NEJ/ ၃ ဒီဇင်ဘာ ၂၀၀၇
ဒီမိုကရေစီတိုက်ပွဲအတွက် ကျယ်ပြန့်သည့်တပ်ပေါင်းစုကြီး တရပ် ဖွဲ့စည်းလုပ်ဆောင်ရန် နိုင်ငံရေးအင်အားစုများနှင့် လူမျိုးစုခေါင်းဆောင်များအား ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောက ယနေ့ကျရောက်သည့် ၎င်း၏ (၈၈) နှစ်မြောက်မွေးနေ့၌ တိုက်တွန်းသည်။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက “တိုင်းပြည်နဲ့ပြည်သူတွေ ကို ချစ်တယ်ဆိုရင် အတိတ်တွေအားလုံး၊ အမြင်မတူတာ တွေအားလုံး ဘေးဖယ်ပြီး အလွန်ကြီးမားကျယ်ပြန့်တဲ့ တပ်ပေါင်းစုကြီးတရပ် ပေါ်လာအောင် ကြိုးစားကြပါ။ အခုအချိန်ဟာ ဒီမိုကရေစီလှုပ်ရှားမှုအတွက် နိုင်ငံတကာက ထောက်ခံမှုကို မရစဖူး အကြီးအကျယ်ရနေချိန်၊ ပြည်သူတွေရဲ့ နိုင်ငံရေးစိတ်ဓာတ်အရှိန်မြင့်နေချိန်၊ ဒီအခွင့်ကောင်းကိုဆုပ်ကိုင်ပြီး သဘောထားကြီးကြီးထားပြီး စည်းလုံးညီညွတ်ရေးရအောင် ကြိုးစား ကြပါ” ဟု မွေးနေ့အမှတ်တရ ဖြန့်ဝေသည့်စာ၌ ပြောကြားထားသည်။
ပြီးခဲ့သည့် စက်တင်ဘာအရေးအခင်းအတွင်း သံဃာတော်များအား စစ်တပ်၏ ရိုက်နှက်သတ်ဖြတ်မှု များနှင့် ခေတ်အဆက်ဆက် တပ်မတော်က လူထုကို သွေးချောင်းစီးသတ်ဖြတ် အနိုင်ကျင့်မှုများကို ပြစ်တင်ရှုတ်ချလိုက်ပြီး အကြမ်းဖက်ဖြေရှင်းသည့်နည်းကို စွန့်လွှတ်၍ တွေ့ဆုံဆွေးနွေး အဖြေရှာ သည့် နည်းလမ်းဖြင့် လုပ်ဆောင်ရန် မြန်မာစစ်ခေါင်းဆောင်များနှင့် စစ်သည်အားလုံးကို ၎င်းက တောင်းဆိုသည်။
ဒီမိုကရေစီနှင့်လွတ်မြောက်ရေးအတွက် ပြည်သူလူထု၏ စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်မှုကို ထောက်ခံကြောင်းနှင့် အားမလျှော့ဘဲဆက်လက်ကြိုးစားသွားရန်လည်း ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက လူထုကို အားပေးစကားပြောကြားသည်။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ဗမာ့တပ်မတော်ကို စတင်တည် ထောင်စဉ်ကပါဝင်ခဲ့သည့် ရဲဘော်သုံးကျိပ်ဝင်တဦးဖြစ်သည်။ လွတ်လပ်ရေးတိုက်ပွဲ၊ ဖက်ဆစ်တော် လှန်ရေးတိုက်ပွဲများ၌ ပါဝင်ဆင်နွှဲခဲ့ပြီး လွတ်လပ်ရေးရအပြီး ပြည်တွင်းစစ်နှင့် တရုတ်ဖြူကျူးကျော် စစ်ပွဲများအတွင်း တပ်မတော်ခေါင်းဆောင်တဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
၁၉၅၇ ခုတွင် ဖဆပလအစိုးရက ဗိုလ်မှူးချုပ်ကျော်ဇောကို တပ်မတော်မှအငြိမ်းစားပေးခဲ့သဖြင့် တပ်မတော်မှ အနားယူခဲ့ပြီး လက်ရှိအချိန်၌ တရုတ်နိုင်ငံ ကူမင်းမြို့၌ နေထိုင်လျက်ရှိသည်။
ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် CDM ကထိက ဌာနမှူး ဆရာမ
#ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
-
Mobile Medical Team-West Division တာဝန်ခံ
CDM ကထိက ဌာနမှူး ဆရာမ #ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
#တမူး မြို့နယ်၊ #ခမ်းပတ် မြို့အနီးရှိ #ကနန်...
10 months ago
0 comments:
Post a Comment