NEJ/ ၃၁ ဇန်နဝါရီ ၂၀၀၈
နအဖအနေဖြင့် အပြုတ်တိုက်ရေးလမ်းစဉ်ကို အမြန်ဆုံးရပ်ဆိုင်းကာ တိုင်းရင်းသား လူမျိုးစုများအပေါ် စစ်ဆင် သတ်ဖြတ်နေမှုများအား ရပ်တန့်ရန် ယနေ့ကျရောက်သည့် (၅၉)နှစ်မြောက် ကရင် တော်လှန်ရေးနေ့တွင် ကေအန်ယူက တောင်းဆိုလိုက်သည်။
တော်လှန်ရေးနေ့မိန့်ခွန်းတွင် ကေအန်ယူအထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာက "နအဖအနေနဲ့ လူသတ်ဝါဒနဲ့ အပြုတ်တိုက်ရေးဝါဒကို အမြန်ဆုံးရပ်ဆိုင်းဖို့ တောင်းဆိုတယ်။ နိုင်ငံရေး အကျဉ်း သားတွေ အမြန်ဆုံးလွှတ်ဖို့၊ တိုင်းရင်းသားလူမျိုးစုတွေအပေါ် စစ်ဆင်သတ်ဖြတ်နေတာတွေ ရပ် ဆိုင်းပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ ဘက်သုံးဘက် တွေ့ဆုံဆွေးနွေးရေးကို အမြန်ဆုံးဖော်ဆောင်ဖို့ အလေးအနက်တောင်းဆိုတယ်" ဟု ပြောကြားသည်။
မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ နိုင်ငံတကာက ဝိုင်းဝန်းကူညီဖြေရှင်းပေးကြရန် တောင်းဆိုပြီး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မှူးတပ်သားများနှင့် ကရင်တမျိုးသားလုံးအနေဖြင့် နိုင်ငံရေးအရ နိုးကြားမှုရှိကြရန်အတွက်လည်း ၎င်းကတိုက်တွန်းသည်။
(၅၉) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အခမ်းအနားအား ယနေ့နံနက်၌ ကေအန်ယူတပ်မဟာ (၇) ဌာနချုပ် စစ်ရေးပြကွင်းတွင် ကျင်းပရာ ကေအန်အယ်လ်အေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးခဲ့ပြီး တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ၊ မြန်မာ့နိုင်ငံရေးအဖွဲ့အစည်းများ၊ အခြားမဟာမိတ်များအပါအဝင် ပရိသတ် (၃,ဝဝဝ) ခန့် တက်ရောက်ကြသည်။
ဂျပန်နိုင်ငံမှ အခမ်းအနားတက်ရောက်လာသူ စောသောမတ်က "ကရင်တွေကြားမှာ စိတ်ဝမ်း ကွဲစရာတွေ ဘယ်လိုပဲရှိရှိ အားလုံးညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်ကြမယ်ဆိုရင် ကရင့်တော်လှန် ရေး မုချအောင်မြင်မယ်ဆိုတာ ယုံကြည်တယ်" ဟု ပြောသည်။
အခမ်းအနားတွင် တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ်ဂျော်နီအား ကေအန်အယ်လ်အေ တပ်မတော်မှ ချီးမြှင့်သည့်သူရဘွဲ့ကို စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက အပ်နှင်းသည်။
မယ်လဒုက္ခသည်စခန်းမှ နော်ကညောဖောက "အခုလို ကိုယ့်မြေကိုယ့်ရေထဲ ပြန်ရောက်တော့ စိတ်ထဲမှာ တကယ်ကို ပြောမတတ်အောင် လွတ်လွတ်လပ်လပ်နဲ့ ကြည်နူးမှုကို ခံစားမိတယ်။ အမြဲတမ်း ကိုယ့်တိုင်းကိုယ့်ပြည်မှာ အေးအေးချမ်းချမ်း လွတ်လွတ်လပ်လပ်သာ နေရမယ်ဆိုရင် ကျမတို့ ဘယ်တိုင်းပြည်မှ သွားစရာအကြောင်းမရှိဘူး" ဟု ပြောသည်။
ကေအန်ယူသည် ၁၉၄၉ ခု ဇန်နဝါရီ (၃၁) ရက်မှစတင်ကာ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်နေသည့် မြန်မာပြည်တွင် သက်တမ်းအရှည်ဆုံး တော်လှန် ရေးအဖွဲ့ဖြစ်သည်။ ။
Friday, February 1, 2008
ဘက်သုံးဘက် တွေ့ဆုံဆွေးနွေးရေး အကောင်အထည်ဖော်ရန် ကရင်တော်လှန်ရေးနေ့တွင် ကေအန်ယူတောင်းဆို
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment