ခေတ်ပြိုင်-ပီတာအောင်/ ၃၀ ဇန်န၀ါရီ ၂၀၀၈
အချိန်သတ်မှတ်ချက်မပါသည့်အတွက် နအဖနှင့် တွေ့ဆုံဆွေးနွေးမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က အားရကျေနပ်မှုမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောသည်။
နေအိမ်အကျယ်ချုပ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ခေါင်းဆောင်များ ယနေ့ မွန်းလွဲပိုင်းတွင် အစိုးရဧည့်ဂေဟာ၌ တွေ့ဆုံခဲ့ရာတွင် ပြောကြားခြင်းဖြစ်ကြောင်း အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။
၎င်းက “အဓိကမက်ဆေ့ခ်ျကတော့ အချိန်ဇယားမပါတာကို သဘောမကျဘူး။ အချိန်ဇယားမပါတဲ့ အတွက် အချိန်တွေဆွဲနေရင် တိုင်းပြည်နစ်နာမယ်ဆိုတာပြောပါတယ်။ တိုင်းရင်းသားတွေမပါဘဲနဲ့ မြန်မာနိုင်ငံအရေးကို ပြီးပြတ်အောင်မဆောင်ရွက်နိုင်ဘူး၊ အဲ့တော့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ လိုအပ် တယ်၊ နောက်ရုပ်မက် (၇) ချက်နဲ့ပတ်သက်ရင် သက်ဆိုင်သူတွေအားလုံး ပါဝင်ခွင့်ရှိသင့်တယ် ဆိုတာကို ပြောပြပါတယ်။ အကောင်းဆုံးမျှော်လင့်ထားသလို အဆိုးဆုံးကိုခံနိုင်ရည်ရှိဖို့ ပြင်ဆင် ထားရမယ်ဆိုတာ ပြောပါတယ်။ လွဲမှားတဲ့မျှော်လင့်ချက်တွေ သူဘယ်တော့မှ ပြည်သူလူထုကို မပေးဘူး၊ အမြဲတမ်းပြည်သူလူထုအပေါ်မှာ သစ္စာရှိမယ့်အကြောင်း ပြောပါတယ်” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က အန်အယ်လ်ဒီအဖွဲ့ဝင်များအား သူအနေဖြင့် ဘယ်တော့မှမမေ့ကြောင်း၊ အနစ်နာခံဆောင်ရွက်မှုများကို တန်ဖိုးထားသည့်အကြောင်းလည်း ပြောကြားခဲ့သည်ဟု ဦးဥာဏ်ဝင်းက ပြောသည်။
ယနေ့ တွေ့ဆုံပွဲတွင် ဦးဥာဏ်ဝင်းအပါအ၀င် အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးလွန်းတင်၊ ဦးသန်းထွန်း၊ ဦးညွှန့်ဝေ၊ ဦးလှဖေနှင့် ဦးစိုးမြင့်တို့ ပါဝင်သည်။
ယခုတွေ့ဆုံမှုသည် ၂၀၀၃ ခု မေလ ဒီပဲယင်းလုပ်ကြံမှုကြီးပေါ်ပေါက်ပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီ ခေါင်းဆောင်များအကြား ဒုတိယအကြိမ် တွေ့ဆုံနိုင်ခြင်းဖြစ်သည်။
ပထမအကြိမ်အဖြစ် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာအီဘရာဟင် ဂမ်ဘာရီ မြန်မာနိုင်ငံလာရောက်ခဲ့သည့် ပြီးခဲ့သည့် နိုဝင်ဘာ (၉) ရက်တွင် တွေ့ဆုံခွင့်ရရှိခဲ့သည်။
ယင်းတွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ခေါင်းဆောင်များအနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်လိုသည့် ဆန္ဒရှိမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
Thursday, January 31, 2008
တွေ့ဆုံဆွေးနွေးမှုအပေါ် ကျေနပ်အားရမှုမရှိဟု ဒေါ်အောင်ဆန်းစုကြည်က အန်အယ်လ်ဒီခေါင်းဆောင်များကို ပြောကြား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment