိုင်းနှင့် လာအိုနိုင်ငံတို့သို့ ခရီးလှည့်လည်နေပြီး ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား နေအိမ်အကျယ်ချုပ်မှ ပြန်လွှတ်ပေးရေးနှင့် အတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် မြန်မာစစ်အစိုးရအား ဖိအားဆက်လက်ပေးရန် တိုက်တွန်းနေ
သည်။ ။

1 comments:

Unknown said...

ဟုတ်ကဲ့..။ ပိတ်ဆို့အရေးယူမှုလောက်နဲ့တော့ ဖက်ဆစ်တွေအတွက် မလုံလောက်ပါဘူး..။ သိတဲ့အတိုင်း သူတို့ကိုယ်တိုင် အကြမ်းဖက်လုပ်ရပ်တွေလုပ်..။ သူတို့ကိုယ်တိုင် တရားခံရှာ..၊ ဟိုလူ လုပ်သယောင်..၊ ဒီအဖွဲ့လုပ်သယောင် ပြော..။ တရားခံလဲ မမိ..။ ဘယ်မိပါ့မလဲ န၊ အ၊ ဖ-ဖက်ဆစ်တွေကိုယ်တိုင် ကျူးလွန်နေတာကိုး..။ ဒီတော့ လက်နက်နဲ့ မတိုက်ပဲ ဘယ်နည်းမှ မရနိုင်ပါဘူး..။
နီသွေး