NEJ/ ၂၁ ဒီဇင်ဘာ ၂၀၀၇
သီရိမင်္ဂလာဈေးကြီး အပေါ်ထပ်တွင်ကျင်းပသည့် တရားပွဲ ယခုလပိုင်းအတွင်း ရန်ကုန်မြို့ပတ်ဝန်းကျင်တွင် စစ်အစိုးရ၏လုပ်ရပ်များကို ဓမ္မအားဖြင့်ဝေဖန် ဟောကြားသောတရားပွဲများ ခြိမ့်ခြိမ့်သဲကျင်းပ နေကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။
ဒီဇင်ဘာ (၁၇) ည၌ ရန်ကုန်မြို့အင်းစိန်ရွာမတွင် ကျင်းပသည့် သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ၏တရားပွဲသို့ သွားရောက်နာ ယူခဲ့သူတဦးက “တရားပွဲကဘောလုံးကွင်းထဲမှာ လုပ်တာ။ လူပရိသတ် အတော့်ကိုများတယ်။ စုစုပေါင်း သုံးလေးသောင်းလောက် ရှိမယ်။ ကွင်းအပြည့်ပဲ။ ဆရာတော်က တရားဟောစင်မြင့်က ဟောတယ်ဆိုပေမယ့် ပရိသတ်ကများလွန်းတော မမြင်ရတဲ့သူတွေလည်း အများကြီးရှိတယ်၊ အဲဒီအတွက် ဆလိုက်ပရိုဂျက်တာကြီး နှစ်ခုနဲ့လည်း ထိုးပြထားသေးတယ်” ဟု ပြောသည်။
အဆိုပါညတရားပွဲတွင် ဆရာတော်က ညီဖြစ်သူရဟန်းတပါးကို အစ်ကိုဖြစ်သူရဟန်းက ကျောင်းမှ နှင်ချသည်ကို အကြောင်းပြုသည့် မြတ်စွာဘုရားဟောကြားခဲ့သည့်တရားတော်ကို ဟောကြား ကြောင်း၊ ထို့နောက် ကျောင်းကနှင်ချရအောင် သာသနာတော်သည် အဆိုပါရဟန်း၏ သာသနာ တော်လော၊ ဘုရားသာသနာတော်လောဟူသည့် မေးခွန်းထုတ်ကာ အာဏာပိုင်များနှင့် သံဃာ တော်အချို့က လက်ရှိရဟန်းသံဃာတော်များကို ၎င်းတို့နေထိုင် သီတင်းသုံးရာကျောင်းများမှ နှင် ချနေသည့်ကိစ္စသည် ဘုရားဟောတရားတော်နှင့်မညီညွတ်ကြောင်း ထောက်ပြဟောကြားသည်ဟု သိရသည်။
ဒီဇင်ဘာ (၁၉) ၌လည်း ရန်ကုန်မြို့ သီရိမင်္ဂလာဈေးကြီး အပေါ်ထပ်တွင်ကျင်းပသည့် ဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ၏တရားပွဲတွင် တရားနာပရိသတ်များ ပြည့်ကျပ်နေသည့်အတွက် အရန်မီးသတ်၊ မီးသတ်၊ ရဲနှင့် ဆက်သွယ်ရေးစကားပြောစက်များ ကိုင်ထားသည့် အရပ်ဝတ် လုံခြုံရေးတပ်ဖွဲ့ဝင် အများအပြားချထားသည်ကိုတွေ့ရကြောင်း သွားရောက်နာယူခဲ့သူတဦးက ပြောသည်။
၎င်းက “ဆရာတော်ရဲ့ သီတဂူ ဗီဒီယိုရိုက်ကူးရေးအဖွဲ့က တရားပွဲကို မှတ်တမ်းတင်သလို စစ်အစိုးရဘက်ကလို့ယူဆရတဲ့ ဗီဒီယိုသမားတွေကလည်း တရားနာပရိသတ်တွေကို လိုက်မှတ်တမ်းတင်ရိုက်နေတာ တွေ့ရတယ်။ တရားပွဲကတော့ စည်စည်ကားကား အေးအေးချမ်းချမ်းနဲ့ပြီးသွားတယ်။ ဆရာတော်ဆောက်လုပ်နေတဲ့ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် စာသင်ဆောင်အတွက် ငွေလှူဒါန်းကြသူတွေကလည်း အများကြီးပဲ” ဟု ပြောသည်။
အဆိုပါ တရားပွဲတွင် ဆရာတော်က နိဗ္ဗာန်ရောက်ကြောင်း တရားကို ကျင့်ကြံနေသည့် အရှင် သာရိပုတ္တရာ၏ညီမတော်တဦးကို မာရ်နတ်က လာရောက်ဖြားယောင်းသွေးဆောင်သည့် အကြောင်းကို ဟောကြားကာ လက်ရှိ အခြေအနေတွင် ရဟန်းသံဃာတော်များအနေနှင့် အာဏာပိုင်များ၏ ဖြားယောင်းသွေးဆောင်မှုကို နားမယောင်ကြရန် သွယ်ဝိုက်ဟောကြား
သွားခဲ့ကြောင်း သိရသည်။
လာမည့် ရက်များတွင်လည်း လသာမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် အခြားမြို့နယ်တို့တွင် တရားပွဲများကျင်းပရန် ကြေညာထားကြောင်း၊ ပြည်သူများကလည်း ဆရာတော်များ၏ တရား ပြဟောကြားချက်များကို စိတ်ဝင်တစား လာရောက် နာယူကြကြောင်း မြို့ခံများက ပြောသည်။
တရားပြဟောကြားနေသည့် ဆရာတော်များမှာ လူမိုက်တို့ရဲ့ သွားရာလမ်း၊ ဧကရာဇ်မင်းကြီးရဲ့ဘ၀နိဂုံး စသည့် တရားများဟောကြားခဲ့သည့် သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ၊ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ တရားတော်ကို ဟောကြားခဲ့သည့် ဒေါက်တာ အရှင်ကောဝိဒနှင့် ဆယ်မိုင်ကုန်းဆရာတော် အရှင်ဇောတိကတို့ဖြစ်ကြောင်း သိရသည်။
Sunday, December 23, 2007
ရန်ကုန်တွင် တရားပွဲများ ခြိမ့်ခြိမ့်သဲကျင်းပ
Subscribe to:
Post Comments (Atom)
1 comments:
Sayadaw has started a Dahma battle campaign to military regime according to the Buddha's Dahma ways within his respect.
Meaning that he is already infront of battle field for democracy.
Aung A.M.A
Post a Comment