Tuesday, January 29, 2008

ပြန်စာ

မူးသာ (ဆေး)

အတူတူတသားတည်းမကျရင်
မိတ်ဆွေများနဲ့လွဲချော်ရတတ်တယ်။

“ဖောက်ပြန်တာ
အညံ့ခံတာ
ဒူးထောက်အရှုံးပေးတာ
ဒါ … လုံးဝမဖြစ်သင့်ဘူး
လူဆိုတာ …
ကိုယ်နဲ့တန်ရာတန်ရာ” …။

အပွန်းအပဲ့ခံလို့မရတဲ့ဂုဏ်သိက္ခာ
တို့တယောက်တည်းအတွက်တော့မဟုတ်ပါ။

“လုံးဝခံစားလို့မရဘူး” …
ကျောချင်းကပ်သူများ
သူစိမ်းတရံဆန်ဆန်အကြည့်တွေနဲ့
ချစ်ချင်းတရားများ
အရောင်ပြောင်းသွားပုံရယ် … ။

မိတ်ဆွေ …
ကျေးဇူးပြု၍
မဲ့ပြုံးမပြုံးပါနှင့်
ငါ့နှလုံးသားခုန်သံ
သင်ပဲအသိဆုံးဖြစ်ပါတယ်။

ငါ့ခန္ဓာကိုယ်ထဲက
ထူးခြားတဲ့ရနံ့တမျိုးရခဲ့ရင်
ရေနစ်သူအချင်းချင်း
ကောက်ရိုးတမျှင်လှမ်းဆွဲခွင့်
သင်တို့ငါ့ကိုမပေးပါနှင့်။

တကယ်တော့ငါဟာ
အပျံသင်စငှက်တကောင်သာဖြစ်ပါတယ်
လမ်းတွေကဘယ်အထိရှည်ဦးမလဲ
ကြိုပြီးမမှန်းနိုင် … ။

တခုတော့ပြောနိုင်ရဲ့
မရင့်ကျက်သောတောင်ပံတစုံကိုဖြန့်
တကိုယ်တည်းခရီးဆက်ရင်
လက်အတည့်ဆုံးသူရဲ့လောက်စာလုံး
ငါ့ခေါင်းမှာသွေးချင်းချင်းရဲစေ။ ။

0 comments: